Wednesday, October 15, 2008

[ဆောင်း] 1 New Entry: ထူးဆန်းဘွယ်ရာ အင်္ဂလိပ်များ - 6 မေတ္တာ-၂ အပိုင်း ၁

ထူးဆန်းဘွယ်ရာ အင်္ဂလိပ်များ - 6 မေတ္တာ-၂ အပိုင်း ၁


မိသားစု-၂
၂၅ သြဂုတ် ၂၀၀၈

မြန်မာနိုင်ငံ၊ တရုပ်နိုင်ငံ စတဲ့ အာရှနိုင်ငံတွေမှာ အမျိုးသမီးတွေ သန္ဓေမတည်ရင် အမြုံဆိုပြီး လူကဲ့ရဲ့ ခံရတတ်ပါတယ်။ နိုင်ငံခြားမှာတော့ ခေတ်ပေါ် အိုင်ဗီအက်ဖ် ဆိုတဲ့ ဖန်ပြွန်
သန္ဓေတည်အောင် ဖန်တီးယူပြီး သားဥ သန္ဓေအောင်ရင် မိခင်သားအိမ်ထဲပြန်ထဲ့ ပေးပြီး ခလေးရအောင် သိပံ္ပနည်းနဲ့ ရယူ နိုင်ပါတယ်။

အမှန်တော့ သိပ္ပံပညာနဲ့  အတွင်းမှာရှိတဲ့ အရာတွေကို အပြင်ထုတ်ပြီး ကြံဖန်ရယူဖန်တီးတာပါဘဲ။ ဒါ့ကြောင့်
ဖန်ပြွန်သန္ဓေသားဖန်တီးရာမှာ ၁၁%ဘဲ အောင်မြင်တယ်လို့  ကြိုးစားနေကြတဲ့ မိခင်တွေကို သတိပေးထား ပါတယ်။

ဝင်ဒီ
Wendy Whiting ဆိုတဲ့ အမျိုးသမီးဟာ ဖန်ပြွန်သန္ဓေသားရဖို့  အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင် တဲ့ နောက်ဆုံး ကလေးမွေးစားဖို့ ဘဲ ကြိုးစားလိုက်ပါတယ်။

အသက် ၈နစ်ရှိတဲ့ ချစ်စရာကောင်းလှတဲ့ ကလေးမလေး ကလဲနဲ့  သူ့ မောင်လေးနှစ်ယောက် ကို မွေးစား လိုက်ရလို့  ချစ်လိုက်ရတာ တုန်နေတာပါဘဲ။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်မယ်လို့ မျှော်လင့်ထား ပေမဲ့ သမီးလေးရဲ့ မေတ္တာကို မရခဲ့ပါဘူး။ ကလဲ ကလေးဟာ မောင်နှမတွေထဲမှာ အကြီးဆုံးသမီးဖြစ်ပြီး အဖေက နိပ်စက် တတ်သူနဲ့  အရက်ဂျိုး အမေက လစ်လျူရှု့ စွန့် ပစ်ထားခဲ့တာကြောင့် မောင်နှမတွေ ခိုကိုးရာမဲ့နေလို့  ကြော်ငြာ တွေမှ တဆင့် ၀င်ဒီတို့ လင်မယားဆီ ရောက်ရှိခဲ့ပါတယ်။

ဝင်ဒီခံစားမှု့ 
သမီးလေးကို ကြော်ငြာဓါတ်ပုံထဲမှာ တွေ့ လိုက်ရတော့ ဆံနွယ်စ ခွေခွေလေးနဲ့  ချစ်စရာ အပြစ်ကင်းပြုံးရယ် နေတဲ့ တောက်ပတဲ့ မျက်နက်ဝန်းလေး တစုံဟာ မိခင်ချစ်ခြင်းမေတ္တာ ကို တောင်းခံနေသလိုပါဘဲ။ သမီးလေး ပြုံးရယ်တာ တွေ့ တိုင်း ကျွန်မရင်ထဲမှာ ပီတိဝေဖြာပြီး အချစ်တိုးနေခဲ့ရပါတယ်။

မမေ့နိုင်တဲ့ သမီးလေး ကျွန်မဘ၀ထဲ ပထမဆုံးရောက်လာတဲ့နေ့ ကဆိုရင်... ပီတာ နဲ့  ကျွန်မက ခလေးတွေကို ပန်းခြံထဲ လိုက်ပြပါတယ်။ ပေါင်၁သန်းတန် တဲ့ အိမ်ကို ရောက်လာတဲ့ ကလေးတွေဟာ အက်ဝဒ်ခေတ်က အိမ်ကြီး။ ပါရှန် ကော်စောကြီးတွေနဲ့  အလင်းရောင်ပိုရစေ မြင့်မားတဲ့ မျက်နာကြက်နဲ့ အိမ် မြင့်မြင့်ကြီးကို ပျော်ရွှင်စွာနဲ့ ရောက်လာကြပါတယ်။

ကလေးတွေဟာ ၈နစ် ၆နစ် ၄နစ်တွေဘဲ ရှိပါသေးတယ်။ အသက်နဲ့ မမျှအောင် ရိုက်နက်တာ ချစ်ခင်ယုယမှု့ မရှိတာ စရိုက်ကြမ်းတဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ရတာ မေတ္တာမဲ့စွာ စွန့် ပစ်ခံရတာတွေကြောင့် ယခုလို မိဘတွေ ဆီက ခွဲထုတ်ပြီး ကျွန်မတို့ ဆီရောက်လာခြင်းဖြစ်ပါတယ်။ သူတို့ ရောက်လာတော့ တယောက်ဆီမှာ သူတို့ ပစ္စည်းတွေ ကျွတ်
ကျွတ်အိတ်တလုံးသာ ပါလာကြပါတယ်။ သူတို့ လေးတွေဟာ အညစ်ကြေးစိုရွှဲနေတဲ့ အိပ်ယာ ထဲမှာ အိပ်ခဲ့ရကြောင်း။ အိမ်က ညစ်ပတ်ပြီး ကျဉ်းကြပ်ကြောင်း၊ ကျောင်းသွားလျှင်လည်း မျက်နှာ မသစ် ရေမချိုးဘဲ ကျောင်းသွားရကြောင်း၊ တခါတလေ စားစရာပင် မရှိကြောင်း သနားစဘွယ်ပြော တာဖြင့် ကျွန်မရင်ထဲ မချိခဲ့ပါဘူး။

သူတို့ နေထိုင်ခဲ့တဲ့ ၀န်းကျင်အတိုင်း ရိုင်းစိုင်းတဲ့ အပြုအမှုတွေ၊ စကားအပြောဆိုတွေ၊ စည်းကမ်းမရှိတာတွေ၊ ရေမချိုးဘဲ ညစ်ပတ်တာတွေ.. အို ပြောလို့ မှ မကုန်နိုင်ပါဘူးရှင်.. ကျွန်မဘ၀ထဲ ရောက်လာတဲ့ သားသမီးတွေိကို ကျွန်မက ရင်သွေးအရင်းနဲ့ မခြား ပြုစုပျိုးထောင် ဆုံးမရမှာဘဲ မဟုတ်လားရှင်။

ဒီလို အရိုင်းအစိုင်း သားသမီးလေးတွေကို လိမ်မာယဉ်ကျေးဖို့ ဆုံးမရတာ အလွန်ခက်ပါတယ်။ ကလေးတွေ ဟာ စရိုက်ကြမ်းသလို ကျွန်မရဲ့ ဆုံးမစကားကို နားမထောင်ဘဲ ရိုင်းစိုင်းစွာ တုန့် ပြန်ခဲ့ပါတယ်။ ကျွန်မတို့ မွေးစားတာ အသက်ငယ်ရင် ဆုံးမတာ နာခံမယ်လို့ ယူဆမိပါတယ်။ ကလေးတွေဟာ အသက်နဲနဲ ကြီးပြီး ပတ်ဝန်းကျင် ရဲ့ ကြမ်းတမ်းတဲ့ စရိုက်တွေဝင်နေလို့  ဆုံးမမှု့ ကို မနာယူကြပါဘူး။ အိမ်လဲ အိမ်အလျောက် ကျောင်းလဲ ကျောင်းအလျောက် ပြဿနာ ပေါင်းစုံနဲ့ ပါရှင်။

ဒီကလေးတွေ ကို မွေးစားမိလို့  ကျွန်မရဲ့ မန်နေဂျာရာထူးမှထွက်ပြီး အချိန်ပြည့် အိမ်ရှင်မအဖြစ် ခံယူပြီး ကလေးတွေကို ရင်အုပ်မကွာ ပြုစုခဲ့ရပါတယ်။ သားလေးတွေအတွက် အခန်းနဲ့ အပြည့် ကစားစရာလေးတွေ ဖြည့်ပေးခဲ့ပြီး သမီးလေးအတွက် ချစ်စရာ ပန်းရောင်အခန်းလှလှလေးမှာ အရုပ်ကလေးတွေနဲ့  ပြည့်စုံအောင် ထားပေးခဲပါတယ်။

သားသမီးတွေကို တနစ်တခါ နိုင်ငံတကာ မြို့ တကာ လိုက်ပို့ ပေးခဲ့ပါတယ်။ ကျွန်မတို့ ရဲ့ ခိုင်မာတဲ့ နူးညံ့တဲ့ မိဘမေတ္တာ တွေကြောင့် သားတွေဟာ ရုန့်ရင်းကြမ်းတမ်းတဲ့ အပြုအမှုတွေ တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားပါတယ်။ သမီးကလေးက တော့ အကြီးဆုံးမိုလို့  ပြောင်းလာတဲ့ ပတ်ဝန်းကျင်ကို လွယ်လွယ်နဲ့  လက်မခံဘူး ရှင့်။ သူ့ စိတ်ထဲမှာ မိဘရယ်လို့ မှ သဘောမထားခဲ့ပါဘူး။ အိမ်ယာသိမ်းခိုင်းရင် (ရှင် ကျွန်မ မွေးအမေ မဟုတ်ဘူး လာမပြောနဲ့ ) လို့ တုန့် ပြန်ခဲ့ပါတယ်။ အချိန်ပြည့် သူ့ အမေကိုသာ တမ်းတ နေပါတယ်။

သား သမီးတွေရဲ့ အပြုအမှု ကို ကျွန်မ ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူးရှင်။ ချစ်ခင်ယုယမှု့ မရှိတဲ့ ကလေးတွေ ပစ်ထားပြီး အရက်သောက်ဖို့ သာ သိတဲ့
ကြမ်းတမ်းရိုင်းစိုင်း တဲ့ အမေကိုသာ တမ်းတလွမ်းဆွတ် နေတာ ဘာ့ကြောင့်များပါလိမ့်။ ကျွန်မရဲ့ နူးညံ့တဲ့ မေတ္တာ၊ အေးမြတဲ့ အချစ်ရိပ်အောက်မှာ နေပြီး မွေးအမေ ကိုမှ လွမ်းနေ တမ်းတနေကြတာဖြင့် ... အို ပဟေဌိဆန်လှ ပါ ပကော..

ကလေးတွေ အဖေကတော့ ကလေးတွေကို ချစ်တယ်လို့ ထင်ပါရဲ့ မွေးစားဖို့ ပေးတာကို ကန့် ကွက်တဲ့ အပြင် သူတို့ လေးတွေကို မစွန့် ဘူးလို့ ပြောခဲ့သတဲ့။ ဒါကြောင့်လည်း ကလေးတွေဟာ တချိန်ချိန်မှာတော့ သူတို့ မိဘတွေ ပြန်လာခေါ်မဲ့ အချိန်ကို စောင့်မျှော်နေကြပါတယ်။

အမှန်ကတော့ သူတို့ မိဘတွေဟာ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ နေနေသာသာ သူတို့ ကိုယ်တိုင် ပြဿနာ ပေါင်းစုံဝေနေတာပါ။ မိခင်ကတော့ ကလေးတွေကို လုံးဝ အကြင်နာ မပေးပါဘူး။

သမီးလေး ၁၄နစ်ရောက်လာတော့ သူ့ အမေကို ပြန်ရှာဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း ကလေးတွေကို ခေါ်လာတဲ့ လူမှု့ ဝန်ထမ်းဌာန က ကလေးမိဘကို ပြန်ရှာပေးမဲ့ အကြောင်း ကျွန်မကို ပြောလာပါတယ်။ ကျွန်မကတော့ သဘောတူ လိုက်ရပေမဲ့ ရင်ထဲမှာ သားတွေ သမီးတွေကို အဆုံးရှုံးမခံဝံ့ပါဘူးရှင်။

ကလဲ က တော့ မာမာထန်ထန်ဘဲ သူ့ အမေကို သာ မျှော်လင့်စောင့်စားတယ်ဆိုပြီး ကျွန်မတို့ ကို အာခံမာန်စောင် နေဆဲပါ။ ရိုင်းတဲ့ အပြုအမှု နဲ့ ကျွန်မတို့ ကို တုန့် ပြန်ပေမဲ့ သူဟာ အကျင့်မပျက်ပါဘူး။ အရက် မသောက် ဆေးမစွဲပါဘူး။ စာကြိုးစားတယ် သူငယ်ချင်းကောင်းတွေနဲ့ ပေါင်းပါတယ်။


တစနဲ့ တစ ပီတာနဲ့ ရိုင်းစိုင်းတဲ့ ကလဲ ဟာ အသေးအဖွဲက အစ မကြာခဏ စကားများလာကြပါတယ်။ တနေ့ မှာ ပီတာက စားပွဲရှင်းခိုင်းတာကို မလုပ်ဘဲ အ၀တ်စားထုတ်ပိုးပြီး အိမ်က ထွက်သွားပါတယ်။ အတော်ကြာ တဲ့အထိ ပြန်မလာဘဲ လူမှု့ ဝန်ထမ်းဌာနက ဖုံးဆက်ပြီး ကလဲဟာ လူမှု့ ဝန်ထမ်းဌာနရဲ့ အဆောင်မှာ နေတော့မယ် လို့ ပြောလာပါတယ်။ ကျွန်မလဲ ရင်ထဲဟာပြီး လိုက်ခေါ်ဖို့ ကြိုးစားပါတယ်။ ကလဲဟာ လုံးဝ အတွေ့ မခံခဲ့ပါဘူး။

အဲဒီအချိန်မှာ ပီတာနဲ့ ကျွန်မရဲ့ အိမ်ထောင်ရေးဟာ အဆင်မပြေဖြစ်လာရင်းနဲ့  နောက်ပိုင်း အိမ်ထောင်ကွဲ သွားရပါတော့တယ်။

ကလဲကို တွေ့ ဖို့ ကြိုးစားပေမဲ့ ကလဲက အတွေ့ မခံတော့ပါဘူး။ နောက်ထပ် သူ့ ကို မွေးစားတဲ့ နောက်မိဘ အိမ်မှာ ဘဲ နေနေ ပါတော့တယ်။ နစ်အနည်းငယ်ကြာလာတဲ့ အခါမှာ ကလဲဆီက သတင်းရပါတယ် သူ့ အသက် ၁၇နစ်မှာ အိမ်ခန်းတခန်းရရှိပြီး ၁၉နစ်မှာ အိမ်ထောင်ပြုလိုက်တယ်လို့ ပြောလာပါတယ်။ ကံကောင်းတယ် ဘဲ ပြောရမလားမသိပါဘူး။ သမီးလေးက သူ့ မင်္ဂလာဆောင်ကို လာဖို့ ဖိတ်ပါတယ်။ ကျွန်မကတော့ သမီးလေး ကိုချစ်တဲ့ မေတ္တာမပျက်ပါဘူး။ အစဉ်အမြဲ ဖုံးဆက်ပါတယ်။ မိခင်မဟုတ်လားရှင်။
တခါတလေ ကလဲ ကဖုံးပြန်ဆက်ရင်ဖြင့် ကျွန်မ မှာ အလွန်ပျော်ရပါတယ်။ ဒါကလည်း လပေါင်းများစွာကြာမှ တခါ ပြန်ခေါ်တာဆိုရင် ယုံမလား..

၁၉၉၈မှာသမီးလေးကလဲက
Benဆိုတဲ့ ကျွန်မမြေးဦးလေး ဖွားပေးခဲ့ပါတယ်။ နောက် ကေသီနဲ့  ဟန်နရီ ထပ်မွေး ခဲ့ပါတယ်။ ကျွန်မကတော့ မြေးလေးတွေနဲ့ ပိုရင်းနှီးတယ်လို့ ပြောရမှာပါဘဲရှင်။ သမီးမအားရင် မြေးတွေ ကို ထိန်းရတာ မမောနိုင်ပါဘူး။ သမီးလေးရဲ့ တုန့် ပြန်လာမဲ့ မေတ္တာကို မိခင်တယောက် အနေနဲ့ စိတ်ရှည်ရှည် စောင့်စားနေဆဲပါဘဲ။

တရက်မှာ ကလဲ ဖုံးဆက်လာပါတယ်။ သူ့ အမေကို ရှာတွေ့ ပြီလို့ ပြောပါတယ်။ ကျွန်မရင်ထဲ တုန်လှုပ်သွားမိ ပါတယ်ရှင်။ တုန်ခါနေတဲ့ အသံကိုထိန်းပြီး သမီးအမေကို ရှာတွေ့ တာ အမေ၀မ်းသာတယ်လို့ အားပေးစကား ပြောလိုက်ပါတယ်။ ကျွန်မရဲ့ သမီးတွေ သားတွေကို ကျွန်မရင်ထဲက ပြန်ဆွဲထုတ်သွားမလား လို့ ဝမ်းနည်းစွာ တွေးနေမိ ပါတယ်။ ဒီအမျိုးသမီးက သားသမီးတွေကို စွန့်ပြီးကထဲက တခါမှ လာမကြည့်ဘူး။ မစွန့် ခင်ကထဲက လည်း အချစ်မပေး လစ်လျူရှု့ ထားရက်တာ အခု ကျွန်မကို ပါဒုက္ခပေးတော့မယ်နဲ့ တူပါရဲ့ရှင်.. သားသမီးတွေ အရင်က စရိုက်ကြမ်းတွေ ၀င်လာမှာစိုးမိပါတယ်။ မတတ်သာတဲ့အဆုံး သမီးကို အကြံပေးမိပါတယ်။ မချစ်လို့ မကြင်နာလို့ စွန့် ပစ်ခဲ့တဲ့ အမေကို ပြန်ဆက်သွယ်တာ အကျိုးမရှိဘူးလို့ ပြောလိုက်ပါတယ်။ ကျွန်မအနေနဲ့ ဒီလို အမျိုးသမီးနဲ့  တွေ့ ဆုံဖို့ အကြောင်းမရှိကြောင်း ပြတ်ပြတ်သားသားပြောလိုက်ပါတယ် ။

အောက်တိုဘာ ၂၀၀၇မှာ ကလဲဟာ သူ့ မွေးမိခင်နဲ့ သွားတွေ့ ခဲ့ပါတယ်။ သူ့ မိခင် ၅၈နစ်မြောက် မွေးနေ့ ဆိုပါတော့။

သူ့ အမေဟာ အလုပ်မလုပ်ဘဲ အစိုးရထောက်ပံ့ကြေးတွေရဖို့  နောက်ထပ် ကလေးတွေ မွေးခဲ့ပါတယ်။ ကလေးစရိတ်နဲ့  ဘ၀ကို ၀မ်းကျောင်းနေလေရဲ့။ သူဟာ အရက်စွဲသူ စရိုက်ကြမ်းသူ တကိုယ်ကောင်းဆန်သူ လူမှု့ စရိုက်အဆင့်နိမ့်ကျလွန်းသူ ဖြစ်ပေမဲ့ ကျွန်မရဲ့ သားသမီးတွေကို သူ လွယ်လွယ်နဲ့ ဆွဲထုတ်ယူသွားနိုင် တယ်လို့  သူ့ ရဲ့ ယုံကြည်နေတယ်လေ....

သူမဟာ သမီးလေးကို ကြည့်ပြီး ဟဲ့ နင်တယ် ကြီးကျယ်နေပါလား ဆိုတဲ့ မယဉ်ကျေးတဲ့ စကားအသုံးနုန်းများနဲ့  နှတ်ဆက်စကားချွေပါတယ်။ သမီးဟာ ကျွန်မပေးခဲ့တဲ့ အဆင့်မြင့်ပညာ၊ ယဉ်ကျေးတဲ့ စကားနဲ့ အဆင့်ရှိတဲ့ အပြုအမှု နဲ့ မို လို့ သူမနဲ့ လားလားမှ မသက်ဆိုင်တော့ပါဘူးရှင်။ သမီးလေးရဲ့ ကလေးတွေကိုလည်း အဖွားခေါ် ခိုင်းပါတယ်။ ကလဲကို နေ့ စဉ် ဖုံးဆက်ပြီး သူမ မစွန့် ပစ်ခဲ့သလို နေ့ စဉ်ဆက်သွယ်နေလေရဲ့.. ကျွန်မ ကတော့ သမီးလေးကို သူမ ထပ်ပြီး နှိပ်စက်မှာ စိုးရိမ်ပါတယ်။

ကျွန်မထင်တဲ့ အတိုင်းပါဘဲ။ ပြီးခဲ့တဲ့ လက စပြီး သူမ က သမီးကို အဆက်သွယ်ဖြတ်လိုက်ပါတော့တယ်။ သမီးလေးဟာ သူမ စွန့် ပစ်ခဲ့လို့  အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတဲ့ ဘ၀ ကလေးကို အဆင့်မြင့်အောင် မနဲ ပျိုးထောင် ခဲ့ရတဲ့ ကျွန်မဟာ ထပ်မံ ပြိး သမီးလေးကို နှစ်သိမ့် ကုစားရပါတော့တယ်။

တနေ့ နေ့ မှာ ကျွန်မ သမီးဟာ ကျွန်မကို သူ့ မိခင်အဖြစ် သတ်မှတ်မဲ့အချိန်ကို ကျွန်မ မျှော်လင့် စောင့်စား နေဆဲပါ။


ကလဲ ၏ ခံစားမှု့ 

မျှော်ပါ...

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.