Monday, November 24, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 3 New Entries: ဟာသ

ဟာသ





 




 

 

 

ဒို့ဆီမှာက
လူတွေကို ရယ်အောင်လုပ်တာလည်း
ပြစ်မှုကြီးကြီးတခုပဲ ။


ဇာဂနာ
သူဟာ လူရွှင်တော်
ပြည်သူတွေကို ပျော်တော်ဆက်မိလို့
အခု ထောင်နန်းစံရပေါ့ ။


ဒို့ဆီမှာက
လူတွေကို ကြောက်အောင်လုပ်ရင်တော့
တိုင်းပြည်အုပ်ချုပ် အစိုးရတက်လုပ်ပေါ့ ။


ဗိုလ်ချုပ်မှုးကြီးတဲ့
သူက အာဏာရှင်
ပြည်သူတွေကို ဒုက္ခပေးလွန်းတော့
နေပြည်တော်မှာ စံရတယ် ။


ဟာသပဲ
ဒို့ဆီမှာ ။


ပျော်ချင်သူများ
ထောင်ထဲသွား.... တဲ့ ။


မျက်ရည်ကျအောင် ရယ်ရတယ် ။

BSF - October 27, 2008

http://blueskyforest.blogspot.com/ မှရယူပါသည်

ဆေးမတိုးတော့ ယတြာပေါ့

မင်းသက်အောင်

လွန်ခဲ့တဲ့သီတင်းပတ်တွေထဲမှ နိုင်ငံတော်အကြီးအကဲ ဆိုသူ ဦးသန်းရွှေ အိပ်ရာထဲမှာ လဲလျောင်းနေရ ရှာတဲ့အကြောင်း သတင်းတွေ ပလူပျံနေပါတယ်၊ နေပြည်တော်မှာကား အဝင်အထွက် တဝီဝီနဲ့ ဘယ်သူက ဘယ်အမွေများ ရလိမ့်နိုးနဲ့ ကိုယ်ဟာကိုယ် ခန့်ထားတဲ့ဝန်ကြီးများ (ပြည်သူ မရွေးချယ်ခဲ့) ဥဒဟို ဝင်ထွက်သွားလာနေကြတဲ့ အကြောင်းတွေ စုံလိုပါဘဲ လေ့။

ရုတ်တရက်ဆို ဟော ဒီနေ့ထုတ် ၂၃၊ ၉၊ ၀၈၊ အစိုးရ သတင်းစာတွေမှာ အကျဉ်းသား ၉၀၀၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီ ဆိုပဲ၊ ဝမ်းသာစရာ သတင်းတစ်ခု လို့ ဆိုရပါလိမ့်မယ်။ အသိတွေထံ တယောက်ပြီးတယောက်ထံ ဖုန်းဆက်ပြီး လေကန်ကြတာ ဒီလွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တဲသူတွေအထဲမှာ ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့သူ ဘယ်သူတွေ ပါခဲ့တာတွေကို မေးမြန်းစုံစမ်းရတာပေါ့၊

မိတ်ဆွေတယောက်က "နိုင်ငံရေး အကျဉ်းသားတွေ တနေ့ထက်တနေ့ များလာတော့ နေစရာ၊ ထားစရာ၊ စားစရာ၊ ကျွေးစရာ မရှိမလုံလောက်လို့ လွှတ်ပစ်တာ ဖြစ်မှာပေါ့ " ဆိုသတဲ့။ နောက်တယောက်ကတော့ "ဗိုလ်ခင်ညွန့် အဖြုတ်ခံခဲ့ရတဲ့ကာလမှာ ထောင်ဒဏ် နှစ်ရှည်ကြီး ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တပ်က အရာရှိတွေ အများကြီးပဲ၊ အချို့က ဘာပြစ်မှုမှ မရှိပဲနဲ့ ကျူပင်ခုတ် ကျူငုတ်မကြံ၊ အပြတ်ရှင်းတဲ့အထဲမှာပါ သွားကြတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်ထဲမှာ မကျေနပ်ချက်တွေ အများကြီး ရှိနေတယ်၊ ဒီလူတွေ၊ ဒီနည်းနဲ့ တရားဝင်းလမ်းကြောင်းက လွတ်မြောက်အောင် လုပ်ပေးပြီး နာမည်ကောင်း ယူတာလည်း ဖြစ်နိုင်ပါတယ်။

စာရေးသူအနေနဲ့ဘဝင်မကျ နိုင်သေးပါ၊ နောက်ထပ် မိတ်ဆွေတဦးနဲ့ ပြောဖြစ်ပြန်ပါတယ်၊ "လွှတ်ပေးတဲ့အထဲမှာ အကျဉ်းသားတွေ ဆိုတာ ဘယ်အမျိုးအစားရယ်လို့ ပြောမထားဘူး၊ သူခိုး၊ ဓါးမြ၊ ခါးပိုက်နှိုက်၊ လူသတ်၊ မုဒိန်း ကောင်တွေ ချည်းပဲလားမသိ၊ ဒီကောင်တွေက ထောင်ပိုင်၊ ထောင်မှူးတွေကို လာဘ်လာဘ ထိုးပြီး အကျင့်စာရိတ္တ ကောင်းတဲ့စာရင်းမှာ သွင်းပေးလိုက်ယင် ပြီးသွားပါဘဲ" - - အဲဒါလည်း တမျိုးကြီးပဲ။ ရန်ကုန်မြို့က မိတ်ဆွေတဦးကတော့ "ဒီနေ့ပဲ လွှတ်ပေးတယ် ဆိုတော့ ဘယ်သူဘယ်ဝါ ဘယ်အမျိုးအစားရယ်လို့ ကွဲကွဲပြားပြား မသိနိုင်သေးဘူးလေ၊ ကြားနေရတာကတော့ ထောင်လွတ်ရက်စေ့သူ၊ အသက်ကြီး နာမကျန်းသူတွေနဲ့ အစိုးရအသိုင်းအဝိုင်းနဲ့မကင်းကြတဲ့တွေပဲ ဖြစ်ဖို့များတယ်၊

မူယစ်ဂိုဏ်းတွေထဲက ငွေပုံအော ပေးယင်လဲ ဒီလောက် တောင်မှ လာဘ်စားနေကြတဲ့စစ်ဗိုလ်တွေ၊ ထောင်ပိုင်တွေအတွက် ဦးသန်းရွှေ ဖန်တီးပေးလိုက်တဲ့ အကွက်ဆန်း တခန်းလေးပေါ့"။ နောက်မိတ်ဆွေတယောက် ကျပြန်တော့ "ဦးသန်းရွှေ ကြီး အသည်းအသန် ဖြစ်နေတာ ယတြာချေတဲ့ သဘောနဲ့ ဖြစ်မှာပေါ့၊ သူ ဗျာဒိတ်ဆရာတွေ အခါတော်ပေး ညွှန်ပြတဲ့အတိုင်း ဘယ်နေ့၊ ဘယ်ထောင်၊ ဘယ်အချိန်၊ အရေအတွက် ဘယ်လောက်ပေါ့၊ သေချာတာ တစ်ခုက နိုင်ငံရေးအကျဉ်းသားတွေ ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ သိပ်ပါဝင်မဲ့ဟန် မပေါ်ဘူး"။ ဒီအဆိုကို စာရေးသူ သဘောတူပါ၏၊ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနဲ့ တိရစ္ဆာန်တွေကို ဘေးမဲ့ လွှတ်ပေးသော အယူအဆအတိုင်း နိုင်ငံဥသျှောင် အကြီးအကဲတပါး နောက်ဆုံးဘဝခရီးမှာ ကုစရာဆေးလည်း နတ္ထိဖြစ်နေခဲ့လျှင် ဒီယတြာချေနည်း ကလွဲပြီး ဘာမှ မတတ်နိုင်ပါကလား။

ငိုရသူ

အိမ်ရှေ့က မော်တော်ကားရပ်သံနှင့် မရှေးမနှောင်းမှာ လေးဘီးကားပေါ်က ဆင်းလာသည့် အရီးလေးတင်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၍ တအံ့တအား ဖြစ်သွားရလေသည်။ ရွာနှင့် အဆက်ပြတ်နေတာ ကြာပြီဖြစ်၍ အမေနှင့် သက်တူရွယ်တူတွေ ရွာမှာ တစ်ယောက်မျှမရှိတော့ဟု ထင်မှတ်ထားသည်ကော။

ပြီးတော့ အသက်ကိုးဆယ်ဝန်းကျင် အရွယ်နှင့် မန္တလေးကို အရောက်လာနိုင်သော အရီးလေးတင်၏ စိတ်ကို အံ့သြချီးကျူးမိလိုက်သည်။ ယိုင်နဲ့နဲ့ ခန္ဓာကိုယ်လေးသည် နံဘေးမှ အတွဲအကူမရှိ၍ မဖြစ်။ ဤသို့ဖြင့် စိတ်သာ ရှင်စောဘုရားဟော၏ဆိုသည့်အတိုင်း စိတ်ဆောင်ထားသော ခန္ဓာကိုယ်လေးသည် အကူအတွဲတို့ဖြင့် ကျွန်တော့်အိမ်ထဲသို့ အရောက်လာနိုင်ခဲ့လေပြီ။ သက်သောင့်သက်သာရှိဖို့အတွက် ဧည့်ခန်းထဲက ဆက်တီခုံတစ်လုံးမှာ နေရာချပေးပေမယ့် ငြင်းသည်။ ကွပ်ပျစ်ပေါ်မှာ ထိုင်တော့မယ်ဟု ပြော၍ သူ့စိတ်ကြိုက် အလိုလိုက်ရသည်။

အိမ်၏ ဧည့်ခန်းက အတန်အသင့်ကျယ်ဝန်းပါသည်။ ညအချိန် တီဗွီဇာတ်လမ်းကောင်းလျှင် နံဘေးအိမ်တွေကပါ လာရောက်အားပေးကြ၍ ဆက်တီခုံတွေနှင့် ကွပ်ပျစ်ပေါ်မှာ လူအပြည့်ရှိတတ်သည်။ ပွင့်ရိုက်သရက်ထည်လုံချည်နှင့် တရုတ်ပိတ်စ အကျီင်္ဝတ်ထားသည့် အရီးလေးတင်ပခုံးပေါ်မှာ ချည်တဘက်ကြမ်းလေး တင်ထားလျက်။ ဇရာက အနိုင်ယူသွားပြီဖြစ်၍ သူ့တစ်ကိုယ်လုံး ဆံပင်တွေ ဖြူဖွေးနေပြီ။ မျက်တွင်းဟောက်ပက်၊ မျက်နှာတစ်ခုလုံး အသားအရေတွေက အိအိတွဲတွဲ။ တွန့်သည့်နေရာတွန့်၊ ကွေးသည့်နေရာ ကွေး၊ ငေးစိုက်ကြည့်နေသည့် အရောင်မွဲမွဲ မျက်လုံးတွေက ကျွန်တော့်အား မြင်မှမြင်ပါ့မလား မသိ။

"မင်းနှယ်ကွယ်၊ နေနိုင်လိုက်တာ။ ရွာကို တစ်ခေါက်မှတောင် ပြန်လာဖော်မရဘူးနော်။ ရွာမှာလည်း တို့အရွယ်တွေထဲက ငါတစ်ယောက်ပဲ ကျန်ပါတော့တယ်ကွယ်။ ငါလည်း သေဖို့ နီးလာပါပြီ။ ဟောဒီနေရာလေး ရောက်တော့ မတင်ညွန့်ကို သတိရ လိုက်တာ"

ခရီးရောက်မဆိုက် အရီးလေးတင် ငိုလေသည်။ အိမ်ထဲ ရောက်၍မှ အမောမဖြေနိုင်။ ကွယ်လွန်သွားရှာသည့် အမေ့ကို လွမ်းစိတ်ဖြင့် အောင့်အည်းထားရသမျှ ယခုမှ အတိုးချ ငိုနေသည်ကို ကြည့် ရင်း စိတ်မကောင်းဖြစ်သွားရသည်။ အရီးလေးတင်သည် အမေ့အကြောင်း ပြောလည်း ပြော၊ ငိုလည်း ငို၊ ကြမ်းပြင်ပေါ်မှာ ဘယ်ဖက်လက်ဖြင့် ထောက်၍ ခပ်စောင်းစောင်း ထိုင်ရင်း သူ့ညာဖက်လက် က ကြမ်းပြင်ကို ညင်ညင် သာသာ တို့နေလျက်၊ ဟော ဒီ နေရာလေးရောက်တော့တဲ့၊ ငေးနေရင်း လွန်ခဲ့သည့် ၁၀ နှစ်က ကွယ်လွန်သွားသည့် အမေ့ကို သတိရလိုက်သည်။ ဟုတ်တာပေါ့။ တစ်ခါက အမေနှင့် အရီးလေးတင် ထိုင်၍ စကားပြောကြသည်။ ဟောဒီ ကွပ်ပျစ်နေရာလေးကို ကျွန်တော် မေ့လျော့နေမိပါ၏။

အမေ မဆုံးခင် တစ်နှစ်က မန္တလေးသို့ အရီးလေးတင် တစ်ခေါက်လာခဲ့ဖူးသည်။

"ဟောတော်... အရီး လေးတင် ဆိုင်းမဆင့် ဗုံ မဆင့်" ဗြုန်းစားကြီး ရောက်လာသည့် အရီးလေးတင်ကို တွေ့လိုက်ရ၍ အမေမှာ အံ့သြ၀မ်းသာ၍ မဆုံး။ ထိုအချိန်က မှတ်မှတ်ရရ မနက် ၁၀ နာရီလောက်ပဲ ရှိဦးမည်။ တစ်ဦးကို တစ်ဦး အပြုံး အရယ်တွေ ကူးစီး၍ ပျော်ရွှင်နေကြသည်။ သူတို့နှစ် ယောက် အချစ်ကို မြင်ရ၍ ကြည်နူးမိသည်။ နှစ်ယောက်သား ကွပ်ပျစ်ပေါ်မှာ အေးအေးလူလူ မျက်နှာချင်းဆိုင် ထိုင်ကြသည်။ သူတို့နှစ် ယောက် အလယ်မှာတော့ လက်ဖက်ဆီဆမ်း၍ နံဘေး မှာ ကြက်သွန်ဖြူကြော် ခပ် နည်းနည်း ပုံထားသည့် လက်ဖက်ပန်းကန်ပြား တစ် ချပ်။ ပြောလိုက်ကြသည့် ရွာ အကြောင်း ရပ်အကြောင်း။ လက်ဖက်ဆီဆမ်းကို မြုံ့လိုက်၊ ကြက်သွန်ဖြူလေး ၀ါးလိုက်ဖြင့် ရွာထိပ်မှ ရွာဖျား၊ ရွာ၏အရှေ့ခြမ်း၊ အနောက်ခြမ်း၊ မြောက်ခြမ်း၊ တောင်ခြမ်း ရှိသမျှနှင့် သတိ ရသမျှအားလုံး တစ်ခုမျှ မကျန်အောင် ပြောကြသည်။ တစ်ခါတစ်ရံ အတိတ်နောက်ကြောင်းကို လှန်၍ စားမြုံ့ပြန်သည်။ ပြောနေရင်း တစ်ယောက်က မေ့တော့ တစ်ယောက်က စကားအစ ဖော်မေးသည်။ ဤသို့ဖြင့် အတိုင်အဖောက် ညီသော စကားဝိုင်းသည် ညနေစောင်း မှ အဆုံးသတ်နိုင်ကြသည်။

"အရီးလေးတင်... နောက်နှစ် လာခဲ့ဦးတော်"

"အေးပါ ကောင်မရယ်၊ လာရဦးမှာပ။ ပြောရမယ့် စကားတွေ စုထားလိုက်မယ်"

အမှာပါးနေသည့် အမေ့ကို ကြည့်ရင်း ပြုံးပြုံးကြီး ပြောလိုက်သည်။ အမေ့ အပေါ်မှာ ရှိသည့် အရီးလေးတင်၏ သံယောဇဉ်ကား ကြီးလှသည်။ မြို့သစ်မှာ တည်း၍ တကူးတကန့် လာ ရခြင်းဖြစ်သည်။ မော်တော်ကားခ အသွားအပြန်စရိတ်က နည်းတာမဟုတ်။ သူ့မှာ သမီးနှစ်ယောက် ရှိသည်။ မြို့သစ်မှာ လက်သမားလုပ်နေသည့် ကိုကံဝင်းက သမီး ငယ် မကျင်လှိုင်ရဲ့သား။ သူ့ မြေးအိမ်မှာတည်း၍ အဲဒီက တစ်ယောက်ယောက်ကို အမေ့ဆီသို့ လိုက်ပို့ခိုင်းတတ် သည်။ ယခုလည်း ကိုကံဝင်း ၏ သားအငယ်ကောင်နှင့် အိမ်ကို ရောက်လာခဲ့ပြန်ပြီ။ သို့သော် စကားပြောဖော် ပြောဖက် အမေ မရှိတော့။ ပြောစရာ စကားတွေ မည်သူ့ ကို ပြောရတော့မည်နည်း။ စီးအန်လာသည့် မျက်ရည် များသည် သူပြောချင်သည့် စကားတွေသာ ဖြစ်ပါလိမ့်မည်။ ပခုံးပေါ်က တဘက်ကြမ်းလေးနှင့် မျက်ရည်များကို တို့ကာ တရှုပ်ရှုပ် ငိုနေသော အရီးလေးတင် ငိုသံတွေထဲမှာ အမေ့အကြောင်း ပါသည်။ အဖေ့အကြောင်း ပါသည်။ နားထောင်ရင်း ရင်ထဲသို့ ကြေကွဲဝမ်းနည်း စိတ်တွေတိုးဝင်၍ လာခဲ့သည်။ ဆက်တီခုံ ပေါ်မှာ ထိုင်နေကြသည့် သမီးနှစ်ယောက်က နားမလည်နိုင်သလို ငေးကြည့် နေကြသည်။ တက္ကသိုလ်မှဘွဲ့ရပြီး ပြင်ပသင်တန်းတွေ တက်နေ ကြသည့် သူတို့အဖို့ အထူး အဆန်း ဖြစ်နေသည့် ဟန်။

"အရီးလေးတင်၊ လက်ဖက်လေး သုံးဆောင်ပါဦး" မီးဖိုခန်းထဲမှ ထွက်လာသည့် ဇနီးသည်ကစိတ်အာရုံပြောင်းလိုပြောင်းငြား ပြောသည်။ ပန်းကန်ပြားထဲမှာတော့ သူတို့အကြိုက် လက်ဖက်ဆီဆမ်းနှင့် ကြက်သွန်ဖြူ ကြော်။ သို့ရာတွင် လက်ဖက်ပန်းကန်က အရီးလေးတင်၏ အလွမ်းကို မြှင့်ပေးလိုက်သလို ဖြစ်သွားသည်။ အမေ့ကို တိုး၍ သတိရသွားစေသည်။ အမေနှင့် အတူနေခဲ့ ကြသည့် အချိန်ကာလများ၊ တစ်ဦးနှင့်တစ်ဦး သုံးလွန်းတင်သည့် အလွမ်း၊ သံယောဇဉ် အနှောင်အဖွဲ့၊ အရီးလေးတင်၏ ငိုသံများသည် ကျွန်တော့်အား ရွာဆီသို့ ဆွဲ ခေါ်သွားပါလေတော့သည်။

X

အမေနှင့် အရီးလေးတင်ကား ငယ်သူငယ်ချင်း လည်းဖြစ်၊ ညီအစ်မလည်း တော်သည်။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အတူစား၊ အတူသွား၊ အတူဆော့ကစားခဲ့ကြ၊ နေ၀င်မိုးချုပ်တော့မှ လမ်းခွဲ၍ ကိုယ့်အိမ်ကို ပြန်ကြသည့် နှစ်ဝမ်းကွဲ ညီအစ်မဖြစ်သည်။ အပျိုပေါက်အရွယ် ရောက်တော့လည်း ရေခပ်၊ ထင်းခွေ၊ ပဲနုတ်၊ ၀ါးကောက် နှစ်ဦးသား တပူးတွဲတွဲ မခွဲ မခွာ။ အရီးလေးတင်က ရွာ ဖျားမှာနေသည်။ ရွာလယ်ရှိ အမေ့အိမ်နှင့် နည်းနည်းလှမ်း သည်။ သို့သော် မနက်လင်း လာလျှင် အမေ့ဆီသို့ အရီး လေးတင် ရောက်လာခဲ့ပြီ။ တစ်ခါတစ်ရံ အချိန်တန်၍ ရောက်မလာခဲ့လျှင် လည်ပင်း ညောင်ရေအိုး ဖြစ်မတတ် အမေ မျှော်လေ့ရှိသည်။ ထို့ နောက် လုပ်လက်စ အလုပ်တွေကို ပစ်ထားပြီး အရီး လေးတင်အိမ်သို့ လိုက်သွား တတ်သည်။ သည့်နှယ် သံယောဇဉ် ကြီးမားလှသော သူငယ်ချင်း ညီအစ်မဖြစ် သည်။ အရီးလေးတင်၏ နာမည်အပြည့်အစုံက ဒေါ်မယ်တင်။ သဘော ကောင်းသည်။ အမေ့အနွံ အတာကို ခံသည်။ သူ့ခင်ပွန်း ဦးပေါက်ကျော်ကလည်း လူရိုး လူအေး။ ညနေမှာ တော့ ထန်းရည်လေး မော့တတ်သည်။ အမူးလွန်တာ မျိုး ကြုံရခဲပေမယ့် တစ်ခါ တစ်ရံ သောက်တာလိုသည် ထက် ပိုသွားလျှင် သွေးဆိုးပြီး အရီးလေးတင်အား ရိုက်တတ်သည်။ ဤကဲ့သို့ ဖြစ်လာလျှင်လည်း အရီးလေးတင် ဘာမျှပြန်မပြော။ ရိုက် သမျှကို ကျောခင်း၍ ခံသည်။ သားကို သခင်၊ လင်ကို ဘုရားဟု သတ်မှတ်ထားသည့် အရီးလေးတင်။ သူ့သူငယ်ချင်း အမေ့အပေါ် မှာကော ဘာမျှမထူးပါ။ အမေ ဆူသမျှ၊ ငေါက်သမျှ ကို ပြုံးပြုံးလေးဖြင့် ငြိမ်၍ နားထောင်နေတတ်လေ၏။

အမေသည် သက်တူ ရွယ်တူမို့ သူ့ကို မယ်တင်ဟု ခေါ်သည်။ ကောင်မဆိုသော အသုံးအနှုန်းသည် သူတို့ နှစ်ဦးကြားတွင် အင်မတန်မှ ရင်းနှီးမှုကို ပေါ်လွင်အောင် ဖော်ပြနေခြင်း၊ ဒေါ်မယ်တင် သည် ကျွန်တော်၏ အရီးဖြစ် သည်။ အရီးလေးတင်... ကျွန်တော် ခေါ်သလို အဖေ ကလည်း လိုက်၍ ခေါ်သဖြင့် အမေ့မှာ မနေသာတော့ဘဲ သူ့လေသံကို ပြောင်းကာ အရီးလေးတင် ဖြစ်သွားခဲ့ သည်။ ကျွန်တော် ဆယ်နှစ်သားအရွယ်တွင် ကျွန်တော်တို့ မိသားစု မန္တလေးသို့ ပြောင်းလာကြ၍ ရွာနှင့် ဝေးသွားခဲ့သော်လည်း အရီးလေးတင်ကတော့ ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေခဲ့သည်။ သည် လိုဖြစ်လာအောင်လည်း အမေက ကျွန်တော့်နှလုံးသား ထဲသို့ သံမှိုစွဲပေးထားခဲ့သည်။ အမေသည် စိတ်လိုလက်ရ အချိန်မှာ သူတို့နှစ်ယောက်၏ ငယ်ဘ၀အကြောင်းကို ပြောပြလေ့ ရှိသည်။ ခဏ ခဏ ပြောဖန်များလာသောအခါ ပြောသည့် အကြောင်းအရာ တွေက အပ်ကြောင်းထပ်ကုန်သည်။ သို့သော် မည်သို့ပင် ပြောစကားတွေ ထပ်ပါစေ၊ ဟောင်းမြည့်သွားပါစေ၊ ဖန် တစ်ရာတေ ဖြစ်နေသော် လည်း အမေသည် ပြောမြဲ၊ ရွာနှင့် အရီးလေးတင်ကို လွမ်းစမြဲ။ အမှန်တော့ သည် အကြောင်းတွေကို ပြောရင်း အရီးလေးတင် အမေ့ကို လွမ်းနေခြင်း ဖြစ်သည်။ ထိုအလွမ်းသည် ကျွန်တော့် ရင်ထဲကို ကူးစက်သွားခဲ့သည်။ အမေသည် စိတ်လို လက်ရဖြစ်တိုင်း သူတို့ငယ်ဘ၀အကြောင်းကို ပြောပြလေ့ ရှိသည်။ သူတို့ငယ်ငယ်တုန်းက ရွာကို လာကသည့် မင်္ဂလာဦးအောင်မောင်းနှင့် ဦးဖိုးစိန်ကြီး ဇာတ်ကို ကြည့် ရသည့်အကြောင်း၊ ရွာအရှေ့ က ချမ်းသာကြီးဘုရား ဆွမ်း လောင်းပွဲမှာ နှစ်ယောက်သား လုံချည်ဆင်တူဝတ်၍ သွား ကြတော့ အဘွားသောင်းတင် အိမ်က ခွေးလိုက်ဆွဲ၍ ထွက် ပြေးရသည့်အကြောင်း၊ ဒေါ်သန်းခင်ကြီး သားဦးမွေး တော့မှာမို့ ဗိုက်နာတာကို ရိုး ရိုး ဗိုက်နာတာမှတ်၍ အိမ်သာသွားတက်တာ အရီးလေးတင် အသိစောပြီး အိမ်သာထဲက အမြန်ခေါ်ထုတ်ခဲ့ရကြောင်း၊ နို့မဟုတ်ရင် အခု လူပျိုကြီးဖားဖား ဖြစ်နေ သည့် ဖိုးကုလား လူလောက ထဲသို့ ရောက်မလာဘဲ ချေးတွင်းထဲကျ၍ သေနေမှာ ဖြစ်ကြောင်း၊ အမေ့စကားတွေက အဆက်အစပ်မရှိ၊ တောရောက် တောင်ရောက် စိတ်ကူးတည့်ရာ ပြောချင်ရာ ပြောသည်။

"အရီးလေးတင်က စာသာမတတ်တယ်။ မှတ်ဥာဏ်အလွန်ကောင်းတာဟဲ့။ သူမို့လည်း နောက်ပိုင်း ဇာတ်ထုပ်တွေက ငိုချင်းတွေကို ရတယ်။ အမေတို့မှာ ရွာကို ဦးဖိုးစိန်တို့၊ ဦးအောင်မောင်း တို့ လာကတော့ နောက်ပိုင်း ဇာတ်ထုပ် ကြည့်ရင်း မျက် ရည်တောင် ကျမိတယ်။ အဲဒါတော် အရီးလေးတင်က နောက်နေ့ ၀ါကောက်ရင်း ဆိုပြတော့ အမေတို့လည်း ထပ်ပြီး လွမ်းရပြန်ရော။ သူ ခဏခဏ ဆိုပြလို့ အမေတောင် အလွတ်ရတယ်။ ဟို ငိုချင်းလေ၊ ဘာတဲ့ဟယ်... အဲ... မှတ်မိပြီ "ထောင် သောင်းရယ်ညံပါတယ်၊ အောင်မောင်းသံ အတန်တန် ပ၊ အဖန်ဖန်ကြား အား...၊ မအေးပါ၊ ဆွေးဖျာပိုမယ့် အရေးတွေကြောင့် အမယ် လေး..." အရီးလေးတင်၏ လက်ကျရနေသည့် အမေ သည် သူ့ငိုချင်းထဲမှာ နစ်မြောဖို့ ဟန်ပြင်နေစဉ် အပြင်မှ ပြန်လာသည့် အဖေကို မြင်လိုက်ရ၍ အသံတိတ်သွား လေတော့သည်။ တစ်ဦးတည်းသော ပရိသတ်ဖြစ်သူ ကျွန်တော့်ခမျာလည်း အမေ ငိုချင်းမဆုံး၍ ကသိကအောက် ကြီး ဖြစ်သွားခဲ့သည်။ မြန်မာ့ ဇာတ်သဘင်၏ နောက်ပိုင်း ဇာတ်ထုပ်တွေထဲက ငိုချင်းများသည် အလွမ်းကို ဖော် ကျူးနေပါသည်။ ကျွန်တော် လည်း အမေ့ဆီမှ ငိုချင်းကို နားထောင်ရင်း အရီးလေး တင်၏ အလွမ်းကို ရေးရေး ရိပ်ရိပ် တွေ့မြင်လိုက်ရ သည်။

တစ်ညတော့ အဖေနှင့် စကားစပ်မိစပ်ရာ ပြောကြရင်း အရီးလေးတင်နှင့် ငို ချင်းတွေအကြောင်း ရောက် သွားသည်။

"မင်းအမေပြောတာ ဟုတ်တယ်ကွ။ အရီးလေးတင်က အမှတ်အသား သိပ်ကောင်းတာကိုး။ ရွာမှာ လာ ကကြတဲ့ ဇာတ်တွေရဲ့နောက် ပိုင်းဇာတ်ထုပ်ထဲက ငိုချင်း မှန်သမျှ အကုန်ရတယ်။ ဘယ်တော့မှလည်း မမေ့ဘူး။ တစ်ခုတော့ အံ့သြစရာ ကောင်းတယ်။ မင်းသား၊ မင်းသမီးတွေရဲ့ နှစ်ပါးသွား သီချင်းတွေကျတော့ မရပြန် ဘူး။ သူ့မှတ်ဥာဏ်က စွဲမိ စွဲရာ စွဲတဲ့သဘော ထင်ပါရဲ့ကွာ။ အဖေတို့ ငယ်ငယ်တုန်းက အသံချဲ့စက်ဆိုတာလည်း ဆယ်ရွာစုမှ တစ်လုံး မရှိတော့ သီချင်းနားထောင် ဖို့က ခက်တယ်ကွ။ ရွာကို ဇာတ်တွေ လာကတော့မှပဲ ဇာတ်ထဲက သီချင်းတွေကို အမိအရ လိုက်ကျက်ပြီး ပြန် ဆိုကြရတယ်။ အရီးလေးတင်ကလွဲလို့ သီချင်းအစ အဆုံး ဘယ်သူမှ မရကြဘူး။ သူကလည်း ငိုချင်းပဲရတော့ မင်းအမေတို့လည်း သူ့ကို ရတဲ့သီချင်းပဲ အဆိုခိုင်းပြီး အပန်းဖြေကြရရှာတယ်။ ပြောရဦးမယ်။ အရီးလေးတင် က မင်းအမေကို ချစ်ရှာသလောက် မင်းအမေကလည်း သူ့အပေါ် အတော် ဆိုးတာကွ။ တစ်ညကွာ၊ မှတ် မှတ်ရရ လာသာတဲ့အချိန် အရီးလေးတင်တို့ အိမ်ရှေ့က တလင်းထဲမှာ ၀ိုင်းစုပြီး မြေ ပဲ ဆွတ်နေကြတယ်။ အဲဒါ ကွာ၊ မင်းအမေက ပျင်းလိုက်တာ ကောင်မရယ်၊ ငိုချင်းလေး တစ်ပုဒ်လောက် ဆိုပြစမ်းပါဦးလို့ ခိုင်းတယ်။ အရီး လေးတင်က သူ့အဖေကြား သွားရင် စိတ်ဆိုးမှာမို့ ငြင်းရှာတယ်"

အဖေက ပြောလက်စ စကားကို ရှေ့သို့မဆက်သေးဘဲ တစ်ခဏ ရပ်လိုက်သည်။ နံရံဆီသို့ ငေးစိုက်ကြည့်နေသော အဖေ၏ မျက်လုံးတွေထဲမှာ ရွာ၏ပုံရိပ်တွေ ထင်ဟပ်နေပါလိမ့်မည်။ ကျွန်တော်တို့ ရွာတွင် မြေပဲဖော်ချိန် ရောက်ပါက အခင်းထဲမှ မြေပဲအပင်တွေကို နုတ်ပြီး အိမ်သို့ လှည်းနှင့်တိုက် လာလေ့ရှိသည်။ ပြီးမှ အိမ်ရှေ့ တလင်းထဲမှာ စုပုံ၍ နေပူလှမ်း အခြောက်ခံသည်။ သုံးလေးရက် နေပြပြီးပါက မြေပဲအပင်တွေလည်း ခြောက်သွားပြီ။ သည်လို အချိန် ညအခါ လသာသာ တွင် ၀ိုင်းဖွဲ့၍ အမြစ်မှာ သီးနေကြသည့် မြေပဲတွေကို ဆွတ်ယူရ သည်။ ကျွန်တော် လည်း ငယ်ငယ်က အမေနှင့် အတူ မြေပဲဆွတ်ခဲ့ဖူးသေးသည်။ မြေပဲ တစ်ပြည်ဆွတ်ခ ငါးပြားရသည်။

"အရီးလေးတင်ရဲ့ အဖေနာမည်က ဦးမင်းစိန်တဲ့။ အရပ်ရှည်ရှည် ထောင်ထောင် မောင်းမောင်း။ ပြောင်းဖူးဖက် လိပ်ကြီးဖွာပြီး ခပ်အေးအေး နေတတ်တယ်။ ဘယ်သူနဲ့မှ အချိန်ကြာကြာ စကားပြော တာ မဟုတ်ဘူး။ စိတ်တော့ ဆတ်တယ်ဟေ့။ သူ့သား သမီးတွေကို စိတ်တိုင်းမကျရင် ထရိုက်တာ။ ရိုက်မိရင်လည်း အရိုက်ခံရတဲ့သူက မြော့နေအောင် ခံရတာဟ။ အဲဒါကို သိရက်နဲ့ မင်းအမေ ကလည်း တပူပူ၊ တကျည်ကျည်လုပ်ပြီး ငိုချင်းဆိုခိုင်း တယ်လေ။ အရီးလေးတင် ခမျာ ငြင်းမရတော့လည်း ဆိုရတာပေါ့ကွာ။ ဖြစ်ချင်တော့ဆိုမယ့် ဆိုတော့လည်း ဘုန်းကြီးပျံ ဧယင်ကျူးတဲ့ ငိုချင်း ကွ။ အဲဒီတုန်းက ရွာအနောက် ကျောင်းဆရာတော် ဦးဝိမလ တော်တော် မကျန်းမာနေရှာတာ။ ဒါကို ဘယ်သူမှ သတိမထားမိကြဘူး။ အရီးလေးတင်က အစတော့ တိုးတိုးလေး ဆိုတာ။ နောက်ပိုင်း ဆိုရင်းနဲ့ ဈာန်ဝင်သွားပြီး အသံက တဖြည်းဖြည်း ကျယ်လာတယ်။ ဟာ... အဖြစ်က ဆိုးလိုက်တာကွာ။ ဘကြီးမင်းစိန် တန်းပလပ် ပြားကြီး ကိုင်ပြီး အိမ်ထဲက ပြေးထွက်လာတာဟေ့။ အရီး လေးတင်က မသိဘူး။ လူတို့ ဘုံမနေချင်လို့၊ ထေရ်အရှင် မြန်းကာ ကြွလေရော့...လို့ လုပ်နေတုန်း ဘကြီးမင်းစိန်က သေချင်းဆိုးမ၊ နိမိတ်မရှိ နမာမရှိ။ ငိုချင်းချနေတယ်။ ဒီလောက်တောင် ရှိလှတာ။ ကဲ ဟာ ဆိုပြီး ထန်းပလပ် ပြားကြီးနဲ့ လှိမ့်တွယ်တာ။ မင်းအမေတို့ အားလုံး ကြောက်အားလန့်အားနဲ့ အကုန်ထွက်ပြေးကြရောကွာ"

မှတ်မိသမျှ နောက်ကြောင်းတွေကို ပြန်ပြောနေသည့် အဖေ့မျက်နှာပေါ်တွင် အပြုံးရိပ်လေးတွေ ပေါ်လာ ခဲ့သည်။ ကျွန်တော်လည်း အဖေနှင့်အတူ ပြုံးဖော်ရယ် ဖော် ရှိခဲ့ပေမယ့် အရိုက်ခံရ သည့် အရီးလေးတင်၏ ပုံရိပ်ကို မှန်းဆကြည့်ရင်း စိတ်မကောင်း ဖြစ်သွားမိသည်။ အိမ်ထောင်မကျခင်က ဖခင်၏ အရိုက်အနှက်ကို ခံရသည်။ အိမ်ထောင်ကျပြန်တော့လည်း လင်ယောက်ျား ၏ အရိုက်အနှက်မှ မလွတ်နိုင်။ အရီးလေးတင်၏ ကံဇာတာသည် အရိုက်အနှက်ခံရ စေမည့် ဂြိုဟ်နက္ခတ်များနှင့် ဂဟေဆက်ပေးခဲ့သည်လား မပြောတတ်ပါ။

X

အစကနဦးတော့ ကလေးလို တရှုပ်ရှုပ် ငိုနေရှာ သည့် အရီးလေးတင်ကို အငို ရပ်သွားအောင် မည်သို့ ချော့ ရမည်နည်းဟု စဉ်းစားခဲ့ သည်။ သို့သော်လည်း သူ့ အငိုနှင့် အလွမ်းသည် ကျွန်တော့်နှလုံးသားအား ထိုး ဆွနေလေ၍ ချော့ရမည့်ကိစ္စ ကို မေ့ကာ ရင်ထဲတွင် တင်း ကျပ်သွားခဲ့ရသည်။ ကိုယ့် ကိုယ်ကိုယ် သတိမပြုမိခင် စိတ်အာရုံတွေက လျှပ်တစ် ပြက် ပြေးထွက်သွားတတ် သည်။

"မင်းအဖေက ရွာကို ပြန်ရောက်ရင် အရီးလေးတင် ရေ... ကျွန်တော့်ကို ပဲရေပွကြော်နဲ့ ချဉ်ပေါင်ဟင်း ငရုတ်သီးစပ်စပ်လေး ချက်ကျွေး စမ်းပါတဲ့။ ဟဲ့... မောင်ထွန်းရွှေရယ်၊ မင်းတို့မြို့သား ပါးစပ်နဲ့ ဒီဟင်းတွေ အ၀င်ချောပါ့မလား မေးတော့ ရယ်လိုက်တာ။ ကျွန်တော်က အရီးလေးတင် ချက်ကျွေး တာကို စားချင်တာလို့ ပြော တယ်။ သူခိုင်းတော့ ချက်ပေးရတာပေါ့လေ။ စားလိုက် တာကွယ်၊ အားရပါးရပဲ။ အခုတော့ မောင်ထွန်းရွှေလည်း မရှိရှာဘူးနော်။ ရှိများ ရှိသေးရင် သူကြိုက်တာလေး တွေ ချက်ကျွေးချင်လိုက်တာကွယ်"

ပြောရင်းဖြင့် အသံတိုးတိတ်သွားကာ အဖေ့ အား သတိတရနှင့် ငိုရှာ သည်။ အဖေနှင့်အမေကို တမ်းတရင်း လွမ်းမျက်ရည်နှင့် ငိုပွဲဆင်နေသည့် အရီးလေးတင်အား ကျွန်တော် ငေးကြည့်နေမိသည်။ သန့်စင် ကြည်လင်သော မျက်ရည်ပူများသည် အနားမှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေသည့် ဇနီးသည်ကိုလည်း မျက်ရည်တွေ ၀ိုင်းလာစေခဲ့ ပြီ။

အမှန်တော့ အရီးလေး တင်သည် ပင်ကိုစိတ်ရင်း ဖြူစင်မှုနှင့် သွားလေသူတို့ အား အလွမ်းစိတ်နှင့် ပြောပြ နေခြင်း ဖြစ်သည်။ မည်သူ့ကိုမဆို မေတ္တာစိတ်ဖြင့်သာ ကြည့်တတ် ခံစားတတ် သည်။ အိမ်ထောင်ကျပြီး နောက် ငိုချင်းတွေ မဆိုတော့ ပေမယ့် အသုဘအိမ်ကို သွား ၍ သေသူအကြောင်း တစ်ဖွဲ့ တစ်နွဲ့ပြော၍ ငိုတတ်သည်။ ပြောလိုက်၊ ငိုလိုက်မို့ အနီး အနားရှိသူတွေပါ မျက်ရည် မဆည်နိုင်တော့။ အဲသည်လို ငိုခဲ့တာ ကိုနက်တူး အသုဘ မှာ ကြုံခဲ့ရသည်။ ကိုနက်တူး က ခပ်ဆိုးဆိုး။ အမြဲတမ်း ထန်းရည်မူးပြီး ရွာထဲမှာ ရမ်း ကားနေသူ။ ရွာဟု ဆိုရသော် လည်း တစ်ရွာလုံးလိုလို ဆွေ မျိုးစပ်လျှင် တော်စပ်ကြသူ တွေချည်း ဖြစ်၍ သူ့ဆွေ ကိုယ့်အမျိုး စိတ်ဖြင့် အမှား အမှန် မခွဲခြားဘဲ ခွင့်လွှတ် သည်းခံကြလေ့ ရှိသည်။ ကိုနက်တူး၏ ဒုက္ခကို တစ်ရွာလုံး ခံခဲ့ကြရ၍ သူ သေဆုံး သွားသည့်အချိန်တွင် ၀ဋ် ကျွတ်သွားပြီ အတွေးနှင့် အားလုံးပေါ့ပါးသွားကြသည်။ နာရေးအိမ်ကို လာကြသူတိုင်း မည်သူမျှ မျက်ရည်မကျ။ သို့သော် အရီးလေးတင်ကို တော့ ခြွင်းချက်ထားရတော့သည်။

အသုဘ အလောင်းပြင်ပြီး မကြာခင် တဘက်ကလေး ခေါင်းပေါ်တင်၍ အရီးလေးတင် ရောက်လာခဲ့သည်။ ဖျာကြမ်းတွေပေါ်မှာ မျက်နှာအိုအိုနှင့် စု၍ ထိုင်နေကြသည့် မိန်းမတွေက နေရာ ဖယ်ပေးပေမယ့် မထိုင်ပါ။ အလောင်းပြင်ထားသည့် နေရာဆီသို့ တန်းတန်းမတ်မတ် သွားသည်။ ထို့နောက် ခုတင် ကို တင်ပါးလွှဲထိုင်ပြီး စန့်စန့်ကြီး လှဲနေသည့် ကိုနက်တူး မျက်နှာကို ငေးစိုက် ကြည့်နေသည်။ ကြည့်ရင်း ဖြင့် သူ့ပါးပြင်မှာ မျက်ရည် တွေ စီးကျလာခဲ့သည်ကော။

"နက်တူး... ဟဲ့ နက်တူး၊ ငါ့တူလေး၊ အရီးလာပြီလေ၊ ထကြည့်ပါဦး ငါ့တူလေး ရယ်။ အရီး ပိုက်ဆံပေးဦးတဲ့၊ အခုတော့ တောင်းပါဦးလား နက်တူးရဲ့။ အရီးမှာ ပိုက်ဆံ ပါလာတယ်နော်။ ထန်းရည် မမူးရင် ငါ့တူလေးက အကောင်း။ ရွာထိပ်က တံတားကြီး ကျိုးတော့ ငါ့ တူက သွားလို့လာလို့ရအောင် ပြင်ပေးလိုက်တာလေ။ အရီး တို့ တံတားပေါ် စိတ်ချလက်ချ သွား၊ ဘာမှမဖြစ်ဘူး။ ကျွန်တော် အာမခံတယ်လို့ မင်းပြောတာကို အရီးမှတ်မိ နေတယ်ဟဲ့။ မဖွားစိန်ကြီး နေ မကောင်းတော့လည်း မင်းပဲ အစအဆုံး ပြုစုပြီး အလောင်း မြေချတဲ့အထိ ဦးဆောင်လုပ် သွားတာလေ။ နက်တူး... ငါ့တူလေးရယ်၊ အခုတော့ အရီးတို့ကို ခွဲသွားပြီလား။ အရီးကို ပြောဦးလေ နက်တူး ရဲ့"

အရီးလေးတင်၏ အပြောနှင့် အငိုက အသုဘ တစ်ခုလုံးကို လွှမ်းခြုံသွား သည်။ လူတိုင်း လူတိုင်းမှာ အကောင်းအဆိုးနှင့် ဒွန်တွဲ လျက်ရှိ၏။ အဆိုးသည် မုန်းတီးခြင်းနှင့် စက်ဆုပ်ရွံရှာမှု ကို ပေါက်ဖွားစေသည်။ အဆိုးက အားသာခဲ့လျှင် အကောင်းသည် တိမ်မြုပ် ပျောက်ကွယ်၍ နေတတ် သည်။ သို့ရာတွင် အဆိုးထဲက အကောင်းကို မေတ္တာ စိတ်ဖြင့် ကြည့်လျှင် မြင်ရတတ်သည်။ ဤသို့ဖြင့် အရီး လေးတင်၏ နက်တူးအပေါ် မှာ ထားခဲ့သော မေတ္တာစိတ် သည် အသုဘ ရှုလာကြသူ အားလုံးကို ရိုက်ခတ်သွားခဲ့ သည်။ ကျွန်တော်တို့အားလုံး မျက်တောင်မြန်မြန်ခတ်ရင်း အရီးလေးတင်အား ငေးမော နေမိကြသည်။

"နက်တူးရေ... ငါ့တူလေး အေးသန်းကိုတွေ့ရင် ပြောလိုက်ဦးနော်။ ဒီနှစ် သူ့ယာခင်းက ကောင်းလိုက် တာလို့။ ရှင်အုန်းမယ်ကိုလည်း အရီးက မှာလိုက်တယ်။ သူ့သားကျော်ဇံလည်း ကျန်းမာရေးမှူး ဖြစ်သွားပြီ လို့နော်"

သံသရာခရီးကို သာမန် ခရီးဟု အရီးလေးတင် တွေး နေသလား မပြောတတ်။ ကိုနက်တူးကို ရှေ့က အရင် သေသွားနှင့်သူတွေနှင့် တွေ့လျှင် ပြောပြဖို့ တဖွဖွ မှာ ကြားနေရှာသည်ကိုး။ အရီး လေးတင်၏ အမှာစကားတွေ က မဆုံးနိုင်။ ဒွေးတော်မြ၊ ကိုကြီးပေါဌေး၊ ရွာတောင်ပိုင်းက ကလေးမီးမဖွားနိုင်ဘဲ ဆုံးသွားသည့် မအေးချို၊ ဦးပြားမောင် စသည်ဖြင့် သေသူ ကိုနက်တူးကို အကြောင်း ပြု၍ အခြားကွယ်လွန်အနိစ္စရောက်သွားသူတို့ပါ တစ်နွယ်ငင် တစ်စင်ပါပြီး တစ်ဖွဲ့တစ်နွဲ့ ပြောငိုနေသည့် အရီးလေးတင်ကို ကြည့်ရင်း အသုဘ လာကြသူတွေ အားလုံး လွမ်းကြရလေပြီ။ ဘ၀တစ်ပါးသို့ ခရီးထွက်ခွာသွားကြသော သူ့ဆွေမျိုး၊ ကိုယ့်ဆွေမျိုးတွေကို လွမ်းစိတ်ဖြင့် သတိရကာ မျက်ရည်မဆည်နိုင်အောင် ဖြစ်သွားခဲ့သည်။ အမေလည်း အနှစ်နှစ်ဆယ်ကျော်က ကွယ်လွန်အနိစ္စ ရောက်သွားခဲ့သည့် သူ့အဖေ နှင့်အမေ (ကျွန်တော့်အဘိုး နှင့်အဘွား)ကို သတိရရင်း ငိုရှာသည်။ အမေငိုတော့ ဘာ မှန်းမသိဘဲ ကျွန်တော်လည်း ငိုရပါသည်။ အသုဘတစ် အိမ်လုံး ငိုသံရှိုက်သံတို့ဖြင့် ပွက်လောညံလျက် ရှိသည်။ ယခုတော့ကား ကျွန်တော် သည် အရီးလေးတင်အား ငေးကြည့်ရင်း အဖေနှင့်အမေ ကို ပြန်လည်သတိရကာ ရင်ဆို့၍ လွမ်းမျက်ရည်စိုလာ ရပါတော့သည်။ သတိနှင့် ယှဉ်တွဲ မရှိတော့သည့် အသိ မှတ်ဥာဏ်တွေထဲမှာ အဖေ နှင့် အမေကို တွေ့လိုက်ရသည်။ မိဘနှစ်ပါး၏ ရင်ငွေ့အောက်မှာ လူလားမြောက် ကြီးပြင်းလာခဲ့သည့် ဘ၀ မြင်ကွင်းတွေကို ဖျိုးဖျိုးဖျတ် ဖျတ် တွေ့မြင်လိုက်ရသည်။ လွင့်မျောနေသော စိတ်အာရုံထဲမှာ အရီးလေးတင်၏ အသံတွေက ကြားတစ်ချက်၊ မကြားတစ်ချက်။ "ဟဲ့... ဒီကလေးတွေက ဘယ်သူ တွေတုန်း။ မင့်သမီးတွေ လား" သူ့အငိုကို လက်စ သိမ်းပြီးနောက် အနားမှာ ရှိနေကြသည့် သမီးနှစ်ယောက်ကို မေးငေါ့ပြရင်း အရီးလေးတင်က မေးသည်။ ရုတ်တရက်မို့ မကြားလိုက်မိ။ ဇနီးသည်က လက်တို့လိုက် တော့မှ အိပ်မက်ထဲမှ လန့်နိုးသွားပြီး ဟုတ်တယ် အရီးလေးတင်ဟု ပြောလိုက်ရသည်။ ကလေးနှစ်ယောက် ဆီသို့ စိတ်အာရုံ ပြောင်းသွား ခြင်းကြောင့် ကျွန်တော် ၀မ်းသာသွားသည်။ ဘ၀နေ၀င်ချိန် အမယ်အို၏ နှလုံးသားမှာ ပူဆွေးမျက်ရည်စတွေ ဖုံးလွှမ်းမနေစေချင်တော့ပါ။ ထို့အတူ ကျွန်တော်လည်း အလွမ်းကို မခံစား နိုင်ဝံ့တော့ပါ။ မျက်နှာမှာ မျက်ရည်စတွေ ကင်းစင်သွား၍ ကြည်ကြည် လင်လင် ရှိသွားခဲ့ပြီဟု ယူဆခဲ့သည်။ သို့ရာ တွင် ကျွန်တော့်မှန်းဆချက် လွဲမှား သွားခဲ့ရပြန်ပြီ။

"သြော်... မတင်ညွန့်၊ မတင်ညွန့်၊ သူ့မြေးတွေကို သိပ်ချစ်ရှာတာ။ ဒီကလေး နှစ်ယောက် ငယ်ငယ်တုန်းက ရွာကို လာခဲ့ဖူးတာပေါ့တော်။ ပန်းနုရောင် ဂါဝန်လေးတွေ ၀တ်ထားတဲ့ ကလေးနှစ် ယောက်ကိုလက်ဆွဲပြီး ငါ့အိမ် ကို ရောက်လာခဲ့တာလေ။ အရီးလေးတင် ကျုပ်မြေးတွေ က မလှဘူးလားလို့ မေး လိုက်လို့ လှပါတော်... လှ ပါ့၊ လှပါ့လို့ ငါက ပြန်ပြော လိုက်ရော မင်းအမေမျက်နှာ က ၀င်းထိန်သွားလိုက်တာ လေ။ အင်း.. အခုတော့ လည်း သူ့မြေးတွေ အနား မရှိရှာတော့ဘူးပေါ့လေ"

ငိုသံဖြင့် ရောထွေးရင်း ပြောနေသည့် စကားသံတွေကို နားထောင်ရင်း သက်ပြင်း ရှိုက်ထုတ်လိုက်မိသည်။ အရီးလေးတင်မို့သာ သည်လောက် မှတ်မိသည်။ ကျွန်တော့်မှာတော့ သူ့လို မတွေးမိ၊ မမှတ်မိ။ ထိုအတွေးများဖြင့် လွမ်းရ ကောင်းမှန်းလည်း မသိပါ။

X

"ဖေဖေတို့က ဘာတွေ မှန်းလည်း မသိဘူး။ ငိုလိုက် ကြတာ" အရီးလေးတင် ပြန် သွားပြီးနောက် သမီးကြီးက မျက်နှာရှုံ့မဲ့ပြရင်း ပြောလိုက် သည်။ ဧည့်ခန်းထဲမှာ သီ ချင်းစီဒီပြားဖွင့်၍ နားထောင် ဖို့ စိတ်ကူးလေးပျက်သွား၍ မကျေမနပ်လည်း ဖြစ်နေပုံရ သည်။ ခံစားချက် မတူညီ သော သူတို့နှလုံးသား လက် ခံနိုင်အောင် ကျွန်တော် မည်သို့ ရှင်းပြရမည်နည်း။ သူတို့လို အရွယ်တုန်းက ကျွန် တော်လည်း သူတို့လို တွေး ခဲ့ဖူးသည်။ သို့သော်ယခု ကလေးတွေနှင့် ကျွန်တော် တို့သည် ခေတ်ကာလနှင့် ဘ၀ဖြတ်သန်းမှုတွေ ကွာခြား သွားခဲ့သလို ခံစားမှုတွေ လည်း မတူညီတော့ပြီ ဖြစ် သည်။ မန္တလေးမှ ပြန်ရောက် ပြီး တစ်လအကြာမှာ အရီး လေးတင် ဆုံးပါးသွားခဲ့ သည်။ မဟာမြတ်မုနိဘုရား ကြီးကိုလည်း ဖူးပြီးပြီ။ မောင်ထွန်းရွှေနဲ့ မတင်ညွှန့် တို့၏အိမ်ကိုလည်း သွားပြီး ငိုခဲ့ပြီးပြီ။ သေပျော်ပါပြီအေ ဟု ပြောခဲ့သေးသည်တဲ့။ သူ့ စိတ်ထဲမှာ အဖေနှင့်အမေ အတွက် မငိုရသေး၍ ထိခိုက် ခံစားနေရဟန် ရှိသည်။ မွေး ဖွားခြင်း၊ နေခြင်း၊ သေခြင်း ဟူသည် ဘ၀၏သဘာဝဖြစ် စဉ်တစ်ခု၊ အချိန်တန်တော့ သေခြင်းတရားဖြင့် ရင်ဆိုင် ၍ ရှင်သန်ခြင်းကဏ္ဍ အဆုံး သတ်လိုက်ခြင်းသာ။ သို့ သော် ရှင်သန်နေခိုက်မှာ လူ သားတို့၏နှလုံးသားသည် ဖြူစင်သော မေတ္တာတရား တွေ ၀န်းဖွဲ့ထားဖို့ လိုပါသည်။

"အဖေ အရီးလေးတင် က ငိုချင်းတွေလည်း ရ တယ်။ အသုဘအိမ်တွေကို လည်း သွားပြီးငိုတယ်။ ငို စရာမရှိ ကြံဖန်လွမ်းပြီး ငိုနေ တာလား" ဟု တစ်ခါက အဖေကို မိုက်မိုက်မဲမဲ မေးခဲ့ ဖူးသည်။

"မဟုတ်ဘူးကွ။ အရီးလေးတင်ဟာ လွမ်းချင် ငိုချင်ရင် သူ့ဘ၀ မပြေလည်မှု တွေပဲတွေးပြီး ငိုမှာပေါ့။ သူ့ အဖေကရော၊ သူ့ယောက်ျား ကရော သေလုမျောပါး ရိုက် တာတောင် မျက်ရည်တစ် စက် မကျခဲ့ဘူး။ ဒါပေမယ့် သူများအပူကိုတော့ မျှဝေခံ စားပြီး မျက်ရည်ကျတာဟာ မေတ္တာစိတ်ကြောင့်ကွ။ မင်း လည်းအသိသားပဲ။ ဘယ်သူ ကိုမဆို မေတ္တာထားပြီး ကောင်းတဲ့အမြင်နဲ့ ကြည့် တယ်။ ကောင်းတာတွေပဲ တွေးတယ်။ ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ တောသူအရိုးအအကြီး ရဲ့ ရင်ထဲမှာ ခွင့်လွှတ်တဲ့ စိတ် တွေအမြဲရှိနေတယ်။ ဒီလိုမျိုး အဖေတို့ မင်းတို့ရင်ထဲမှာ အမြဲရှိနိုင်ပါ့မလား"

အဖေ၏ စကားအဆုံး တွင် ကျွန်တော် ငေးငိုင်သွား ခဲ့ရသည်။ အမုန်း၊ ဒေါသ၊ အဃာတ၊ အငြိုးအတေးများ ဖြင့် ဖုံးလွှမ်းခြင်းခံနေရသော လူသားတို့၏ နှလုံးသား သည် အမြဲလိုလို ပူလောင် နေလျက်ရှိသည်။ ထို့အတူ လူ့အဖွဲ့အစည်း အသိုက်အ၀န်း သည်လည်း အေးချမ်းမှု မရ နိုင်တော့ပါ။ သည်တော့မှ မေတ္တာနှင့် ယှဉ်သော နှလုံး သားခံစားမှုကို နားလည် သဘောပေါက်သွားရသည်။ တကယ်တော့ အရီးလေး တင်သည် ကျွန်တော့်အား နေရခိုက် လူ့ဘ၀မှာ အေးမြ ငြိမ်းချမ်းသည့် အတွေးအသိ တွေဖြင့် ခံစား၍ နေတတ် အောင် လက်ဆင့်ကမ်းသွား ခဲ့မှန်း မတွေးမိခဲ့။ ယခုတော့ အရီးလေးတင်ကို လွမ်းရပါ လေပြီ။ ထိုအလွမ်း စိတ်ထဲမှာ ကျွန်တော် မိဘနှစ်ပါးရှိ သည်။ ဘ၀တစ်ပါးသို့ ဆော လျင်စွာ ကူးပြောင်းသွားခဲ့ ကြသည်။ ကျွန်တော့်မိတ် ဆွေအချို့ ရှိသည်။ အမုန်း၊ ဒေါသတို့ ကင်းစင်သော နှလုံးသားထဲက မျက်ရည် များကို မြင်တွေ့နေရလေပြီ။ 

ညိုထွန်းလ

(ရွှေအမြုတေ မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား ရွှေအမြုတေ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.