Monday, November 24, 2008

[Nine Nine SaNay] 1 New Entry: လူတိုင်း အချစ်ခံထိုက်သည်

လူတိုင်း အချစ်ခံထိုက်သည်


အချစ်စစ်က အဖိုးမဖြတ်နိုင်ဘူး၊ အချစ်စစ်နဲ့ ချစ်ဖို့ရာ အကြောင်းတရားမလိုဘူး
ယုံကြည်မှုကို လက်ကိုင်ထားရင် .... လူတိုင်းက အချစ်ခံထိုက်သူတွေဖြစ်တယ်။

"ကျွန်မ ငယ်ငယ်ကလေ နေကြီးကိုရွက်ပြီး ရေခဲချောင်း အပြည့်တင်ထားတဲ့ စက်ဘီးနဲ့ ကစားကွင်းတွေမှာ ရေခဲချောင်း လိုက်ရောင်းခဲ့ရတယ်။ ရေခဲချောင်းတွေ ရောင်းလို့ မကုန်ရင် ....... "

စီးကရက်ကိုင်ထားတဲ့ လက်ဖမိုးနဲ့ နဖူးပေါ် ကျနေတဲ့ ဆံစတွေကို သပ်တင်ရင်း သူစကားဆက်ပြန်တယ်။

"ရောင်းလို့ မကုန်ရင် ရေခဲပုံးကို ဖက်ပြီး လမ်းဘေးမှာ ကျွန်မငိုနေတတ်တယ်။ ရောင်းမကုန်ရင် အဖေက ကြိမ်လုံးနဲ့ ကျွန်မကို ရိုက်တယ်။ ကျွန်မတစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ"

"ကျွန်မငိုပြီဆိုရင် ပုတုက ကျွန်မကို လာလာကူတတ်တယ်။ သူက ကျွန်မတို့ အိမ်နားကပဲ။ သူလည်း ရေခဲချောင်းရောင်းတယ်။ ကျွန်မငိုတာကို မကြည့်ရက်လို့ဆိုပြီး ရေခဲချောင်းတွေကို ပိုက်ဆံနဲ့ လာလာလဲတယ်။ ဒါမှ အိမ်ပြန်ရောက်ရင် ကျွန်မအရိုက်မခံရမှာ...."

"ငယ်ငယ်က ကျွန်မတို့ အရမ်းဆင်းရဲတယ်"

အနာကပ်ပလာစတာ ကပ်ထားတဲ့ ခြေထောက်က ဒဏ်ရာကို သူ ပွတ်သပ်နေတယ်။

"နှစ်ယောက်အိပ် ကုတင်ပေါ်မှာ ကလေး၎ယောက်၊ လူကြီးနှစ်ယောက်နဲ့ ကျွန်မတို့ ကျပ်ကျပ်ညှပ်ညှပ် အိပ်ကြရတယ်။ ကျွန်မက အကြီး.. တစ်ခြားမောင်နှမတွေထက် ကျွန်မက လူကောင်ထွားတယ်။ မိုးရွာတဲ့ညဆိုရင် ကျွန်မကံမကောင်းဘူး။ ကျွန်မခြေရင်း ခေါင်မိုးက မိုးယိုတော့ ရေပုံးနဲ့ ခံထားရတယ်။ တစ်ညလုံး ကျွန်မ ခြေမဆန့်ဘဲ အိပ်ခဲ့ရတယ်"

"ဒါပေမယ့် ကလေးဆိုတော့နော်..... အိပ်ကောင်းကောင်းနဲ့ မေ့ပြီး ရေပုံးကို ခြေထောက်နဲ့ ကန်မိတတ်တာပေါ့။ ရေပုံးမှောက်လို့ ကုတင်တစ်ခုလုံး ရွှဲသွားရင် အဖေကကျွန်မကို ချက်ချင်း ကုတင်အောက်ဆွဲချပြီး ရိုက်တော့တာပဲ"

သူ့မျက်လုံးမှာ မျက်ရည်တွေ သီခိုနေတယ်။

"ကျွန်မလေ နာလိုက်တာ သေမတတ်ဘဲ...."

"ကျွန်မအပျော်ဆုံးနဲ့ အအောင်မြင်ဆုံးအချိန်က ကျွန်မ မိန်းမရွှင်စလုပ်တဲ့ အချိန်ပဲ"

ကျွန်မကို မျက်စလေး ပစ်ပြပြီး သူစကားဆက်ပြန်တယ်။

"အခုလို ရွတ်တွနေတဲ့ ကျွန်မရဲ့ အသားအရေကို မကြည့်နဲ့နော်။ ကျွန်မ ငယ်ငယ်က ချောတယ် သိလား။ ယောက်ျားလေးတွေကို ကျွန်မဘာလိုချင်သလဲ စကားဟလိုက်တာနဲ့ လိုချင်တာ ချက်ချင်းရတယ်။ ရတဲ့ ပိုက်ဆံတွေကို ကျွန်မအိမ်ပြန်အပ်တယ်။ ဒါပေမယ့် အဖေနဲ့အမေက ကျွန်မကို မျက်စောင်းနဲ့ပဲ ကြည့်ကြတယ်။ လိမ္မာတဲ့ ကျွန်မကို အဖေနဲ့အမေက မချစ်ကြဘူး။ သူတို့ဘာဖြစ်လို့ ကျွန်မကို မချစ်ကြမှန်း ကျွန်မလဲ မသိဘူး..."

ဆေးလိပ်တစ်ဖွာကို ခပ်ပြင်းပြင်း သူရှိုက်ရင်း "တစ်လောက ခရစ်ယာန်ဘုန်းကြီးနှစ်ပါး အိမ်ကိုရောက်လာတယ်။ သူတို့က ပြောတယ်။ ဘုရားသခင် ကျွန်မကို ချစ်တယ်တဲ့။ ကျွန်မဟာ ဘုရားသခင်ရဲ့ သမီးတော်တဲ့။ အဲစကားကြားတော့ ကျွန်မမှာ ရီချင်လိုက်တာ... ဟား... ဟား...ဟား ..." ပြောရင်း သူရယ်တယ်။ အရယ်မျက်လုံးထဲမှာ မျက်ရည်ဥတွေ တွဲခိုလို့...

"ဘယ်သူ့မှ ကျွန်မကိုမချစ်ဘူး... အချစ်စစ်နဲ့ ဘယ်သူ့မှ ကျွန်မကို မချစ်ခဲ့ကြဘူး"

သူ့ကို သတိရတိုင်း မြင့်မားတဲ့ သူ့ပုံရိပ်၊ ဒဏ်ရာအနာတွေ ယှက်သန်းနေတဲ့ သူ့အကြည့်နဲ့ အထီးကျန်မှုတွေ ခံစားနေရတဲ့ သူ့သဏ္ဍာန်ကို ကျွန်မအရင်ဆုံး ပြေးမြင်မိတတ်တယ်။ တကူးတက လှပအောင် ခြယ်သထုတ်ပိုးထားတဲ့ သူ့ပြင်ပန်းသဏ္ဍာန်က အတွင်းစိတ်မှာ ခံစားနေရတဲ့ သူ့ခံစားချက်ကို မဖုံးဖိနိုင်ခဲ့ဘူး။ ဒဏ်ရာအထပ်ထပ်နဲ့ ဖြတ်ကျော်ခဲ့ရတဲ့ အတိတ်က နာကျင်မှုတွေကို မသိုဝှက်နိုင်ခဲ့ဘူး။

လူတိုင်းရဲ့ ခန္ဓာထဲမှာ ချစ်ခြင်းမေတ္တာကို လိုအပ်နေတဲ့ မွေးရာပါ နေရာလပ်တစ်ခု ရှိကြတယ်။ တကယ်လို့ လူတစ်ယောက်ကို ငယ်ငယ်လေးကတည်းက လိုအပ်တဲ့ ချစ်ခြင်းတွေကို ဂရုတစိုက် ဖြန်းလောင်းပေးခဲ့ရင် အဲဒီ နေရာလပ်ဟာ လုံလောက်တဲ့ရေတွေ ရခဲ့တဲ့ ရေစုတ်စက်တစ်လုံးလို တွင်းထဲက ရေတွေကို ပိုထုတ်ယူနိုင်မှာဖြစ်တယ်။ (လက်နဲ့ရေတင်ရတဲ့ ရေစုတ်စက်တွေကို တွင်းထဲက ရေတွေ မစုတ်ယူခင် အရင်ရေလောင်းပေးရပါတယ်။ ဒါမှ တွင်းထဲက ရေတွေကို အလွယ်တကူ စုတ်ယူနိုင်မှာ ဖြစ်ပါတယ်)

ဒါပေမယ့် တစ်ချို့ လူတွေက (ကျွန်မမျက်စိရှေ့က သူ့လိုပဲ) လိုအပ်တဲ့ ချစ်ခြင်းတွေ အပြည့်အဝ မရခဲ့ကြဘူး။ ရေစုတ်စက်အောက်ဆုံးမှာ အစုတ်ခံမယ့်ရေတွေကို ပေါက်နေတဲ့ ခွက်ထဲ ထည့်လိုက်သလိုပဲ တစ်စက်မကျန် အကုန် ယိုဖိတ်ကုန်ခဲ့တယ်။

ညှိုးနွမ်းနေတဲ့ သူ့ခန္ဓာဝိညာဉ်က ချစ်ခြင်းတွေကို မထုတ်နိုင်ခဲ့တော့ဘူး။

အချစ်ခံရဖို့အတွက် တစ်ချို့က တစ်ဖက်လူရဲ့ အလိုကို လိုက်လျောရတယ်လို့ ထင်မှတ်ထားကြတယ်။ တစ်ချို့က ပင်ပင်ပန်းပန်း ရှာပေးရတယ်လို့ ထင်မှတ်ထားကြတယ်။ တစ်ချို့က ခန္ဓာကိုယ်ကို ပေးအပ်ရတယ်လို့ ထင်မှတ်ထားကြတယ်။ တစ်ချို့က တစ်ဖက်လူရဲ့ မျှော်လင့်ချက်ကို အကုန်ဖြည့်ပေးရတယ်လို့ ထင်မှတ်ထားကြတယ်။ တစ်ချို့က အရာရာကို အနစ်နာခံ စွန့်လွတ်ရတယ်လို့ ထင်မှတ်ထားကြတယ်။

ကမ္ဘာကြီးက ဘယ်သူ့ကိုမှ ဗဟိုပြုပြီး လည်ပတ်နေတာ မဟုတ်ပါဘူး။
ယုံကြည်မှုကို လက်ကိုင်ထားရင် .... လူတိုင်းက အချစ်ခံထိုက်သူတွေဖြစ်တယ်။
လူတွေရဲ့ အချစ်ကို ခံချင်ရင် လူတွေကို ချစ်တတ်အောင် အရင်သင်ယူရတယ်။
လူတွေကို ချစ်ခြင်းတွေ အရင်ပေးမှ သူတို့ကတစ်ဆင့် တစ်ခြားလူတွေကို ဆင့်ပွါးနိုင်မှာဖြစ်တယ်။

ဒီလောကမှာ "ကိုယ်" (myself) ဆိုတာ တစ်ဦးတည်းပဲရှိတယ်။ ကိုယ်နဲ့တူတဲ့လူ နောက်ထပ် လုံးဝမရှိနိုင်ဘူး။ "ကိုယ်" မှာ ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ မျက်လုံးတစ်စုံရှိတယ်။ ချစ်ခြင်း၊ သနားခြင်းတွေနဲ့ ခုန်လှုပ်နေတဲ့ နှလုံးသားတစ်စုံရှိတယ်။ "ကိုယ်"ဟာ ရိုသေလေးစား ခံထိုက်သူဖြစ်တယ်။ အချစ်ခံထိုက်သူဖြစ်တယ်။ ဒါတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းရဲ့ ရလဒ်တွေဖြစ်တယ်။ ယုံကြည်မှုက လူတွေရဲ့ အကဲ့ရဲ့၊ အနှိမ်ခံတာကို လျှစ်လျှူရှူထားပေးတယ်။

ကိုယ့်ဘေးကလူတွေ ကိုယ်ကို ချစ်ခြင်းတွေ ပေးစွမ်းမရှိတဲ့အခါ၊ ကိုယ့်ကို ပွေ့ဖက်ဖို့ အားအင်တွေ မရှိတဲ့အခါ သူတို့ကို ကိုယ်ချင်းစာ နားလည်ခွင့်လွတ်ပေးလိုက်ပါ။ သူတို့မှာ လူတွေကိုချစ်ဖို့၊ သူတို့ကိုယ်သူတို့ချစ်ဖို့ အချစ်တွေ ပါမလာခဲ့လို့ပါပဲ။

ရိုးသားမှု၊ ရိုသေလေးစားမှု၊ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ကပေးဆပ်နေလျှက်နဲ့ လူတွေရဲ့ လှောင်ပြောင်မှု၊ ကဲ့ရဲ့ဆဲဆိုမှု၊ အပြစ်ပုံချမှုတွေ သင် ခံနေရသေးတယ်ဆိုရင် သင်မကောင်းလို့ မဟုတ်ပါဘူး။ သင့်ရဲ့ပေးဆပ်မှုတွေကို အဲဒီလူတွေ လက်ခံနိုင်တဲ့ အဆင့်မရှိသေးလို့ပါ။

တကယ်လို့ သင့်ခန္ဓာသင့်ဝိညာဉ်တွေ ညှိုးနွမ်းခဲ့ရင် နားနှစ်ဖက်ကို ပိတ်ထားလိုက်ပါ။ တစ်ခြားလူရဲ့ ထိခိုက်နာကျင်စေမယ့် စကားတွေနဲ့ ကိုယ့်နှလုံးသားကို အပြည့် မဖြည့်လိုက်ပါနဲ့။ နေရာလပ်တစ်ခု ချန်ထားပြီး ယုံကြည်မှုတွေ ဖြည့်ပေးပါ။

ရင်ထဲက လာတဲ့ ချစ်ခြင်းမေတ္တာ အစစ်အမှန်က အဖိုးမဖြတ်နိုင်ပါဘူး။
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာအတွက် အကြောင်းတရား မလိုပါဘူး။
ယုံကြည်မှုကို လက်ကိုင်ထားရင် .... လူတိုင်းက အချစ်ခံထိုက်သူတွေဖြစ်တယ်။

နိုင်းနိုင်းစနေ

Mo Zhai (莫齋) ရေးထားတဲ့ စာကို နားလည်သလို ဘာသာပြန်ထားပါတယ်။

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.