Thursday, November 27, 2008

[Nine Nine SaNay] 2 New Entries: ဖိနပ်အကြွား ပို့စ်

ဖိနပ်အကြွား ပို့စ်


မိန်းကလေး အများစုက ရှော့ပင်းထွက်ကြိုက်ကြသလို၊ ပစ္စည်းတစ်ခုကို လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ကြိုက်ပြီဆိုရင် ဝယ်တတ်ကြတယ်။ အဲဒီထဲမှာ ကျွန်မလည်း အပါအဝင်ပါပဲ။ ကျွန်မက ရှော့ပင်းသိပ်မထွက်ပေမယ့် (ပိုက်ဆံမရှိလို့) ကြိုက်ပြီဆိုရင် ဝယ်ကိုဝယ်ပစ်လိုက်ရမှာ စားဝင်၊ အိပ်ပျော်တတ်တယ်။ အခုလည်း လိုအပ်မှန်းသိပေမယ့် လိုအပ်တာထက် ပိုများတဲ့ ဖိနပ်တွေကို ဝယ်ဖြစ်ခဲ့တယ်။ ကျွန်မခြေထောက်က ဆိုက်ကြီးတဲ့အတွက် မြန်မာပြည်မှာ ဖိနပ်ဝယ်ရ သိပ်အဆင်မပြေဘူး။ အရင်တုန်းကဆို ပုံလွန်တွေပဲ မှာစီးရတယ်။ ဒါကြောင့် ကျွန်မနဲ့အစီးတော်တဲ့ ဖိနပ်ကို တစ်ခြားအသုံးအဆောင်ထက် ပိုဝယ်ဖြစ်ခဲ့တယ်။

စင်ဒရဲလားက ဖိနပ်တစ်ဖက်ကြောင့် အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော်ဖြစ်ခဲ့ရတယ်။ ဟိုတစ်လောတုန်းကလည်း ဖိနပ်အရှုပ်တော်ပုံကြောင့် ဘလော့တစ်ခု ဟစ် တော်တော်တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်မလည်း ရိုက်ထားသမျှ ဖိနပ်ပုံနဲ့ ရှိသမျှ ဖိနပ်တွေ ထုတ်ကြွားလိုက်ပါတယ်။ အကြွားလွန်သွားရင် သည်းခံပေးပါလို့...း) အဲ... ဒီဖိနပ်ပုံတွေကိုတော့ ကော်ပီမကူးနဲ့နော်.. ဘာဖြစ်လို့လဲဆိုတော့.........

ဒီပုံထဲမှာ အပေါ်ဆုံးက All star တံဆိပ် ဖိနပ်ကလွဲရင် ကျန်၂ရံက တစ်ရံကို စတာလင်ပေါင် ၃ ပေါင်ပဲ ပေးရပါတယ်။ (တစ်ပေါင်ကို မြန်မာငွေ ၂ထောင်ကျော်နဲ့ ညီမျှပါတယ်)

ဒီပုံထဲက ဖိနပ်တွေအားလုံး တစ်ရံကို စတာလင်ပေါင် ၄ ပေါင်ပဲ ပေးရပါတယ်။ ဈေးချတာနဲ့ ကြုံရင် တစ်ရံကို ၂ ပေါင်ပဲကျတယ်။ (၄ပေါင်ဆိုရင် မက်ဒေါ်နယ် ဟမ်ဘာဂါ meal တစ်ခု ဝယ်စားလို့ မရသေးပါဘူး။ တရုတ်စာဖြစ်ဖြစ်၊ ဂျပန်စာဖြစ်ဖြစ် ဟင်းနဲ့ထမင်းရောရာ တစ်ခုတော့ စားရပါတယ်)

ကော်ပီမကူးနဲ့လို့ ပြောရတာ ဖိနပ်တွေက အပေါစားမို့လို့ပါး) ကင်မရာဓာတ်ခဲကုန်သွားလို့ ဒီလောက်ပဲ ထုတ်..ကြွား...လိုက်ပါတယ်။ မျက်စိနောက်သွားရင် ဆောရီးပါနော်....

တကယ်တော့ ဖိနပ်တစ်ရံ ကောင်းမကောင်းကို တန်ဖိုးငွေနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ စီးကြည့်မှ၊ မနာမှ၊ လမ်းလျှောက်ရ အဆင်ပြေမှ၊ ခရီးတွင်မှ ဖိနပ်တစ်ရံ ကောင်းမကောင်းကို သိနိုင်ပါတယ်။ တန်ဖိုးကြီးတိုင်း၊ လှတိုင်း စီးမကောင်းပါဘူး... အဲ.. အခုလို ထုတ်ကြွားရတာတော့ ကောင်းတာပေါ့နော်။

(ဒုက္ခပဲ.. ဒီနေ့ ဆေးစားမှားပြီ။ ဒီလို အကြွားကလည်း ပို့စ်တစ်ခုဖြစ်တွားတယ်။ သည်းခံပါ။ +_+ )

နိုင်းနိုင်းစနေ

ရေ ဘယ်လောက်လေးသလဲ?


ဆရာတစ်ဦးက စိတ်ဖိအား စီမံခန့်ခွဲရေး (Stress Management) သင်တန်းတစ်ခုမှာ ကျောင်းသားတွေကို လက်တွေ့စမ်းသပ်မှု တစ်ခု ပြုလုပ်ခိုင်းခဲ့တယ်။

စမ်းသပ်မှုမှာ ဆရာက ရေတစ်ခွက်ကို ကိုင်မြှောက်ပြီး " ကဲ... ဒီခွက်ထဲက ရေ ဘယ်လောက်လေးသလဲ" လို့ မေးခဲ့တယ်။

ကျောင်းသားတွေက ၂ဝ ဂရမ်ပါ၊ ၃ဝ ဂရမ်ပါ.. စသဖြင့် ၅ဝ ဂရမ်အထိ ခန့်မှန်းကြတယ်။ ဆရာကဆက်ပြီး " ဒီခွက်ထဲကရေ ဘယ်လောက်လေးသလဲ ဆိုတာ အဓိက မဟုတ်ဘူး။ အဓိက,က ဒီခွက်ကို ဘယ်လောက်ကြာကြာ ကိုင်ထားနိုင်ကြသလဲ? ၁ မိနစ်အချိန်က လူတိုင်းအတွက် ပြဿနာမရှိနိုင်ဘူး။ ၁နာရီဆိုရင် လက်ညောင်းလာကြလိမ့်မယ်၊ တစ်ရက်ဆိုရင် တစ်ကိုယ်လုံး ကိုက်ခဲလာလိမ့်မယ်။ တူညီတဲ့ ရေအလေးချိန်ဖြစ်ပေမယ့် ကြာကြာကိုင်ထားလေ၊ လေးလံတာကို ခံစားရလေ ဖြစ်လိမ့်မယ်" လို့ ပြောခဲ့တယ်။

ထို့အတူ ကျွန်မတို့ ခံစားရတတ်တဲ့ စိတ်ဖိအား၊ အလုပ်ဖိအားတွေကိုလည်း ကြာကြာလက်ကိုင်ထားရင် အချိန်ကြာလာတာနဲ့အမျှ ပိုမိုလေးလံလာပြီး မခံမရပ်နိုင် ဖြစ်လာတတ်တယ်။ ကျွန်မတို့ လုပ်တတ်ရမှာက ရေခွက်လို ချလိုက် ကောက်ကိုင်လိုက်ဖြစ်ပြီး ဒါမှ အချိန်ဘယ်လောက်ကြာကြာ လေးလံတယ်လို့ မခံစားမိတော့ဘူး။

ခံစားရတဲ့ စိတ်ဖိအားတွေကိုလည်း အချိန်တစ်ချိန်ရောက်ရင် ချထားလိုက်ပြီး ကောင်းကောင်း အနားယူသင့်ပါတယ်။ ဒါမှ နောက်ထပ်တစ်ဖန် ပြန်ခံစားရတဲ့အခါ ဒီလောက် မလေးလံ၊ မထိုင်းမှိုင်းနိုင်တော့ပါဘူး။ ဥပမာပြောရရင် အလုပ်က ရတဲ့ဖိအားကို အိမ်အထိ မသယ်ခဲ့ဘဲ အလုပ်ဆင်းတာနဲ့ အလုပ်မှာပဲ ချထားခဲ့တာ အကောင်းဆုံးပါ။ အိမ်ပြန်ရောက်ရင် ကောင်းကောင်း အနားယူပါ။ နောက်တစ်နေ့ အလုပ်ချိန်မှာ အဲဒီဖိအားကို ပြန်ကောက်ကိုင်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဖိအားက ကိုယ့်အတွက် တစ်ချိန်လုံး မလေးလံနိုင်တော့ပါဘူးကိုယ့်ကို အသက်ရှူမရအောင် ဖိမထားနိုင်တော့ပါဘူး။

ဒီပို့စ်ကို ဖတ်ပြီး ဖိအားမှန်သမျှ လျှော့ချလိုက်ပါ။ (သတိ... ဘလော့ဂ်ဖတ်ရင်း လေမလည်ရ)

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.