Wednesday, October 15, 2008

[Padauk Myay] 1 New Entry: ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်း

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်း

မျိုးဆက်သွေး

ပြည်တွင်းက ဒီမိုကရေစီလှုပ်ရှားသူများရော၊ သာမန်ပြည်သူများပါ သတင်းနဲ့ပတ်သက်ရင် ရေဒီယိုကို အားကိုး ကြတာအားလုံးအသိပဲ။ ဒီအထဲက လူငယ်များကတော့ အင်တာနက်ကနေ သတင်းတွေရယူကြတယ်။ ဘလော့ဂ်တွေတင်ကြ၊ ရေးကြလုပ်ကြတယ်။ ချုပ်လိုက်ရင်တော့ ပြည်ပသတင်းမီဒီယာတွေဟာ သတင်း မှောင်ချခံနေရတဲ့ ပြည်သူတွေအတွက် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်တယ်။

ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာ ပြည်ပကမီဒီယာတွေက ပြည်တွင်းသတင်းတွေကို ပိုပြီးအလေးပေး ဖော်ပြကြတယ်။ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာ ဘလောဂ့်တွေဟာလည်း တကယ့် သတင်းမီဒီယာ တွေလိုဖြစ်လာပါတယ်။ ဒါပေမယ့် ဒီမီဒီယာတွေဟာ နအဖ လက်အောက်မှာ သတင်းမှောင်ချခံနေရတဲ့ ပြည်သူတွေကို မှန်မှန်ကန်ကန်အသိပေးနိုင်ရဲ့လား။ မီဒီယာကျင့်ဝတ်နဲ့အညီ သတင်းတွေ ပေးနိုင်ရဲ့လား ဆိုရင်တော့ ဖြေရခက်ပါလိမ့်မယ်။

ပြည်ပက မီဒီယာတွေ၊ ဘလော့ဂ်တွေအနေနဲ့ နအဖက မှောင်ချထားတဲ့သတင်းတွေကို ဖွင့်ချတာ၊ နအဖရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖွင့်ချတာ၊ အကျင့်ပျက်မှုတွေကို ဖော်ထုတ်တာတွေ လုပ်ရမယ်ဆိုတာ ဘာမှ အငြင်းပွားစရာမရှိဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒါတွေကို သိချင်လို့ မနက်ဆို ရေဒီယိုနားထောင်ရ၊ အချိန်ရရင် အင်တာနက်ကဖေးပြေးရ လုပ်နေရတာပဲ။ ဒါပေမယ့် နာဂစ် နောက်ပိုင်းကစပြီး ဒီမိုကရေစီ ဘက်တော်သား မီဒီယာများဟာ သတင်းကို မှန်မမှန်စိစစ်ဖို့ထက် နအဖကို တွယ်ဖို့ကို ပိုအားသန် လာတယ်လို့ ရိုးရိုးသားသားပဲမြင်မိတယ်ဗျာ။

မကြာခင်ကဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသည်းအသန်ဖြစ်နေပြီ၊ စင်္ကာပူဆေးရုံကတောင် လက်မခံ တော့ဘူး၊ ရန်ကုန်မှာ အိပ်ယာထဲလဲနေပြီ ဆိုတဲ့သတင်းမျိုးကို ဘလော့ဂ်တွေကသာမက အစဉ်အလာရှိတဲ့ မဂ္ဂဇင်းဝက်ဘ်ဆိုက်တွေ၊ ရေဒီယိုလိုင်းတွေကနေပါ အားတက်သရော ထုတ်လွှင့်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဒါဟာအခြေအမြစ် မရှိဘူးဆိုတာ အားလုံးတွေ့လိုက်ရတာပဲ။ တကယ်တော့ ဗိုလ်ချုပ်မှူကြီး ရန်ကုန်မှာရှိမရှိ သိဖို့ ဘာမှမခက်ပါဘူး။ စွယ်တော်ရှေ့က သူ့ ခြံထဲကို ၀င်တဲ့လမ်းထိပ်ကို ကားနဲ့ ဖြတ်မောင်း လိုက်ရင်ကို သိပါတယ်။ သူရှိရင် လမ်းထိပ်မှာ ယာဉ်ထိန်းတွေ၊ အစောင့်ကားတွေ တန်းစီနေတာပဲ။ ဒါကို မစိစစ်ဘဲ ဘာ့ကြောင့်ထုတ်လွှင့်သလဲ စဉ်းစားလို့ မရဘူး။ ဒိလိုပဲ မကြာခင်က ဖြစ်ခဲ့တဲ့ နတ်မောက်ဘက်က NLD ကိုအောင်မိုးလွင် ထောင်ထဲမှာ သေပြီ ဆိုတဲ့ သတင်းကို မီဒီယာတွေကပြောရုံမက NLD ဦးဥာဏ်ဝင်းကပါ မီဒီယာပေါ်တက်ပြောသွားသေး တယ်။ နောက်တော့ ဒါလဲ မဟုတ်ပြန်ဘူး။

ဒါတွေက မကြာခင်က ဖြစ်ခဲ့တဲ့ သတင်းအလွဲတွေထဲက ထူးခြားတာကို ရွေးထောက်ပြတာပါ။ ဒီလို မှားယွင်းတာ တွေဟာ ဒီမိုကရေစီဘက်တော်သား မီဒီယာတွေအပေါ် လူတွေ အယုံအကြည် နည်းပါးစေမှာကို စိုးရိမ်ပါတယ်။ နောက်ပြီး ပြည်သူတွေအနေနဲ့ကလည်း ဒီလိုသတင်းတွေကို နားထောင်ရင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသေရင် ဒီမိုကရေစီ ရတော့မယ်။ မကြာခင်စစ်တပ်ကြီး နှစ်ခြမ်းကွဲတော့မယ်၊ အမေရိကန်က ဘာလုပ်တော့မယ်၊ ကုလသမဂ္ဂ ဘာလုပ်တော့မယ်ဆိုတဲ့ စိတ်ကူးယဉ်မှုတွေ နောက်ကိုပဲ လိုက်နေကြတယ်။ ကိုယ်ဘာလုပ် သင့်တယ်ဆိုတာ တွေးတဲ့သူနည်းသွားတယ်။

ဖြစ်စေချင်တာကတော့ တိကျမှန်ကန်တဲ့ သတင်းတွေကိုပြောပါ။ နအဖ သာမဟုတ် ဒီမိုကရေစီ ဘက်တော် သားများဘက်က အားနည်းချက်ကိုလည်း ထောက်ပြကြပါ။ (လွတ်လပ်တဲ့ သတင်းမီဒီယာဆိုတာ ဘက်မလိုက် ဘူးလို့ မှတ်သားဖူးလို့ပါ။) ပြီးရင် ပြည်သူတွေဘာလုပ်သင့်တယ်ဆိုတာကို စဉ်းစားနိုင်အောင် သုံးသပ်ချက်တွေ၊ ဝေဖန်ဆန်းစစ်ချက်တွေ ပြောပေးကြပါ။

ဒီလိုမဟုတ်ရင်တော့ နအဖ ဘက်ကလည်း နအဖကောင်းကြောင်း တစ်ဘက်သတ်၊ မီဒီယာများကလည်း ငါ့စကားနွားရ၊ ပဲခူးရိုးမ ဗကပရဲ့ လူထုဟစ်တိုင် လှုပ်ရှားမှုတုံးကလို ရန်သူနဲ့ ပတ်သက်လို့ ဘာပြောပြော တရားတယ်ဆိုတဲ့ အယူအဆနဲ့ ပြောနေကြရင်တော့ ပြည်သူတွေအတွက် မှန်ကန်တဲ့ အသိကို ပေးနိုင်မှာ မဟုတ်ဘူး။ အခုဟာက ဘီဘီစီလို အစဉ်အလာရှိတဲ့ သတင်းဌာနတွေတောင် သတင်းမီဒီယာစံတွေ၊ တန်ဖိုးတွေ လျော့လာတာကို တွေ့နေရလို့ စိတ်မကောင်း ဖြစ်ရတယ်။ ဒီမိုကရေ စီဘက်ကနေလို့ ဒီလိုပဲ ပြောရတယ်လို့ အကြောင်းမပြပါနဲ့။ ပြည်သူတွေလိုနေတာ ဟိုတုံးက ဗကပ ပြည်သူ့အသံ မဟုတ်ဘူးဗျာ။ တကယ့် လွတ်လပ်မျှတတဲ့ သတင်းမီဒီယာပါ။ ဒီလိုမီဒီယာမျိုးကသာလျှင် ကျွန်တော်တို့ကို ဒီမိုကရေစီနဲ့ သတင်း လွတ်လပ်ခွင့် တန်ဖိုးတွေကို နားလည်စေလိမ့်မယ်လို့ထင်တယ်။

အဲ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်တာလေးတစ်ခုလည်း ပြောချင်သေးတယ်။ ဒါကတော့ ကောင်းကင်ကိုရဲ့ ကဗျာ ကိစ္စ၊ ဘလော့ဂ်လောကမှာ ကိုယ်ကြိုက်တဲ့စာတွေရင် ညွှန်းကြ၊ ကူးယူဖော်ပြကြ လုပ်နေတပဲ။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကဟာတောင် ခပ်တည်တည်နဲ့ ကူးပြီးတင်နေ သေးတာပဲဗျာ။ အညွှန်းထည့်ပြီး အသိအမှတ် ပြုပေးဖို့ပဲ လိုတာပဲ။ အခု ပိတောက်မြေက Comment မှာ တွေ့လို့ တင်တယ်။ ရေးသူမသိလို့ ခွင့်မတောင်းနိုင်ဘူးလို့ ပြောထားတာကို ကောင်းကင်ကိုကလည်း ကန့်ကွက်၊ စာသူခိုးလို့ ပြောသူကပြော၊ အိုရှုတ်နေတာပဲ။ ဒါပေမယ့် တကယ့် အကြောင်းအရင်းကတော့ Copy Right ဆိုတာထက် ပိတောက်မြေကို နအဖ ဘက်တော်သားတံဆိပ် ကပ်ထားတာဖြစ်လို့ ကန့်ကွက်တာပဲလို့ ထင်မိတယ်။ ကောင်းကင်ကို ကလည်း ဒီလိုဘလော့ဂ်မှာ တင်လိုက်ရင် ငါလည်း တံဆိပ် အကပ်ခံရမှာပဲဆိုပြီး စိုးရိမ်ပုံရတယ်။ ဒါတွေ တွေ့ရတော့ ကျုပ်တို့ ဒီမိုကရေစီဆိုသူများမှာလည်း သဘောထားကြီးဖို့ လိုသေးပါလားလို့ စိတ်မကောင်းဖြစ်မိတယ်။ ပိတောက်မြေရဲ့ Admin က နအဖ လူလား၊ ဘာလားတော့ မသိဘူး။ နအဖလူတွေဖြစ်နေရင်တောင် နအဖထဲမှာ ဒီလို ဟိုဘက်ဒီဘက် နားထောင်ပေးတဲ့လူတွေ ရှိလာအောင် အားပေးရမယ် ထင်တာပဲဗျာ။ ကျွန်တော်တို့ပဲ စစ်တပ်ထဲက မျိုးဆက်သစ်တွေကို စည်းရုံးရမယ်၊ ဘာညာနဲ့ ပြောခဲ့ဖူးတယ်လေ။ အခုဟာက ကျွန်တော်တို့က စံနမူနာကောင်း ပြရမယ့်အစား ကလေးဆန်နေတယ် ထင်တာပဲ။ (ဟဲဟဲ ပိတောက်ကို ဖားတယ်ဆိုပြီး လှိမ့်ဆဲမနေနဲ့ဦး။ ပိတောက်အယူအဆတွေကို ကျွန်တော်လက်မခံတာ အရင်ပို့စ်တွေကို ကြည့်ရင် သိမှာပါ။)

ရင်ဖွင့်ချင်တာကတော့ ဒီလောက်ပဲ။ အရင်ကတော့ ဒဂုံသားတို့ ပိတောက်တို့ကို ဝေဖန်တဲ့ ပို့စ်တွေ တင်တုံးက ထောက်ခံတဲ့လူတွေကတော့ အခုလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်တာ ကြိုက်မယ်မထင်ဘူး။ သို့သော် ဒီလို သဘောထား ကွဲလွဲခွင့်ရှိတာဟာလည်း ဒီမိုကရေစီဘဲမဟုတ်လား။

မျိုးဆက်သွေး

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.