Sunday, December 21, 2008

[ဒီဇင်ဘာနှင်း] 1 New Entry: အလုပ်ထဲမှာ

အလုပ်ထဲမှာ

လုပ်ငန်းခွင်ဆိုတာ လူပေါင်းစုံ အတူတကွ တစုတဝေးထဲ ရှိနေတတ်တဲ့ နေရာတစ်ခုပါ။ သူဌေးကအစ အောက်ခြေ အလုပ်သမားအထိ စရိုက်မျိုးစုံ ပုံစံမျိုးစုံကို တွေ့ရတဲ့နေရာတစ်ခုလဲ ဖြစ်ပါတယ်။ လူအများနဲ့ ဆက်ဆံရတဲ့အခါ ကိုယ့်စိတ်တိုင်းမကျစရာတွေကိုလဲ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အများနဲ့ စုပေါင်းလုပ်ကိုင်ရတဲ့အခါ သည်းခံခြင်းဆိုတဲ့အရာကို စိတ်ထဲထားပြီး မကြိုက်ပေမယ့်လည်း လုပ်ကြရတာပါပဲ။ ကိုယ်ကမကြိုက်တိုင်းသာ ပြောဆိုပြီး ပြဿနာဖြစ်နေမယ်ဆိုရင် လုပ်ငန်းခွင်မှာ တော်တော်လေး အနှောင့်အယှက်ဖြစ်မှာပါ။

နောက်တစ်ခုကတော့ အလုပ်လုပ်တဲ့အခါမှာ အလုပ်အကြောင်းကို နားလည်တဲ့သူနဲ့ နားမလည်တဲ့သူဆိုပြီး တွေ့ရပြန်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အကြောင်းကို သေသေချာချာ နားလည်တဲ့သူက သူတစ်ပါးကို မတွက်ကပ်တတ်သလို အမြင်စောင်းတာတွေ ကိုယ့်အမှားကို ထောက်ပြလိုက်တာနဲ့ စိတ်ဆိုးတတ်တာတွေ စတာတွေကို သိပ်မတွေ့ရပါဘူး။ နားမလည်တဲ့သူကျတော့ မင်းလုပ်တာ မှားနေတယ်လို့ ပြောလိုက်တာနဲ့ စိတ်ဆိုးတော့တာပဲ။ အမှန်တကယ်က ကိုယ်လုပ်တာမှားနေရင် လက်ခံပြီး နောင်မမှားအောင် ပြင်လိုက်ရင် ပြီးသွားတာပါပဲ။ လာပြောတဲ့သူကို စိတ်ဆိုးနေမယ်ဆိုရင် နောင်တစ်ခါကိုယ့်အမှားကို ဘယ်သူက လာပြောရဲတော့မှာလဲ။ အလုပ်သမားအချင်းချင်း နားလည်လို့ သတိပေးတာကို လက်မခံရင် လူကြီးတစ်ယောက်ဆီကို ရောက်သွားမှ ပြဿနာက ပိုကြီးသွားတတ်ပါတယ်။ အဲဒီလိုလာပြောလိုက်လို့ ကိုယ့်ကိုနှိမ်တာလို့ထင်ရင် ကိုယ်ပဲမှားမှာပါ။ ကိုယ့်ကိုလာနှိမ်နေတယ်.. ဆရာလာလုပ်နေတယ်... စတဲ့အတွေးတွေကို မတွေးသင့်ပါဘူး။ တစ်ဖက်လူမှာ ကိုယ်ထင်သလို အတွေးတွေက ရှိချင်မှရှိမှာပါ။ ဒါတွေက ကိုယ့်စိတ်က တစ်ဖက်သတ်ထင်တာလဲ ဖြစ်နေတတ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ အသက်ကြီးတယ် ငယ်တယ်ဆိုတာက တစ်ပိုင်း လုပ်ငန်းကျွမ်းကျင်မှုကတစ်ပိုင်းပါ။ ကိုယ့်ထက်ငယ်ပေမယ့်လည်း ကိုယ့်ထက်အလုပ်မှာ ကျွမ်းကျင်နေတတ်တာကိုလဲ တွေ့ရပါတယ်။ တစ်ခါတလေ အလုပ်မှာ အသက်ကြီးတဲ့လူတွေဟာ လူငယ်တွေနဲ့ တွဲလုပ်ရတဲ့အခါ ဖိအားပိုများတာကိုလဲ တွေ့ရပါတယ်။ အသက်အရွယ်ကွာခြားတာကြောင့် သူတို့ကို မလုပ်နိုင်တော့ဘူးလို့ သူဌေးအမြင်မှာ မြင်သွားမှာကို အလွန်ကြောက်ကြပါတယ်။ အသက်ကြီးတဲ့လူတွေ ပြောနေကြစကားတစ်ခွန်းရှိပါတယ်။ " နင်တို့တွေ ငါတို့အရွယ်ရောက်လာရင် သိလာလိမ့်မယ်" ။ ဟုတ်ပါတယ် နှင်းတို့သာ အဲဒီအရွယ်ရောက်သွားရင် ဒီလိုပဲ ခံစားရမှာပါ။ လူငယ်တွေအနေနဲ့ အသက်ကြီးတဲ့လူနဲ့ တွဲလုပ်တဲ့အခါ သူတို့အပေါ်နားလည်ပြီး ကိုယ်ချင်းစာနိုင်ရင် အကောင်းဆုံးပါပဲ။ နောင်တစ်ချိန် ကိုယ်လဲသူတို့နေရာကို ရောက်မှာပါပဲ။

You received this email because you are subscribed to the real_time feed for http://decemberhnin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.