Wednesday, October 15, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 2 New Entries: ဟိုအစ်ကိုကြီးရဲ့မခင်နှင်းဆီ နှင့်…..

ဟိုအစ်ကိုကြီးရဲ့မခင်နှင်းဆီ နှင့်…..

”ရင်နင့်ပန်းကလေးနှင်ဆီ
အသွင်သစ်ဆန်းလို့ လန်းကြည်ထုံအောင်
ပင်ယံအမြင့်မှာ တင်မိပါသည်…

မင်းဘ၀အဆင်ပြေသင့်ချိန်
နေခြည်နွေးထွေးနိုင်ပါသည်
ကျိုးလွှင့်ချေဖျက်ဆီးယူ
မလိုသူများ ၀ိုင်းနေပါသည်
မင်းဘ၀ အဆင်ပြေသင့်ချိန်
မြေခကျိုးငြိုးမှာ စိုးပါသည်”

ထီဆိုင်လှည်းကလေးကထွက်ပေါ်လာတဲ့ အဲဒီသီချင်းသံကြောင့် မခင်နှင်းဆီ သီချင်းတွေကို
ပိုပြီးသတိရလွမ်းမောမိပါတယ်။ ဒီသီချင်းကတော့ မခင်နှင်းဆီမဟုတ်၊ နှင်းဆီ၊
ရင်နင့်ပန်းကလေးနှင်းဆီ၊ ဆိုပြီး အောင်သူဆိုခဲ့တာ။ မိုနိုသီချင်းတွေကို အရမ်းကိုစွဲလန်းခဲ့တဲ့
အချိန်တွေတုန်းကတော့ မင်းအောင်ရဲ့ အသည်းနွမ်းခေါ်သံနဲ့ ထပ်တူကြိုက်ခဲ့တဲ့ သီချင်းပေါ့။
အဲဒီအချိန်တုန်းကတော့ ခံစားချက်ဆိုတာမရှိပဲ စာသားနဲ့သံစဉ်ကိုသဘော ကျမိရာက ကြိုက်နေခဲ့တာ။

”ရိုစီ မင်းကို ယူဆောင်လာသူ လောကထဲ နာမည်လွယ်လွယ်ပျံနှံ့နေ
မင်းရဲ့သတင်းကို ဂန္ဓ၀င်ဆန်ဆန်ဖွဲ့သူတွေ နားမျက်စိတွေ ကန်းသွားပြီဟေ့”

လက်ဖက်ရည်ဆိုင်က ထွက်လာတဲ့ သီချင်းသံ။ အဲတာ လေးဖြူဆိုထားတဲ့ လုံးဝအသုံးမကျတဲ့နှင်းဆီ ပေါ့။
ဒီသီချင်းနှစ်ပုဒ်ကို အချိန်တစ်ခုတည်းမှာ ရှေ့ဆင့်နောက်ဆင့် ကြားခဲ့ပြီးတဲ့နောက် ကျွန်တော့်စိတ်ထဲ
ဆင့်ကဲဝင်ရောက်လာတဲ့ အကြောင်းအရာက မခင်နှင်းဆီ သီချင်းတွေနဲ့ ခေတ်ရဲ့အလှည့်အပြောင်း။

မခင်နှင်းဆီ သီချင်းတွေကို စပြီးသတိထားမိခဲ့တာက လွှမ်းမိုးရဲ့သီချင်းတစ်ပုဒ်။
ဟို အစ်ကိုကြီးရဲ့ မခင်နှင်းဆီ။ မိုးစက်တင်လေ အခွေထဲမှာ ပါခဲ့ပါတယ်။ ငယ်ငယ်တုန်းက
အကြိမ်ကြိမ်နားထောင်ဖြစ်ခဲ့တဲ့ သီချင်း။ ဒီသီချင်းကို အသံထွက်ဆိုတော့ မှတ်မိသေးတယ်။
ဆရာတစ်ယောက်ဆီမှာ ၊ သူကပတ္တလားတီး ကျွန်တော်ကဆိုနဲ့ ၊ အခုထက်ထိ မှတ်မိနေသေးတယ်။
သီချင်းစာသားဆို တစ်လုံးမကျန်အလွတ်ရနေတုန်း။ ရေးသူကတော့ ကိုလေးလွင်ဖြစ်မယ်။

ဟို အစ်ကိုကြီးရဲ့ မခင်နှင်းဆီ

လွမ်းရိပ်ဝေသော နွေဦးညများမှာ
ကျောင်းနေတုန်းက မြသည်းညှာ
စိတ်မစွဲပါပဲ အတိတ်ထဲမှာလည်း ဝေခွဲ၍ပေါ်လာ
ထိုအခါ သူနဲ့လည်း ကျောင်နေစဉ်
သူစုထားတဲ့ မုန့်ဖိုးကလေးနဲ့ ၀ယ်ကျွေးတဲ့အရသာ
တစ်ကယ်မမေ့သည်..

အဲဒီတုန်းက ခေတ်အစားဆုံးသီချင်းကလေးတစ်ပုဒ်ကို
ချစ်သူရှိရာ ည ညအခါ သွား သွားဆို
အော်… ဟို အစ်ကိုကြီးရဲ့ မခင်နှင်းဆီ

(ပန်းကလေးလိုလှနေတာပဲ ကြည့်ချင်ပါသည်
ပန်းကလေးလိုငြိုးမှာကိုလည်း စိုးရိမ်မိသည်
မခင်နှင်းဆီ မခင်နှင်းဆီ
လှစမ်းပါ ပန်းလောက် စောင့်ကြည့်ချင်သည်
နောင်တော့သာ အလိုမကျရင်
အော် မင်းဘ၀အတွက်ပဲ တွေးကာငိုမိသည်)

ကိုယ်တို့ မြို့မှာတော့လေ
ခေတ်အစားဆုံးသီချင်းနဲ့ အလှဆုံးမိန်းကလေး
ပြပါဆိုရင်တစ်ကယ် မခင်နှင်းဆီရယ်
မခင်နှင်းဆီရယ်..
တစ်ဖက်သတ်တိတ်တခိုးလေးနဲ့
ကျိတ်ပိုးဆွေးတဲ့ ကျွန်တော်ရယ်…

ဘာပဲပြောပြော ရာဇ၀င်ရှိတယ်
အခုတော့လည်း ဒါတွေ ဒါတွေ
ပြီးခဲ့ပါပြီး ပြီးခဲ့ပါပြီ ပြီးခဲ့ပါပြီ ပြီးခဲ့ပါပြီ

ဒါပေမယ့်လည်းလေ တစ်ရံတစ်ခါတော့
သတိရနေပါသည်..
အော် ငယ်ငယ် တုန်းက မခင်နှင်းဆီ…

(ပန်းကလေးလိုလှနေတာပဲ ကြည့်ချင်ပါသည်
ပန်းကလေးလိုငြိုးမှာကိုလည်း စိုးရိမ်မိသည်
မခင်နှင်းဆီ မခင်နှင်းဆီ
လှစမ်းပါ ပန်းလောက် စောင့်ကြည့်ချင်သည်
နောင်တော့သာ အလိုမကျရင်
အော် မင်းဘ၀အတွက်ပဲ တွေးကာငိုမိသည်)

လွှမ်းမိုးဆိုတဲ့ သီချင်းတွေထဲမှာတော့ မိုးစက်တင်လေပြီးရင် အကြိုက်ဆုံးဖြစ်ခဲ့တဲ့
သီချင်းတစ်ပုဒ်ပဲ။ သူ့သီချင်းက သူ့ခေတ်ကိုပြထားတယ်။ မိုနိုသီချင်းတွေမှာ အမြဲတွေ့ရလေ့ရှိတဲ့
ပကာသနဇာတ်ပျက်သမားနဲ့ ရွှေမင်းသမီး ဆိုတဲ့ပုံစံတွေကို မရောက်ရှိစေနိုင်တဲ့စာသား
တွေနဲ့ ရင်ထဲမှာ နင့်ခနဲဖြစ်နေအောင်ကို ရသပေးစွမ်းခဲ့တယ်။ ခံစားချက်ရှိတဲ့လူတွေဆို ပိုကြိုက်သပေါ့။

ဟို အစ်ကိုကြီးရဲ့ မခင်နှင်းဆီရဲ့ အစကိုပြန်လိုက်မယ်ဆိုရင် မခင်နှင်းဆီမူလပိုင်ရှင်လို့ ဆိုရမယ့်
ကိုမြကြီးကို သတိရမိကြမှာပါ။ မခင်နှင်းဆီသီချင်းကို ကိုမြကြီးကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ဆိုခဲ့ပေမယ့်
သန်းဖေလေးပြန်ဆိုတဲ့ဆိုဟန်ကိုတော့ ကျွန်တော်အကြိုက်ဆုံးဖြစ်ခဲ့ပါတယ်။ မခင်နှင်းဆီပေါ်စ ခေတ်၊
သန်းဖေလေးရဲ့အသံ၊ မခင်နှင်းဆီရဲ့ဟန်ပန်၊ သန်းဖေလေးရဲ့အသံဟာ ပစ္စည်းမဲ့လူတန်းစားရဲ့
သရုပ်ကို အပီပြင်ဆုံး ဖော်ကျူးနိုင်ခဲ့တယ်။ မှတ်မိသလောက်ဆို မခင်နှင်းဆီရယ်၊
မခင်နှင်းဆီရဲ့ နှင်းဆီ ဆိုတဲ့သီချင်းရယ်။ မခင်နှင်းဆီရဲ့ နှင်းဆီကိုတော့ ဆရာသော်တာဆွေရေးတဲ့
မခင်နှင်းဆီ ၀ထ္တုကြောင့် မှတ်မိနေခဲ့တာပါ။ ဆရာက သူ့စာထဲမှာ ဒီလိုထည့်ရေးခဲ့တယ်။

”ဒီ သူငယ်မ တစ်ကယ်လှတော့
တယ် ဟ၀ှာကြီးတယ်နော်” ဆိုပြီးတော့လေ။ အမှန်ကတော့

“ဒီသူငယ်မ တစ်ကယ်လှတော့
တယ်မာန ကြီးတယ်နော်” ဆိုတာကို ဆရာက ဖျက်လိုက်တာ။ နောက်မှတ်မိနေတာရှိသေးတယ်။
အက္ခရာသချာင်္နည်းနဲ့ တွက်ချက်ကြည့်တော့လည်း မက်စရာမမြင်သာပြီ။ ဒါပဲအဖြေထွက်နှင်းဆီ။ ဆိုပြီးတော့၊
အလွတ်နီးပါး မှတ်မိနေတာကလည်း မခင်နှင်းဆီ ဖြစ်နေပြန်တယ်။

မခင်နှင်းဆီ

ချစ်စရာ အမည်ကလေးနဲ့
တစ်သွေးတမွေးကိုပဲ လှနိုင်ရက်ရှာသည်
မခင်နှင်းဆီတဲ့
ကြည့်စမ်းပါဦး လှတဲ့နာမည်
ဘယ်လောကများပင် ပန်းဆန်လိုက်သလဲလို့
ဆင်ယင်ထုံးဖွဲ့မှုနဲ့ အယဉ်ကျေး ယဉ်ကျေးတကာ့နာမည်

ထိုနာမည် ပိုင်ရှင်မကို ကျွန်တော်က တွေ့သောအခါ
အော် မေ့မရပါပြီ စွဲ စွဲခဲ့ပါပြီ အလှထွဋ်ခေါင်စွဲဆောင်မှုကြောင့်
ကျွန်တော့်မှာ ယစ်မူး ရူးခဲ့လေပြီ
ချိုမြူနှစ်ကိုယ်တူကြား စကားသစ္စာဆိုပြန်သည်
ထားသစ္စာ သွေကာဖောက်လို့ မောက်လိုက်ပါတဲ့
အလှဂုဏ် ဓနဂုဏ် အဲတာတွေ ကိုယ်စားပြုတော့
ကျွန်တော့်မှာ ကြောက်မိသည်

(ပန်းကလေးလိုလှနေတာပဲ ကြည့်ချင်ပါသည်
ပန်းကလေးလိုငြိုးမှာကိုလည်း စိုးရိမ်မိသည်
မခင်နှင်းဆီ မခင်နှင်းဆီ
လှစမ်းပါ ပန်းလောက် စောင့်ကြည့်ချင်သည်
နောင်တော့သာ အလိုမကျရင်
အော် မင်းဘ၀အတွက်ပဲ တွေးကာငိုမိသည်)

အဲတာက မူလ မခင်နှင်းဆီ၊ ဒီမခင်နှင်းဆီရဲ့ အဖွဲ့က လွှမ်းမိုးရဲ့မခင်နှင်းဆီအဖွဲ့နဲ့
မတူပြန်ဘူး။ နောက်မတူတဲ့ မခင်နှင်းဆီဖွဲ့တွေရှိနေသေးတယ်။
အထင်ရှားဆုံးလို့ပြောရရင်တော့ ဇော်ဝင်းရှိန်ရဲ့ ရိုစီတာ သီချင်းတွေ။
သုံးပုဒ်လား၊ လေးပုဒ်လား၊ ရိုစီတာ သီချင်းတွေကို ဇော်ဝင်းရှိန်ဆိုထားခဲ့တယ်။
ရိုစီအိမ်ကိုပြန်ခဲ့ကွယ်ဆိုတဲ့ သီချင်းမှာ…

”အို ရိုစီ မနှင်းဆီ
မင်းအမေလည်း တို့လိုပဲ အသားညိုတဲ့ မန္တလေးက မြန်မာ” ဆိုတာ။ အရမ်းကြိုက်ခဲ့တယ်။

ဇော်ဝင်းရှိန်ရဲ့ မခင်နှင်းဆီသီချင်းတွေကျပြန်တော့ ရှေ့ကသီချင်းတွေနဲ့မတူတော့ပြန်ဘူး။
ဆရာဘုန်းနိုင်ရဲ့ တပြည်သူမရွှေထားကို လွမ်းသလို အနီးမှာရှိမနေတဲ့ မခင်နှင်းဆီကို
တမ်းတတာ၊ တမ်းတရုံတင်မကဘူး၊ ပြန်လာခဲ့ပါဆိုပြီး ခေါ်မြည်နေတာ။
ဇော်ဝင်းရှိန်ရဲ့ နှင်းဆီသီချင်းတွေကလည်း တစ်ခေတ်ဖြစ်ခဲ့ပါတယ်။

ကျွန်တော် တွေးမိတာက၊ ကိုမြကြီးရဲ့ မခင်နှင်းဆီသီချင်းတွေနောက် အသစ်၊အသစ်သော
မခင်နှင်းဆီ သီချင်းတွေပေါ်ခဲ့တယ်။ ကောင်းတဲ့သီချင်းတွေ၊ ခေတ်ရဲ့သီချင်းတွေ ရှိခဲ့၊ ပေါ်ခဲ့သလိုပဲ
မအောင်မမြင် ဖြစ်သွားရှာတဲ့ သီချင်းတွေလည်းရှိတယ်။ ဒါပေမယ့် မခင်နှင်းဆီသီချင်အားလုံးရဲ့
ဇာတ်ကောင်၊ မခင်နှင်းဆီနဲ့သူ့ကိုချစ်တဲ့သူ၊ ဒီနှစ်ယောက်ဟာ လုံးလုံးဆန့်ကျင်ဖက်တွေပဲ။
တနည်းအားဖြင့် ဂုဏ်မောက်သူနဲ့ အချစ်မှာ ရှုံးနိမ့်နေတဲ့သူ ရဲ့ဇာတ်လမ်း။

အဲဒီရှုံးနိမ့်မှုအနေအထားကို သီချင်းရေးဆရာတွေ အသက်သွင်းကြတဲ့အခါ မခင်နှင်းဆီကို
အဆိုးမြင်တဲ့အခြေအနေဖြစ်အောင် သွပ်သွင်းယူခဲ့ကြတယ်( ဇာတ်ကွက်မနာနာအောင်)လို့မြင်တယ်။
အဲလိုနဲ့ ဖွဲ့လာခဲ့ကြတာ လေးဖြူဆိုတဲ့ လုံးဝအသုံးမကျတဲ့နှင်းဆီလည်းရောက်ရော
မခင်နှင်းဆီရဲ့သရုပ်ဟာ တော်တော်ကို ဆိုးသွားခဲ့တာ တွေ့ရတယ်။ အဲဒီသီချင်းမှာ
”ဆူးနဲ့အဆိပ်ကို လက်ဆောင်ပေး” ဆိုတဲ့စကားလုံးဟာ ကမ်းအကုန်ဆုံး ပြောသွားခဲ့တာဖြစ်မလား။
အချစ်ကိုတော့ ဖွဲ့ကြတာပဲ။ သီချင်းတိုင်ကတော့ ပေါ်ပေါ်ထင်ထင်သာ မပြောခဲ့ကြတာ။
ပကာသနဇာတ်ပျက်သမားနဲ့ရွှေမင်းသမီး အသွင်တွေကြီးပဲ။

ကျွန်တော် တွေးဖြစ်ခဲ့တာပါ။ ကျွန်တော်စကြိုက်ခဲ့တာက ဟို အစ်ကိုကြီးရဲ့ မခင်နှင်းဆီ၊
နောက်တော့ ကိုမြကြီးရဲ့ မခင်နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီ၊ ဇော်ဝင်းရှိန်ရဲ့ ရိုစီတာတွေ။ နောက်၊
လေးဖြူရဲ့ လုံးဝအသုံးမကျတဲ့ နှင်းဆီ၊ ဘယ်လိုမခင်နှင်းဆီ သီချင်းတွေ ဆက်ပေါ်လာဦးမလဲ။
ကျွန်တော် မျှော်ကြည့်မိပါတယ်။ မိုးမိုး(အင်းလျား)ရဲ့ ၀ထ္တုခေါင်းစဉ်တစ်ခုလို မဖြစ်ခဲ့ရင်ပေါ့။

”နာမကျန်းသည် အိုနှင်းဆီ”

ခေတ်ရဲ့ မခင်နှင်းဆီအသစ်များ ဆက်ပေါ်လာလိမ့်ဦးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
သီချင်းAudio တွေတင်ပေးချင်ပေမယ့် ကျွန်တော့်မှာ တစ်ဖိုင်မှ မရှိတာတော့ စိတ်မကောင်းစရာပဲ။

ခဲတံချွန်ပြီး ရေးဖြစ်တဲ့စာ

ခဲတံချွန်ပြီး ဘာစာရေးမလဲ သိချင်တယ်ဆိုလို့
ကျွန်တော်တင်ပေးလိုက်တယ်။ ခဲတံချွန်ပြီး ရေးဖြစ်တာ အဲဒီစာပဲ။
ကဗျာမပီ၊ စာမမည်၊ သီချင်းစာသားလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

click နှိပ်ပြီး ပုံအကြီးချဲ့ယူနိုင်ပါတယ်။ :)

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.