Wednesday, December 3, 2008

[စိတ်မီးအိမ်] 2 New Entries: ၂၀၀၈ ဒီဇင်ဘာ တမ်းချင်း

၂၀၀၈ ဒီဇင်ဘာ တမ်းချင်း

(၁)

လပြာသို ဆန်းခါစ

မြခွာညို ပန်းသဘာဝ နဲ့

ချမ်းကာပို ဒီဇင်ဘာလမှာ

မှန်းကာငို အညာအလှကို

လွမ်းဇရာသာ ကျကျနေရတယ်

ပြေးလို့ဖြင့် မတွေ့နိုင်ပါတကား။

အသက် တစ်နှစ်ကြီးလာပြန်ပြီ။ ဒီဇင်ဘာမှာ မွေးတဲ့ ကျွန်တော်ဟာ ဒီဇင်ဘာကို အရမ်းချစ်ပါတယ်။ ချမ်းအေးတဲ့ ဒီဇင်ဘာ ဟာ ကျွန်တော့် အတွက် ဘ၀မှာ ပြန်လိုချင် တောင့်တစရာတွေနဲ့ ပြည့်နှက်နေတတ်တယ်။


(၂)

ဒီဇင်ဘာ နံနက်ခင်းတွေဆို အညာက အမေ့အိမ်က ထမင်းကြမ်းကြော် ကို ရွာထိပ်က ဒေါ်ဒေါင်း အကြော်ဆိုင်က မွန်းနံရွက် ဒါမှမဟုတ် မြင်းခွာရက် ဒါမှမဟုတ် ကြက်သွန် ပေါင်းကြော် လေး တစ်ခု၊ နှစ်ခုလောက် နဲ့ စားတဲ့ ဓလေ့လေးကို ပြန်အလိုချင်ဆုံးပဲ။ အဲဒီ ဓလေ့ကို ကျွန်တော် ဟိုး ငယ်ငယ်လေးကတည်းက စပြီး စွဲလမ်းခဲ့မိတာပါ။ အဲဒီလို မနက်ခင်းဆို အဖေ့ ရေနွေးကြမ်းအိုးက လည်း ကျွန်တော်တို့ မောင်နှမတွေ သောက်လို့ ကုန်တာချည်းပဲ။ တချို့ မနက်တွေဆို ရှားသားမီးကြီးခဲတွေ အောက်မှာ ထန်းပင်မြစ်လေး ထိုး ဖုတ်ထားတတ်သေးတယ်။ ကျက်ရင် အခွှံနွှာပြီး နှမ်းဆီစစ်စစ် ထဲ ထိုးစိမ်ပြီး စားတော့တာပဲ။ တခါတလေတော့ ရွာတောင်ပိုင်းက ဒေါ်လေး လည်ရောင်းတဲ့ ထန်းသီးမှုန့် လေး တယောက် ၃ စိတ်စီလောက်ဝယ်ပြီး နှမ်းဆီ နဲ့ တို့စား တတ်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ခုဆို ကျွန်တော်က အမေ့ အိမ် နဲ့ မဝေးချင်လည်း ဝေးနေရပြီလေ။ စိတ်ထဲမှာ အညာသားက လွှဲပြီး ရန်ကုန်သား တောင် မဖြစ်ချင်ခဲ့ တဲ့ ကျွန်တော် က ခုတော့ ရန်ကုန်ထက် ဝေးတဲ့ နေရာမှာ နေနေရတယ် လေ။ ဒါပေမယ့် ကျွန်တော့ နေရာအစစ်ဟာ ဟိုးအဝေးက ဒီဇင်ဘာ နံနက်ခင်း မြူမှုန်တွေကြား ရွာသူပျို တို့ နှမ်း စီးချင် စီးနေမယ့် ဒါမှမဟုတ် ကျောင်းမသွားခင်မှာ ကျောင်းသားတချို့ နှင်းတောတိုးပြီး နွားစာရိတ်ချင် ရိတ်နေကြတဲ့ အဲဒီ သဘာဝ ပန်းချီကားချပ်လေးတခု ရှိတဲ့ အညာက နေရာလေးပါပဲ။ ဘာတွေ ဘယ်လိုပြောင်းပြောင်း ဘယ်တော့မှ ပြောင်းလဲမသွားမယ့် ကျွန်တော့် နေရာ ဟာ အဲဒီ အညာက ရခိုင်ရိုးမ အစွယ်အပွား တောင်နီတောင်ညို အခြေက ကျွန်တော် အရမ်းချစ်ရတဲ့ ကျွန်တော်တို့ ရွာလေးပါပဲ။

တောင်နီတောင်ညို ၀န်းရံခစား

သီရီကုက္ကို၊ ဤမြေသည်ကား

ကျွန်တော့် ချက်ကြွေ မွေးရပ်မြေတည်း။

ဒါကြောင့် ဒီဇင်ဘာရောက်ရင် ကျွန်တော် ရွာကို အပြေးပြန်ချင်မိတယ်။ ငယ်ငယ်တုန်းကလို အမေ့ရင်ခွင်ထဲကနေ အေးချမ်းစွာ နိုးထချင်မိတယ်။ သွားတိုက်ဆေးတွေ မလိုပဲ ဆားနဲ့ ပဲ သွားတိုက်ချင်သေးတယ်။ ပြီးရင် နံနက်စာ ကို တပ်မက်စွာလည်း စားတတ်ချင်သေးတယ်။ စားပြီးရင် ကျောင်းမသွားခင် ယာထဲ ကို အပြေးသွားပြီး နှင်းတောထဲ ဇွတ်တိုးလို့ နွားစားလည်း ရိတ်ကြဦးမယ်။ နွားစာရိတ်ပြီး ဟင်းချက်ဖို့ ရာပဲသီးတို့ ဖရုံသီးတို့ လည်း ခူးခဲ့ဦးမယ်။ ပြီးရင် နွားစာထုံးတွေ ရွက်ထမ်းပြီး ချွေးတွေ နှင်းတွေ စိုရွှဲအောင် အိမ်ကို အပြေးပြန်ရမယ်။ အိမ်ရောက်တော့ တောင်ဘက်အိမ်က အမေကြီးခင်တင့် တို့ ရေတွင်းကို သွားပြီး ရေအပြေးချိုးရမယ်။ကျွန်တော်တို့ ရေချိုးနေတုန်း အမေက ကျွန်တော်တို့ အတွက် ထမင်းဘူး ပြင်ထားမယ်။ ပြီးတာနဲ့ တခြားတရွာမှာ ရှိတဲ့ အလယ်တန်းကျောင်းလေးကို စက်ဘီး နဲ့ သွားကြရတယ်။

ဒါဟာ တချိန်တုန်းက ဆင်းရဲလှတဲ့ ငါတို့ဘ၀ လို့ ညည်းယူခဲ့ရဖူးတဲ့ ဒုက္ခ တမျိုးပါပဲ။ ကျွန်တော်တို့ ဆီမှာ ပညာသင်တယ်ဆိုတာ မြို့မှာလို ခပ်ကြော့ကြော့လေး အသာသင့် ပညာရှာခွင့်ရကြတာ မဟုတ်ပါဘူး။ ယာလုပ်ရင်း ကိုင်းထွက်ရင်း ပညာကို ယူခဲ့ရတာပါ။ အဲဒီတုန်းက ငါတို့များ ဆင်းရဲလိုက်တာ လို့ ညည်းညူခဲ့ဖူးပေမယ့် အခုတော့ အဲလို ရိုးသားကြိုးကုတ်တဲ့ သဘာဝ ကို ပြန်တည်ဆောက်ချင်မိတယ်။ ဒါပေမယ့် အရင်တုန်းက ရှိဖူးတဲ့ ရိုးကုတ်တတ်တဲ့ အေးချမ်းမှု ဟာ ခေတ်နဲ့အမှီ တိုးတက်နေတဲ့ ဘ၀နေထိုင်မှု၊ ပညာဆည်းပူးမှု နဲ့ အတူ သဟဇာတ ရှိလှစွာ ဒွန်တွဲ နေရင်တော့ ပိုကောင်းတာပေါ့။

နွားစာတထုံး စာတလုံး

နှင်းတောတိုးရင်း စာပန်းကုံး

တထောက်တရွာ အရောက်လာ

ပညာဆိုတာ ရှာရတာ။

(၃)

အဲလို အိပ်မက်တွေဟာ ကျွန်တော် ခဏခဏ မက်တတ်တဲ့ အိပ်မက်တွေပါ။ အဲဒီ အိပ်မက်ဟာ ကျွန်တော့အတွက် သစ္စာတရားဆိုလည်း ဟုတ်ပါတယ်။ နေ့ခင်း ကြောင်တောင်ကြီးမှာလည်း မက်ချင်မက်တယ်။ ဒါမှမဟုတ် ခုလို ခေတ်မှီတိုးတက်တဲ့ နေရာမှာ ကွန်ပျူတာရှေ့ ထိုင်ပြီး ဘလော့ဂ်အတွက် ပို့စ်တခု ရေးရင်းလည်း မက်ချင် မက်နေမယ်။ ဒါမှမဟုတ် ရွာဘက်ကို ချောက်မြို့ ကနေ ဟိုင်းလတ် ကားနဲ့ အမိုးပေါ်ကစီးရင်း အိမ်ပြန်ခရီးမှာ မက်ချင်လည်း မက်နေမယ့် အိပ်မက်ပါ။ အဲလို အချိန်ဆို ကျွန်တော်တို့ ရွာနား ကပ်လာရင် အဲဒီအိပ်မက်က ကျွန်တော့်ကို မျက်ရည်ဝဲအောင် လုပ်တော့တာပဲ။ ရွာနဲ့ နီးလာတာနဲ့အမျှ ရခိုင်ရိုးမ အစွယ်အပွား တောင်နီတောင်ညို တွေကို ပြာလဲ့လဲ့ ကောင်းကင် နောက်ခံထားပြီး မြင်ရတော့တာပဲ။ ငယ်ငယ်တုန်းက ပြောင်ဖူးခင်းစောင့်ရင်း လင့်စင်ပေါ်က နေ့ပေါင်းများစွာ၊ လပေါင်းများစွာ တနေ့ကုန် ထိုင် ကြည့် ဖူးတဲ့ ဒီတောင်တန်းတွေရဲ့ ကောက်ကြောင်းတွေ၊ အဖုအထစ်တွေကို ကျွန်တော် ခုထိ အလွတ်ရနေတယ်။ မမြင်ရလည်း ပုံဖော် တတ်နေတယ်။ အဲဒီ တောင်တန်းတွေဟာ ငါငယ်ငယ်တုန်းက ထင်းခွေ၊ မှိုရှာ၊ နွားစာရှာ၊ ဆေးမြစ်ဆေးဥ ရှာတဲ့ နေရာပါလားဆိုတဲ့ အသိဟာ ကျွန်တော့်ကို အရမ်းပဲ လွမ်းဆွတ် စေပါတယ်။ အမေ့အတွက် ဆေးမြစ်ဆိုလည်း ဘယ်တောင်နားက ဘယ်တောမှာ ရှိတယ်ဆို တာ ကျွန်တော် အခုထက်ထိ အလွတ်ရနေဆဲပဲလေ။ အင်ကြင်းပန်းတွေ ဘယ်ချောင်မှာပေါတယ်၊ ရင်ခတ်ပန်းတို့ ဘယ်အဆွယ်မှာ ရှိမယ်၊ လွန်ဆန် တွေ ဘယ်ကြောမှာ ပေါတယ် က အစ၊ ဇီးဖြူသီး၊ ဖန်ခါးသီးတို့ ရှိတတ်တဲ့ နေရာတွေ၊ မှိုပေါက်တတ်တဲ့ တောတွေ အားလုံးကို ကျွန်တော် ခုထိ သတိရနေဆဲပါ။ အဲလို ကျွန်တော် နဲ့ ပွေ့ဖက် ရင်းနှီးခဲ့ရတဲ့ တောင်တန်းတွေ ရဲ့ အထိအတွေ့ကို ကျွန်တော် မြို့ ပြကနေ ပြန်လာတိုင်း အငမ်းမရ လိုချင်မိတယ်။

လိုင်းကားပေါ်က နေ သူတို့ ကို စပြီး မြင်ရရင် ကျွန်တော် မျက်ရည် ၀ဲရတော့တာပါပဲ။ သူတို့လည်း ကျွန်တော် ကို မှတ်မိ နေဦးမယ် သေချာပါတယ်။

ရခိုင်ရိုးမ တောင်အစွယ်

အမောင် ဘာတွေ ရှာခဲ့မယ်။

အမေ့အတွက် ဆေးတမြစ်

အမအတွက် ပန်းတပွင့်။

(၄)

သားငယ်ဟာ အမေ့ ရင်ခွင်မှာ ငယ်စဉ်က ပြေးလွှားဆော့ကစားခဲ့တော့ အမေ့ဟာ သူ့သွေးသားကို ရင်နှစ်မခြား ထာဝရ မကွဲကာ အမြဲသာ အတူရှိနေစေချင်တာတဲ့လေ။ ဒါပေမယ့် အသက်ကြီးလာတာနဲ့ အမျှ အဲဒီ သားငယ်ဟာ သူ ပြေးလွှားဆော့ကစား ဖူးတဲ့ အမေ့ရင်ခွင်ကို သတိမရ နိုင်အောင် လောက တာဝန်တွေ ထမ်းပိုးပြီး တိုးတက်မှုတွေ ရှာချင် ရှာနေလိမ့်မယ်။ ဒါမှ မဟုတ် သတိရသည့်တိုင် တစ်နှစ် တစ်ခါတောင် ပြန်လာနိုင်လောက်အောင် အခြေအနေ မပေးပဲ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။

ဒါပေမယ့် အမေဆိုသူ တို့ ရဲ့ ရင်မှာတော့ အဲဒီ သူတို့ ပြေးလွှားဆော့ကစားခဲ့ဖူးတဲ့ ရင်အစုံ ရှိနေသမျှ သားတွေကို နေ့တိုင်း လွမ်းဆွတ် နေရဦးမှာပါပဲ။ ကျွန်တော် သိပါတယ် အမေ။ အမေ ကို လွမ်းတိုင်းလည်း မျက်ရည်ဝေရပါတယ် အမေ။ ဒါပေမယ့် အခြေအနေ ပေးအောင် သားစောင့်ရဦးမယ်လေ အမေ။ အမေရယ် ကျွန်တော် ချစ်တဲ့ အမေ နဲ့ အတူ ကျွန်တော် ကို ချစ်တဲ့ ဒုတိယအမေ အဲဒီ တောင်နီ တောင်ညို တောင်တန်းတွေကို လည်း ကျွန်တော် လွမ်းတယ်။

အမေတို့ နှစ်ယောက် ဒီကြားထဲမှာ ကျန်းမာရေးကို ဂရုစိုက်နော်။ ရာသီဥတုဒဏ် ကလည်း ကာကွယ်ကြနော်။

တနေ့နေ့ မှာ ကျွန်တော် အမေ့စကားတွေကို ပြန်ဖြေနိုင်မှာပါ။ အဲ..မဖြေနိုင်ခင် စပ်ကြားတော့ အမေ့ပြောဖူးတဲ့ စကားတွေပဲ သား နားထဲ ပဲ့တင် ထပ်နေပါတယ် အမေ

သားရယ်……….မင်း အမေ့ တို့ နဲ့ အတူ ရွာမှာ လယ်ထွန် မစားနိုင်ဘူးလား……..။

ဆိုတဲ့ အမေ့စကားပါ။

အမေ ယုံပါ။ အဲဒီ အချိန်ထိ အမေ ရှိနေသေးရင် သားပြချင် တယ် အမေ့ကို။ အမေ့ မွေးပေးခဲ့ တဲ့ အမေ့သားဟာ အမေ့ဂုဏ်ကို ဆောင်၊ အမေ့ရွာ ရဲ့ ဂုဏ်ကို ဆောင် ပြီး ရွာအတွက် ၊ နယ်အတွက် ဂုဏ်ယူရသူ တယောက် ဖြစ်ပြီး ပြန်လာတဲ့ တနေ့ အမေ သာ ရှိနေသေးရင် သား အမေ နဲ့ အတူ လယ်ပဲ စိုက်စားတော့မယ် အမေ………..။

ရိုးလှ တဲ့ ဘဝ

လယ်ယာကိုပဲ

သူတို့ထွန်

အေးချမ်းတဲ့ဘဝ

သဘာဝ နဲ့

ချစ်ခြင်းပဲ အကဲပို

အမေဆိုဖူးတဲ့

သားဆိုတာ

အမေ့အတွက် အားဖြစ်အောင်

အမေ့သားမောင်

ရိုးကုတ်တော့မယ် အမေ။

ကောင်းတမန် (စင်္ကာပူ စံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်၊၂၀၀၈-၁၂-၀၂။)



ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

ကိန်းဂဏန်းတို့၏ အလွန်မှာ…….

တခါတလေကျ

ကိန်းဂဏန်းတွေနဲ့

ခုနှစ်သက္ကရာဇ်တွေကို

ကြောက်နေသလိုပဲ။


တခါတလေမှာ

နေထွက်ချိန်ကို ခံစားတတ်တယ်။


တခါတလေကျ

နေ၀င်ချိန်မှ ပိုလှသလို ခံစားမိတယ်။


မထူးခြား၊ မပြောင်မြောက်ချင်ရင်နေပါ။

ကိုယ်ပိုင်အလင်းတော့ ရှိချင်တယ်။


ဘာပဲပြောပြောလေ

နေက ၀င်ချိန် ထွက်ချိန်တိုင်းမှာ

အလင်းတော့ ရှိနေသေးတယ်။


နေ၀င်သွားလည်း

တကယ်က ၀င်သွားတာမှ မဟုတ်တာ။

တခြားဘက်မှာ လင်းနေတယ်ဆိုတာ

မမေ့နဲ့လေ။


လောကရဲ့ တရားတွေကို

ငါတို့ လိုက်ကြမလား။


ဒါမှမဟုတ်

လောကရဲ့ မဆုံးနိုင်တဲ့

ရေယာဉ်ကြောမှာပဲ

မျောလိုက်ကြမလား။


ဒီမေးခွန်းတွေ

တွေးစရာတွေနဲ့ အတူ

မင်းနဲ့ငါ

တစ်နှစ်ကြီးခဲ့ရပြန်ပြီ။


ရင့်ကျက်လာသလား

ကိုယ့်ကိုယ်ကိုတောင် မသိတော့ဘူးဗျာ။


ဘာပဲပြောပြော

ပြောင်မြောက်စရာ မဟုတ်ရင်တောင်

ကိုယ့်ပိုင်အလင်းတွေ ရှိနိုင်ခဲ့ရင်.။


မင်းရဲ့ အောင်မြင်အေးချမ်းမှုဟာ

ငါ့ဘ၀ ကို လွှမ်းမိုး ကူညီနိုင်ခဲ့သလို

ငါတို့ ရဲ့ ခြေလှမ်းတိုင်းဟာ

ဟန်ချက် အတူတူ အမြဲရှိနေလိမ့်မယ် လို့

ငါယုံတယ်။


ကောင်းတမန် (၂၀၀၈-၁၂-၀၂။ စကာင်္ပူစံတော်ချိန် ၁၂ နာရီ ၂၉ မိနစ်)


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

You received this email because you are subscribed to the real_time feed for http://seitmeeain.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.