အမေ့ကို........ပြောပြရဦးမယ်
ကမ္ဘာကြီးမှာ ၊ မြန်မာနိင်ငံမှာ လူသားတိုင်း လူသားတိုင်း ပညာတွေ သင်နေကြတယ်။ အသက်အရွယ်အလိုက် ၊ ကိုယ်နေရတဲ့ နေရာအလိုက် ၊ ကိုယ်တက်နိင်တဲ့ အနေအထား မျိုးစုံနဲ့ ၊ ဟိုနိင်ငံက ကျောင်းသားက ဒီနိင်ငံမှာ ပညာသင် ၊ ဒီနိင်ငံက ကျောင်းသားက ဟိုနိင်ငံမှာ ပညာသင် ၊ ပညာတွေကို နည်းမျိုးစုံနဲ့ တက်နိင်သလို သင်ကြတယ်။ ဒါဟာ သိပ်ကို ကောင်းတဲ့ အချက်ပါ။ လူဆိုး ၊ လူမိုက်တွေ လွှမ်းမိုးတဲ့ ကမ္ဘာကြီးထက် လူပညာရှိတွေ လွှမ်းမိုးတဲ့ ကမ္ဘာကြီးက ပိုကောင်းတယ် မဟုတ်လား။
ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိင်ငံမှာပေါ့။ ဘွဲ့ရတယ် ၊ ရတဲ့ဘွဲ့နဲ့ လုပ်ကိုင်စားသောက်လို့ အဆင်ပြေသွားတာ ရှိတယ်။ မပြေတာတွေ ရှိတယ်။ ကိုယ်သင်ခဲ့ရတဲ့ ဘာသာဟာ လက်တွေ့မှာ အသုံးတည့်နေတယ် ဆိုရင်တော့ ဒီလူ့အတွက်ကတော့ နောင်ရေးအတွက် စိတ်ပူစရာ မရှိပါဘူး။ တစ်ချို့တွေကြတော့ ကျောင်းပြီးပေမယ့် လုပ်ကိုင်တော့ တခြားအလုပ်အကိုင်တွေလုပ်လို့။ ကိုယ့်နိင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ အနေအထားနဲ့လည်း သက်ဆိုင်မှာပေါ့။ ထားပါတော့ ပြောချင်တာ ဒီအကြောင်းတော့ မဟုတ်ပါဘူး။
အဘိုးတွေ အဘွားတွေခေတ်က ပြောကြတယ်။ ရွာဘက်တွေ နယ်ဘက်တွေမှာဆိုရင် " လုပ်မနေပါနဲ့....သေစာ ရှင်စာ ဖတ်တက်ရင် တော်ပြီပေါ့ကွာ " တဲ့။ " မင်းသားသမီးတွေက ဒီပညာနဲ့ လုပ်စားမှာလည်း မဟုတ်ဘူး " အချိန်တန် ကြီးလာတော့ ငါတို့လို လယ်သမားဖြစ်မှာ ၊ ဘာဖြစ်မှာ ညာဖြစ်မှာနဲ့ " ပြောဆိုကြတယ်။ တကယ်ပဲ အခုလက်ရှိ ဘ၀မှာလည်း ရှိပါသေးတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဧရာဝတီတိုင်း ရွာဘက်တွေမှာ ဆိုရင် ကလေးအရွယ်ရောက်ရင် ကျောင်းထားတယ် ၊ အသက်ကလေး နည်းနည်းကြီးလာသလို ၊ အတန်းပညာ ၆ တန်း ၇ တန်းလောက်လည်း ရောက်ရော အိမ်က မိဘရဲ့ လက်ငုပ်ရင်း ဖြစ်တဲ့ လယ်ယာ ၊ ကိုင်းကျွန်း အလုပ်တွေ ကူလုပ်ကိုင်ရင်း အဲဒီအတက်ပညာကိုပါ သူတို့ သင်ယူမိသလို ဖြစ်သွားတယ်။
အမှန်ကတော့ ကလေးတွေ အနေနဲ့ သူ့မိဘ စီးပွားရေးကို ကူညီတာ ၊ အိမ်အလုပ် ကူလုပ်တာ ဖြစ်တယ်လို့ ယူဆနိင်ပေမယ့် ၊ တဖက်မှာ ပညာရေးအရ ကြည့်ရင် ညဆို ပင်ပန်းတဲ့ဒဏ်ကြောင့် စောစောအိပ်ပျော်သွားရာကနေ စာမကြည့်ဖြစ်ပဲ ပညာရေးမှာ ပိုမိုဆိုးဝါးလာပါတော့တယ်။ ဒီတော့ နောက်ဆုံး မိဘအလုပ်ကို ကူလုပ်ရင်း သူတို့လည်း မိဘရဲ့ အမွေကို ခံယူသွားကြတာ များပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဘယ်သူ့ဘယ်သူမှာ အပြစ်ပြောရမှန်းတောင် မသိတော့ပါဘူး။
ကျွန်တော်တို့ ပညာတွေသင်ကြတယ်။ ဘွဲ့တွေ တစ်ခုပြီး တစ်ခုယူကြတယ်။ တဖက်ကလည်း ဒီပလိုမာတွေ ၊ ဘာသာစကားတွေ အမျိုးမျိုး အစုံစုံနဲ့။ တစ်ချို့ကျတော့ ပညာတွေတက်တော့ ဘာဖြစ်လည်း ။ ပညာတက်တာ ထမင်းစားရလို့လား။ လောကမှာ ငွေရှိဖို့ပဲကွာ။ သေစာရှင်စာ ဖတ်တက်ရင် တော်ပြီပေါ့။ ကိုယ့်အပေါ် လူလိမ်တာ မခံရရင်တော်ပြီပေါ့။ ဒီလိုမျိုး ပြောတဲ့လူတွေလည်း ရှိတယ်။ မှန်ပါတယ်။ ပညာတွေ တက်တာနဲ့ လုပ်စားလို့ရတာတွေ ရှိတယ်။ မရတာတွေရှိတယ်။
ဒါပေမယ့် ပညာတွေ တက်တာနဲ့ မတက်တာ ဘာကိုကွာခြားစေသလဲဆိုတော့ " စဉ်းစားတွေးခေါ်မှုပါ " ။ ပညာတက်တဲ့ လူက သူ့ဘ၀ ထိခိုက်မှာ သိပ်ကြောက်တယ်။ သူဒုက္ခဖြစ်မယ့် ကိစ္စဆို လှည့်တောင် မကြည့်ဘူး။ ငါဒါလုပ်ရင် ဘာဖြစ်မလဲ ၊ ငါဒီလို ပြောရင် ဘယ်လိုဖြစ်သွားမလဲ ၊ သူ့မှာ ပညာမတက်တဲ့ လူထက် စဉ်းစားတွေးခေါ်မှု ပိုသာသွားတယ်။ အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ လုပ်တဲ့သူကြတော့ မပါဘူးပေါ့ဗျာ။ သူကတော့ အများအကျိုးအတွက် ဆိုကတည်းက မြင့်မြတ်တယ်လို့ကို သက်မှတ်နိင်ပါတယ်။ အသိဥာဏ်နည်းပါးတဲ့ သူ ၊ ( ပညာရေး နိမ့်ပါးတဲ့သူပေါ့ဗျာ ) သူကတော့ သူထင်တာ ၊ သူလုပ်ချင်တာကို ဇွတ်လုပ်ပစ်လိုက်တာပဲ။ ရှေ့တွေနောက်တွေ မသိဘူး။ သူ့ဆီမှာ လတ်တလော ခံစားနေရတာကို ကြည့်ပြီး သူလုပ်ချင်တာကို ဇွတ်လုပ်ပစ်လိုက်တယ်။ ဒီတော့ မမှားသင့်တဲ့ အတွေးအခေါ်တွေ မှားပြီး ဒုက္ခပိုရောက်တက်တယ်။
အမေ ငယ်ငယ်တုန်းက ပြောပြောနေတဲ့ ငါတို့ ပေးနိင်တဲ့အချိန် ပညာကို တက်အောင်သင်ကြတဲ့။ ဘာလို့လည်း အမေ။ သား ကျောင်းမတက်ချင်ဘူး။ အိမ်စာလည်း မလုပ်ချင်ဘူး။ ဒါပေမယ့် လိုချင်တာ ၀ယ်ဖို့ ပိုက်ဆံတော့ ရချင်တယ်။ ကလေးအတွေးပါ။ အမေကတော့ ပညာတွေ တက်တော့ င့ါသား " အရာရာကို စဉ်းစားချင့်ချိန်နိင်တာပေါ့တဲ့ " ။ အမေပြောတာ မှန်ပါတယ်။ ဒါပေမယ့် လောကကြီးမှာ ပညာတွေ တက်ရဲ့သားနဲ့ ပညာရှိနည်းနဲ့ နှိပ်စက်နေကြတဲ့လူတွေ ၊ ယုတ်မာနေကြတဲ့ လူတွေ ရှိတာတော့ ဘယ်လိုပြောမလဲ အမေလို့ ပြန်မေးချင်မိတယ်။ သူတို့တွေက ပညာတွေ တက်ရဲ့သားနဲ့ မစဉ်းစားပဲ လုပ်ချင်တာ လုပ်တဲ့အခါ ၊ ပညာမတက်တဲ့ လူတွေလုပ်တာထက် ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ အမေကို ဒီတခါပြန်ရင် ပြန်ပြောရဦးမယ်။ ဘာလို့လဲဆိုတော့ အမေက ပညာမတက်ပါဘူး။ အတန်းပညာကို ဘုန်းကြီးကျောင်းမှာပဲ ပြီးခဲ့တာ။ ဒါပေမယ့် သားပညာ တက်ရင်တော့ အမေတက်သလိုပဲ ဖြစ်ရမယ်။ အမေ့မှာ ရှိတဲ့ မေတ္တာတရား ၊ အကြင်နာ တရားနဲ့တင် အမေဘ၀က အရာရာပြည့်စုံနေပါပြီ။
ဒီတခါပြန်ရင်တော့ အမေ့နားမှာ ကပ်ပြီး " လောကမှာ ပညာတက်ပြီး ၊ လောကကို နှိပ်စက်နေတဲ့ လူတွေရဲ့အကြောင်း " အမေ့ကိုပြောပြရဦးမယ်။

You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.