Wednesday, December 3, 2008

[ဆုံဆည်းရာ] 4 New Entries: အာဏာရပါတီကို ဖျက်သိမ်းကြောင်း ထိုင်းအခြေခံဥပဒေဆိုင်ရာ တရားရုံးတော်က ဆုံးဖြတ်

အာဏာရပါတီကို ဖျက်သိမ်းကြောင်း ထိုင်းအခြေခံဥပဒေဆိုင်ရာ တရားရုံးတော်က ဆုံးဖြတ်

မဇ္ဈိမ၊ ဒီဇင်ဘာလ ၂ ရက် ၂၀၀၈

ချင်းမိုင်။ ။ ရွေးကောက်ပွဲတွင် မဲလိမ်ခဲ့မှုကို စစ်ဆေး တွေ့ရှိပြီးနောက် ထိုင်းအာဏာရ ပါတီကြီး အပါအ၀င် နိုင်ငံရေးပါတီ သုံးခုကို ဖျက်သိမ်းလိုက်ပြီး ပါတီအကြီးအကဲများကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ကန့်သတ်လိုက်ကြောင်း အခြေခံဥပဒေဆိုင်ရာ တရားရုံးက အင်္ဂါနေ့က ဆုံးဖြတ်လိုက်သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ပါတီများဖြစ်သော ပြည်သူ့စွမ်းအားပါတီ၊ မတ်ချဏိမားထိပတိုင်းပါတီနှင့် ချတ်ထိုင်းပါတီတို့ကို ဖျက်သိမ်းလိုက်ပြီး ပါတီ အကြီးအကဲများ ဖြစ်ကြသော ပြည်သူ့စွမ်းအားမှ Yongyuth Tiyapairat၊ ချတ်ထိုင်းမှ Monthien Songpracha နှင့် မတ်ချဏိမားထိပတိုင်း မှ Sunthorn Wilawan တို့ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ငါးနှစ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

အဖွဲ့ဝင် ကိုးဦးပါဝင်သော တရားစီရင်ရေးအဖွဲ့က ပြည်သူ့စွမ်းအားနှင့် မတ်ချဏိမားထိပတိုင်း ပါတီတို့အပေါ်တွင် ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပြီး ချတ်ထိုင်းအရေးတွင်မူ ရှစ်မဲ-တမဲဖြင့် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

မော်လမြိုင် အမှတ် (၁) ဈေးကြီး မီးလောင်ပြာကျ

NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

မွန်ပြည်နယ် မော်လမြိုင်မြို့၏ အစည်ကားဆုံးဈေးကြီးဖြစ်သည့် အမှတ် (၁) ဈေးကြီးသည် ဒီဇင်ဘာ (၁) ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းသည့်မီးကြောင့် ဈေးတခုလုံးပြာကျသွားသည်။

ဈေးဆိုင်ပိုင်ရှင်တဦးက "တနင်္လာနေ့ဈေးသိမ်းပြီး ညနေ (၅) နာရီခွဲလောက်က စလောင်တာ၊ ဈေးရဲ့ အနောက်ဘက်ခြမ်း ရေပေါ်ဈေး စားသောက်ဆိုင်တန်းဘက်က စလောင်တာပါ။ ဘာကြောင့် လောင်သလဲတော့ မသိရသေးဘူး" ဟု ပြောသည်။

ဈေးသိမ်းချိန် အလင်းရောင်ရှိသေးသည့်အတွက် မီးလောင်ပြီးမကြာခင် ဈေးဆိုင်ပိုင်ရှင်အချို့ရောက်လာပြီး ပစ္စည်းများ သယ်ထုတ်နိုင်သော်လည်း ဆိုင်ခန်းအများစုမှာ မီးထဲပါသွားသည်။ မကြာခင် မီးသတ်ကားများ ရောက်လာသော်လည်း ဈေးထဲကားဝင်မရခြင်း၊ မီးစတင်လောင်သည့်နေရာမှာ လောင်စာပစ္စည်းများ ထားသိုရာ ဖြစ်ခြင်း၊ လေကြမ်းနေခြင်း စသည့်အချက်များကြောင့် ည (၁၀) နာရီကျော် ဈေးတခုလုံးပြာကျပြီးမှ မီးငြိမ်းသွားသည်။

ရပ်ဝေးနေ ဆိုင်ပိုင်ရှင်များ မီးလောင်ရာသို့ အချိန်နှောင်းမှ ရောက်လာပြီး ပစ္စည်းများဆုံးကုန်သည့်အတွက် လမ်းဘေးမှာ ထိုင်ငိုယိုနေသူလည်း အများအပြားရှိသည်ဟု မျက်မြင်သက်သေများက ပြောသည်။ မီးလောင်သည့် အမှတ်(၁) ဈေးသည် ထိုင်းနိုင်ငံမှ သွင်းလာသည့် စားသောက်ကုန် အချိုရည် အထည်အလိပ် စသည့်ကုန်စည်များ လက်ကားသိုလှောင်ရာ ဈေးကြီးဖြစ်သည့်အတွက် ဆုံရှုံးမှုပမာဏမှာ သိန်းပေါင်း ထောင်နှင့်ချီနိုင်သည်ဟု မြို့ခံများက ပြောသည်။

ဈေးမီးကြောင့် ဖက်တန်းရပ်၊ အောက်လမ်းမကြီး တိုက်တန်းများ၊ သထုံတံတားလမ်းမှ တိုက်တန်းများ အန္တရာယ်ရှိခဲ့သော်လည်း လမ်းခြားထားသည့်အတွက် မီးကူးစက်လောင်ကျွမ်းခြင်း မရှိဟု စုံစမ်းသိရသည်။

မီးလောင်ကျွမ်းနေစဉ်အတွင်း မော်လမြိုင်တောင်ရိုးတန်းဘက်မှာ သီတင်းသုံးတော်မူသည့် သံဃာတော်များ ရောက်လာပြီး ဈေးသူဈေးသားများ၏ ကုန်ပစ္စည်းများကို မီးလွတ်ရာရောက်အောင် ကူညီသယ်ယူပေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အဆိုပါဈေးသည် ၁၉၈ဝ ဝန်းကျင်က တကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ဈေးဧရိယာ တဝက်ခန့် မီးလောင်ပြာကျခဲ့ဖူးသည်။ ၁၉၈၈ အရေးအခင်းနောက်ပိုင်း နဝတ စစ်အစိုးရလက်ထက်မှာ ယခု မီးလောင်ကျွမ်းသွားသည့် တထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ပြီး မူလဈေးဆိုင်ပိုင်ရှင်များကို ပြန်လည်နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

မြို့ခံတဦးက "ဒီဈေးကို နဝတ၊ နအဖ စစ်အစိုးရလက်ထက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဆက်ဆက်နဲ့ အလိုတော်ရိ စီးပွားရေးသမားတွေ ပူးပေါင်းပြီး ဈေးကိုဖျက်ကာ ဈေးအသစ်ပြန်ဆောက်ပြီး ဆိုင်ခန်းတွေ ရောင်းစား၊ ကိုယ်ကျိုးစီးပွားရှာဖို့ နည်းပေါင်းစုံနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဈေးဟာ စစ်အစိုးရလက်ထက် ဆောက်ထားတဲ့ ဈေးဖြစ်နေတာ၊ ဈေးသူဈေးသားတွေက အကြီးအကျယ် ဆန့်ကျင်ခဲ့တာကြောင့် ဖျက်သိမ်းခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

၂ဝဝဝ ပြည့်နှစ်မတိုင်ခင်၌ ဈေးကော်မတီဝင်များက ဈေးကိုဖျက်သိမ်းခြင်း မပြုရန် ရန်ကုန်ရှိ စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအထိ သွားရောက်ပြီး အသနားခံ တင်ပြခဲ့ဖူးသည်။

မြန်မာငါးနှင့်ပုစွန် ထိုင်း-မြန်မာနယ်စပ်ကို ခိုးသွင်း

NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

ထိုင်းနိုင်ငံတွင် လူကြိုက်များသည့် မြန်မာရေချိုငါးနှင့် ပုစွန်များအား တရက်ခြားနှုန်းဖြင့် ပိဿာ (၄၀၀) ခန့် မဲဆောက်သို့ မြန်မာကုန်သည်များက တရားမဝင်နည်းလမ်းဖြင့် ခိုးသွင်းရောင်းချလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ကုန်သွယ်မှုလမ်းကြောတွင် မြန်မာရေထွက်ကုန်များကို အများဆုံးတင် ပို့နေသော်လည်း အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ကာ တရားဝင်တင်ပို့ခွင့်ရရှိကြသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ခန့်က တနိုင်တပိုင် ထိုင်းဘက်သို့ မြန်မာရေချို ငါးနှင့်ပုစွန် တင်သွင်းသူများမှာ စီးပွားရေး ဈေးကွက် ပျောက်ခဲ့ရသဖြင့် ယခုကဲ့သို့ ထိုင်း-မြန်မာ အာဏာပိုင်များနှင့် နားလည်မှုယူကာ မဲဆောက် သို့ ငါး၊ ပုစွန်များ တရားမဝင်နည်းလမ်းဖြင့် ရောင်းဝယ်မှုပြုကြရခြင်း ဖြစ်သည်ဟု မြန်မာ ငါး၊ ပုစွန် ကုန်သည် တဦးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက "ကျနော်တို့ မဲဆောက်ကို ရေချို ငါး၊ ပုစွန်တင်ပို့တာ နှစ်ပေါင်း (၃၀) ကျော်ပါပြီ။ လက်ရှိကားတန်း
တရက်ခြား တနေ့ကို ပိဿာ (၄၀၀) လောက် ပုံမှန်ပို့ရပါတယ်။ ဒီလို ငါး၊ ပုစွန် သယ်တာကလည်း ဗမာဘက်က လူတွေနဲ့ ထိုင်းဘက်ကလူတွေကို ပေးကမ်းပြီးမှ သယ်ရတာပါ။ မဲဆောက်နဲ့နီးတဲ့ ချင်းမိုင်၊ နခေါစဝမ်၊ ဆူခေါ်ထိုင်း အဲဒီခရိုင်မြို့ကြီးတွေက ထိုင်းတွေ အများဆုံး လာဝယ်ကြတယ်။ သူတို့စားသောက်ဆိုင်တွေမှာဆိုရင် မြန်မာ ရေချို ငါး၊ ပုစွန်နဲ့ ချက်တဲ့ ထိုင်းအစားအစာတွေကို နိုင်ငံခြားသားတွေရော၊ ထိုင်းတွေရော နှစ်သက်ကြ တဲ့အတွက် ဒီနေ့အထိ ကျနော်တို့ ဈေးကွက်ရနေတာပါ။ သားငါး တင်ပို့မှုကို မြန်မာကုမ္ပဏီကြီးတွေက ထိုင်းကို တန်နဲ့ချီပြီး တင်ပို့တာရှိပေမယ့် ကျနော်တို့လို အရင်းနှီးနည်းတဲ့လူတွေကတော့ တနိုင်တပိုင် ရောင်းဝယ် ကြရတာပါ" ဟု ပြောသည်။

တရက်ခြား ဝင်ရောက်လာသည့် ပိသာ (၄၀၀) ခန့်ရှိသည့် မြန်မာရေချို ငါး၊ ပုစွန်များကို မဲဆောက်ဈေးကြီးနှင့် ပွဲရုံအချို့ကို ဗဟိုပြု၍ ရောင်းချကြခြင်းဖြစ်သည်။ စားသောက်ဆိုင်အတွက်သုံးရန် ချင်းမိုင်မြို့မှ ငါးနှင့်ပုစွန် လာဝယ်သူတဦးကလည်း "ကျနော်တို့ဆိုင်အတွက် အဓိက ပုစွန်ကို လာပြီးဝယ်တာဖြစ်တယ်။ တပတ်ကို တခေါက် မဲဆောက်ကို ရောက်တယ်။ အနည်းဆုံး ပုစွန်နဲ့ငါးမျိုးစုံ ကီလို (၃၀၀)လောက်တော့ ဝယ်ဖြစ်ပါတယ်။ ထိုင်းအစားအစာထဲမှာ နိုင်ငံခြားသားတွေ ကြိုက်တာက တုန့်ယမ်းကုလို့ခေါ်တဲ့ ထိုင်းပုစွန်ဟင်းချိုကို စားသုံးသူ တွေက ဗမာပြည်ကလာတဲ့ သဘာဝရေချို ပုစွန်နဲ့ချက်တာကိုမှ ခံတွင်းတွေ့ကြတော့ ဗမာ ပုစွန်ကိုပဲ မှာစားကြတယ်။ ငါးလည်း ဒီလိုပါပဲ။ ငါးမြင်း၊ ငါးခေါင်းပွ၊ ငါးမြွေထိုး၊ ငါးကြင်း၊ ငါးဖယ် ဒီငါးတွေကိုလည်း နိုင်ငံခြားသားနဲ့ ထိုင်းတွေ ကြိုက်ကြတယ်။ ကျနော်တို့ထိုင်းမှာက ရေချိုငါးရယ်လို့ မရှိသလောက်ဖြစ်သွားပြီ။ မြန်မာပုစွန်နဲ့ချက်တဲ့ ဟင်းလျာက ကြိုက်တဲ့သူများတယ်၊ ဈေးလည်း ပိုကြီးတယ်။ ဒါကြောင့် ဒီထိ လာဝယ်ရတာဖြစ်တယ်" ဟု ပြောသည်။

မဲဆောက်မှတဆင့် ထိုင်းသို့တင်ပို့သည့် ငါး၊ ပုစွန်များမှာ ကရင်ပြည်နယ် ဘားအံဒေသအတွင်းရှိ ဒုံသမိမြစ်၊ ဂျိုင်းမြစ်၊ ဒေါလန်းမြစ်နှင့် အခြားမြစ်ချောင်းအင်းအိုင်များမှ ထွက်ရှိသည့် ငါးနှင့်ပုစွန်များဖြစ်သည်။

ကရင်ပြည်နယ် ဘားအံဒေသတကြောမှ ထွက်သည့်ငါးနှင့် ပုစွန်များကို ထိုင်းနိုင်ငံ မဲဆောက်သို့ တင်ပို့ကြသော်လည်း နယ်စပ်မြို့ဖြစ်သော မြဝတီဒေသအတွင်းမှ လူများမှာ မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးတွင် ရောင်းချသည့် ထိုင်းနိုင်ငံဘက်မှ တင်သွင်းသော မွေးမြူရေးငါးကိုသာ စားသုံးကြရသည်။

မြဝတီမြို့မှ အိမ်ရှင်မတဦးက "ထိုင်းမွေးမြူရေးငါးတွေက ပေါ့ပျက်ပျက် အရသာဆိုပေမယ့် ဈေးချိုတဲ့ဒီငါး တွေကိုပဲ တနယ်လုံးစားကြရတယ်။ မြန်မာတွေ မြန်မာငါး စားနိုင်တဲ့ခေတ်က မရှိတော့ဘူး။ ရှိတဲ့ငါးတွေကိုလည်း နိုင်ငံခြားပို့ဖို့ ကုမ္ပဏီတွေက ဈေးကောင်းပေးပြီး လိုက်ဝယ်တော့ တော်ရုံလူစားနိုင်ဖို့ အခွင့်အရေးနည်းသွားပြီ။ ဝန်ထမ်းတွေဆို ပိုဆိုးတာပေါ့။ ကျမတို့လည်း ဘယ်ဘဝက ဝဋ်ကြွေးတွေလည်း မသိတော့ဘူး"ဟု ပြောသည်။

မဲဆောက်ဈေးမှ မြန်မာငါး၊ ပုစွန် ရောင်းသူတဦးက "ကျမတို့ ရောင်းတဲ့ ငါး၊ ပုစွန်ကို ထိုင်းတွေပဲ အဓိကဝယ် စားကြတယ်။ မဲဆောက်မှာရောက်တဲ့ မြန်မာတွေ ဝယ်မစားနိုင်သလောက်ပဲ။ ပုစွန်ထုပ်ဆိုရင် အနည်းဆုံး တကီလို ဘတ် (၂၅၀) ရှိတယ်။ ငါးဘတ် (၁၀၀) ဈေး၊ ငါးမြင်း (၇၀)၊ ငါးသလောက် (၇၀)၊ ငါးမြွေထိုး (၈၀)၊ မြန်မာအလုပ်သမားတွေကို အားကိုးပြီး ရောင်းလို့ကတော့(၂) ရက်နဲ့ အရင်းပြုတ်မယ်။ ကျမတို့ မဲဆောက်မှာ ငါးရောင်းတာ ရဲကိုလည်း လစဉ်ကြေးပေးရတယ်။ မြူနီစပယ်ခလည်း ပေးရတယ်။ မပေးလို့ကတော့ ငါးလာသိမ်းတဲ့ လူနဲ့ ပုစွန်လာသိမ်းတဲ့လူနဲ့ ရဲစခန်းရောက်၊ ဘာရောက်နဲ့ ပြဿနာတွေက အများကြီးပဲ။ အမြတ်ကတော့ သင့်ရုံပဲ ရတာပါ" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရေချိုငါး မွေးမြူသည့် ဧရိယာမှာ ဧက (၂) သိန်းကျော်ရှိပြီး ပြည်ပ လေးနိုင်ငံသို့ ရေချိုငါးများ တင်ပို့မှုထဲတွင် ထိုင်းနိုင်ငံပါဝင်ပြီး မြဝတီကုန်သွယ်မှု လမ်းကြောင်းမှတဆင့် တင်ပို့ခြင်းဖြစ်သည်။

စစ်အစိုးရ ပရီပိတ်ဆင်းကတ် ရောင်းတော့မည် ဈေးအလွန်ကြီးမည်မှန်း

NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

လက်ကိုင်ဖုန်းများတွင်သုံးရန် ပရီပိတ်ဆင်းကတ် (Pre-paid Sim Card) များ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ရောင်းတော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရာရှိတဦးက ပြောသည်။

နန်နင်းကုန်စည်ပြပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးတင့်လွင်က သတင်းထောက်များအား ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မရမ်းကုန်း တယ်လီဖုန်းအိတ်ချိန်းရုံ အကြီးတန်းအင်ဂျင်နီယာတဦးကို မေးရာ ဈေးကြီးနိုင်စရာရှိသည့်အတွက် ၀မ်းသားစရာမဟုတ်ဟု ပြောသည်။

၎င်းက "ပရီပိတ်ဆင်းကတ် ဆိုပေမယ့် နိုင်ငံတကာမှာလို ဘယ်သူဝယ်ဝယ် ပေါပေါလောလော ရောင်းပေးတာ မျိုး လုပ်မှာမဟုတ်ပါဘူး။ ပထဆင့်အနေနဲ့ ဆင်းကတ်ဝယ်သူတွေရဲ့ မှတ်ပုံတင်၊ လိပ်စာ၊ ထောက်ခံစာ စတာတွေ တောင်းလိမ့်မယ်။ နောက်တချက်က ဒီကတ်တွေဟာ လက်ရှိထုတ်ပေးထားတဲ့ ဆင်းကတ်တွေလို အမြဲသုံးလို့မရပါဘူး။ သတ်မှတ်ကာလတခုအတွင်းမှာပဲ သုံးလို့ရမှာဖြစ်ပါတယ်။ ရက်လွန်ရင် သုံးမရတော့ဘူး။ နောက်ဈေးလည်း အလွန်ကြီးမှာဖြစ်တယ်။ ကျပ်ငွေနဲ့ရောင်းမရောင်းတောင် မသေချာသေးဘူး။ ဖုန်းသုံးခဈေးနှုန်းကလည်း ခုလို အထွက် (၂၅) ကျပ်၊ အ၀င်အခမဲ့ မဟုတ်ဘဲ အ၀င်ရော၊ အထွက်ရော နှုန်းထားတခုနဲ့ ပေးရလိမ့်မယ်။ ဒါကြောင့် သိပ်ဝမ်းသာစရာတော့ မဟုတ်ဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဝင် ကုန်သည်ကြီးတဦးကမူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခုကဲ့သို့ ပရီပိတ်ဆင်းကတ် ရောင်းပေးခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ၂၀၀၆ ခုနှစ် တရုတ်-မြန်မာကုန်စည်ပြပွဲ မူဆယ်တွင် ကျင်းပစဉ်ကလည်း ကုန်သည်များအတွက် ထုတ်ရောင်းပေးခဲ့ဖူးကြောင်း၊ သို့သော် (၁၀) ရက်သာ သုံးနိုင်သည့် အဆိုပါဆင်းကတ်ကို ဒေါ်လာ (၅၀) နှင့် ဒေါ်လာ (၁၀၀) ဈေးနှုန်း သတ်မှတ်ရောင်းခဲ့သည့်အတွက် မည်သည့် တရုတ်-မြန်မာ ကုန်သည်ကမျှ ၀ယ်ယူခြင်း မရှိခဲ့ကြောင်း ပြောပြသည်။

မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများအနေဖြင့် လက်ရှိ ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာ တယ်လီဖုန်း စနစ်များသာရှိသေးပြီး ဂျီအက်စ်အမ်စနစ် ဆင်းကတ်နှင့် စီဒီအမ်အေစနစ် ဆင်းကတ်များကိုမူ ဆက်လက် ငှားရမ်းနေဆဲဖြစ်သည်။ ငှားရမ်းခအဖြစ် အစိုးရကို ကျပ်ငွေ (၁၅) သိန်း (၅) သောင်း ပေးသွင်းရပြီး လက်လွှဲရောင်းချခွင့်၊ လက်လွှဲငှားရမ်းခွင့် မရှိဟု သိရသည်။

သို့သော် အဆိုပါ ဆင်းကတ်များသည် အပြင်တွင် (၂၁) သိန်းမှ (၂၄) သိန်းကြား အရောင်းအ၀ယ် ဖြစ်လျက်ရှိသည်။

မိုဘိုင်းဆင်းကတ်ဈေးနှုန်းများ အဆမတန်ကြီးနေသည့်အတွက် ငွေမတတ်နိုင်သူများက ငှားရမ်းသုံးကြပြီး မိုဘိုင်းဖုန်းဝယ်ယူ စုဆောင်းကာ ငှားစားသူများလည်း ပေါ်ပေါက်လာသည်။ ဆင်းကတ်ငှားခမှာ တလကို (၅၀,၀၀၀) ဖြစ်ပြီး စပေါ်ငွေ (၂) သိန်းထိ ပေးကြရသည်။
မြန်မာနိုင်ငံသည် အာဆီယံ (၁ဝ) နိုင်ငံတွင် တယ်လီဖုန်း တပ်ဆင်ထားမှု အနည်းဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ၏ (၁) ရာခိုင်နှုန်းမျှပင် တယ်လီဖုန်း ပိုင်ဆိုင်ခြင်း မရှိပေ။ လက်ရှိ ဂျီအက်စ်အမ် တယ်လီဖုန်း အလုံး (၂) သိန်းခွဲခန့် အသုံးပြုခွင့်ပေးထားသော်လည်း အခြားနိုင်ငံက ဂျီအက်စ်အမ် ဖုန်းများကဲ့သို့ အသုံးပြုရာတွင် မကောင်းဟု သိရသည်။

ယခုကဲ့သို့ ဂျီအက်စ်အမ် ဆင်းကတ်ရောင်းချပေးမည့် အစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံကို ခေတ္တခဏ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများကို ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ဈေးကွက်အတွင်းမှာ ဝေဖန်သုံးသပ်နေကြသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.