Wednesday, October 15, 2008

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: မေတ္တာများနှင့် ဟန်ဆောင်ခြင်း...

မေတ္တာများနှင့် ဟန်ဆောင်ခြင်း...

ညသန်းခေါင်ကျော် အချိန် ၁၂ နာရီ ၀၅ မိနစ်......။
ဟော မေမေ့ဆီ ဖုန်းလိုင်းဝင်သွားပြီ.....။ "တူ.တူ.... တူ.တူ...." ဆိုတဲ့ခေါ်နေသံကို ကျမကြားနေရပြီ... ဒုတိယမြောက်ခေါ်သံလေး မဆုံးသေးခင်....

"မေမေ...."
"ဟယ်လို... သမီးလေး Happy Birthday ပါ "
ကျမ အတောင့်တရဆုံး မေမေ့ အသံလေး....။

"မေမေနာရီကြည့်ပြီး မျှော်နေခဲ့တာ"
"မေမေရယ်...."
ကျမအသံတွေ တုန်ရီနေတာ... မေမေ မသိစေချင်ဘူး...။

"သမီးလေး မွေးနေ့မှာ ပျော်အောင်နေနော်"

"မေ.... ... .. ."
တုန်ရီနေတဲ့ ကျမအသံလေး တိမ်ဝင်သွားပြန်ပြီ...။

"သမီး ဘဝမှာ သမီးလိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ဆီ မေမေ့ မေတ္တာအားတွေနဲ့......"
"မေ..မေ"
ကတုန်ကယင် ကျမအသံတွေကို ပညာသားပါပါနဲ့ မေမေ မသိချင်ယောင် ဆောင်ပေးနေတယ် ဆိုတာ ကျမသိနေပါတယ် မေမေ..။ အသက် (၆၀) ကျော် အမျိုးသမီးကြီးတစ်ယောက်က အသက် (၃၀) အရွယ် မိန်းမငယ်တစ်ယောက်ကို အားပေးနေတာပါလား..!! မဟုတ်သေးဘူးမေမေ.. ကျမတို့ လွဲနေပြီ... သမီးကသာ မေမေ့ကို အားပေးရမှာလေ...!! ကျမအားတင်းလိုက်တယ် နောက်တစ်ကြိမ်ခေါ်မိပြန်ပြီ....
"မေ..မေ"
"သမီးလေးကို မေမေသာဓုခေါ်ပါတယ်ကွယ်.."

"မေမေ" ကျမ အားရပါးရ ခေါ်မိလိုက်သံပါ... ရှိုက်သံတွေနဲ့ရောပြီး အကျယ်ကြီးထွက်လာတယ်.. ဒါပေမဲ့ ရင်ထဲမှာပါ..။ သမီး နှုတ်က မေမေ့ကို ကန်တော့ပါတယ်လို့ မထွက်ရသေးဖူးမေမေ.. မေမေရယ်... သမီးကို ဘာလို့... ဒီလောက်အထိ....။

"လွန်ခဲ့တဲ့ အနှစ်(၃၀)တုန်းက ခုလိုအချိန်မှာ သမီးက မေ့ဗိုက်ထဲက ထွက်ချင်လွန်းလို့ ဆိုးနေခဲ့ပြီလေ... မေမေက သမီးဖေဖေကို ဂျီတွေတိုက်နေခဲ့ချိန်ပေါ့..."
ရယ်သံလေးစွက်ပြီး တက်ကြွသလို ပြောနေတဲ့ မေမေ့ စကားသံလေးတွေက နုငယ်နေပေမဲ့ ဆွေးမြေ့နေပြန်တယ်..။ မေမေလည်း ဟန်ဆောင်ပြီး အားတင်းနေတာ သမီးသိတယ်။ ကျမထပ်ပြီး ကြိုးစားလိုက်တယ် ချစ်ခြင်းတွေ မေမေ့ကိုပြဖို့ တိုးတိုးလေး ခေါ်လိုက်မိတယ်..။ ကျမမျက်လုံးတွေကို မှိတ်ထားလိုက်တယ်... မေမေ့ ပါးလေးနားကိုကပ်ပြီး.....
"မေမေ..."

~~~~~~~~~~~~~~~~~~~

နာရီကို ကျမ ခဏခဏ ကြည့်နေဖြစ်တယ်...။
ည ၁၀ နာရီ.. ၁၁ နာရီ.. ၁၁နာရီ ၅၈ မိနစ်.. ဟော ၁၂ နာရီ ထိုးသွားပြီ... နေ့ကူးလာပြီဘဲ....!! ၁၂ နာရီ ၀၅ မိနစ်... "တူ.တူ... တူ........" ဟော.. ဖုန်းဝင်လာပြီ.. ကျမ ဖုန်းကောက်ကိုင်လိုက်တယ်..။
လွမ်းဆွတ်စွာ ထွေးပွေ့ထားချင်တဲ့ အဝေးကြီးက သမီး... သမီး အသံလေးတွေ တုန်နေပါလား..!! ကျမစိတ်တွေကိုတင်းလိုက်တယ်... သမီးမွေးနေ့လေး မှာ သမီးလေး ပျော်ရွှင်နေစေချင်တယ်..
"မေ.... ... .. . "
သမီးအသံလေး အဖျားဆွတ်မှာ တိမ်ဝင်သွားပါလား...။ သမီးပါးလေးကို မေမေ အဝေးကြီးကနေ လေတွေထဲက နမ်းနေမိတယ်.. သမီးရယ်... မေမေ သမီးလေးစိတ်ပျော်အောင် စကားတွေ လွှဲပြောမယ်... ကျမ မျက်ရည်တွေ ဝဲနေတာ သမီးလေး မမြင်နိုင်ပါဘူးလေ....။

"လွန်ခဲ့တဲ့ အနှစ်(၃၀)တုန်းက ခုလိုအချိန်မှာ သမီးက မေ့ဗိုက်ထဲက ထွက်ချင်လွန်းလို့ ဆိုးနေခဲ့ပြီလေ... မေမေက သမီးဖေဖေကို ဂျီတွေတိုက်နေခဲ့ချိန်ပေါ့..."
မေမေ ဟန်ဆောင်နေတာ သမီးလေးများ ရိပ်မိသွားပြီလား...!!

"သမီး...." ကျမ အကျယ်လောင်ဆုံး ခေါ်လိုက်မိတယ်.. လွမ်းဆွတ်စွာ ငိုငြီးသံတွေနဲ့ ရောပြီးထွက်လာတယ်... ဒါပေမဲ့ ရင်ထဲမှာပါ...။ သမီးနဲ့ နှစ်တွေအများကြီး ခွဲခွါနေရခြင်းမှာ ကျမတရားမရသေးသလို အသားလည်းမကျသေးပါလား..!! ကျမအားတင်းလိုက်တယ်... အတည်ငြိမ်ဆုံး အမေတစ်ယောက်ရဲ့ အသံနဲ့.. ဖွဖွလေး... နူးနူးညံ့ညံ့လေး... နွေးနွေးလေးနဲ့... ညင်ညင်သာသာလေး...!! ကျမမျက်လုံးတစ်စုံကိုမှိတ်လို့ သမီးဘယ်ဖက် နားလေးနားကပ်ပြီး.......
"သမီး......."

မှတ်ချက်။ ။လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်း... ကျရောက်ခဲ့သော ကျမမွေးနေ့ထဲမှ ပိုင်ဆိုင်ခွင့်ရခဲ့သော "ခဏလေး" တစ်ခုကို ခံစားရေးဖွဲ့ပါသည်။ အဖြူရောင် ဟန်ဆောင်ခြင်းသည် အနုပညာတစ်ရပ်ဟု ဆိုခဲ့သော် ထို အနုပညာအတတ်ကို မေမေရော ကျမပါ ကျွမ်းကျင်စွာ မတတ်မြောက်သေးပါ။

(ခင်လေးငယ်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.