Thursday, November 27, 2008

[Programmer's Diary] 1 New Entry: လွဲနေတဲ့ကဗျာ

လွဲနေတဲ့ကဗျာ

၈ နာရီခွဲကနေ ၆ နာရီ အထိ
ဦးနှောက်ကို ချရောင်း
ခံစားချက် ဟောင်းလောင်းနဲ့
မန်နေဂျာရဲ့ သေနတ်ပြောင်းဝရှေ့မှာ ရပ်
ဘာဆိုဘာမှ
အာမခံချက် မရှိတဲ့ နေ့ရက်တွေထဲ။

မနေ့ကလည်း ဒီနေ့အတိုင်း
ဒီနေ့လည်း မနေ့က အတိုင်း
မနေ့ကလည်း မနက်ဖြန်အတိုင်း
မနက်ဖြန်လည်း ဒီနေ့အတိုင်း
ဒီနေ့လည်း မနက်ဖြန်အတိုင်း
မနက်ဖြန်လည်း မနေ့ကအတိုင်း
ကမ္ဘာကြီးဟာ ဦးတည်ရာမဲ့ လည်နေသလိုလိုနဲ့ ရပ်တန့်နေ။

တန်ဖိုးဆိုတာ
ရောင်းသူသက်သက်
ဝယ်သူသက်သက် ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး
ပညာ၊ ဥစ္စာ၊ အောင်မြင်မှုရဲ့ တန်ရာတန်ဖိုးဟာ
ခင်ဗျား ဘယ်လောက်လိုချင်သလဲဆိုတာ၊
ခင်ဗျား ဘယ်လောက်ပေးနိုင်သလဲဆိုတာနဲ့ စကားပြောတယ်
ဝယ်လိုအား ရောင်းလိုအား မမျှတဲ့ အနေအထားမှာ
လကုန်ရင် ၀င်လာမယ့် ကိန်းဂဏန်းတွေ
လကုန်ရင် ထွက်သွားမယ့် ကိန်းဂဏန်းတွေကို
နေ့စဉ်ရက်ဆက်ဆိုသလို
တွက်ရချက်ရ တိုင်းရထွာရ ချိန်ရဆရ
တကယ်တော့ ငွေဆိုတာ အတ္တစက္ကူပါး တစ်မျိုးပဲ
ဘ၀ကတော့ ကာရန်လွဲနေတဲ့ ကဗျာတစ်ပုဒ်ပေါ့
အစီအစဉ်မကျစွာ အစီအစဉ်ကျနေတာကလွဲရင်
လွဲနေတဲ့ကဗျာကိုချည်း တောက်လျှောက် ရွတ်နေမိခဲ့တယ်။

ခေလွန်း
ညနေ ၄ နာရီ ၆ မိနစ်
၂၆ ရက် နိုဝင်ဘာလ၊ ၂၀၀၈

You received this email because you are subscribed to the real_time feed for http://nyinyithanlwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.