Wednesday, October 15, 2008

[NYI LYNN SECK 18+ DEN] 1 New Entry: ခေါင်းချလိုက်တာနဲ့အိပ်စက်နိုင်ဖို့

ခေါင်းချလိုက်တာနဲ့အိပ်စက်နိုင်ဖို့

ခေါင်းချလိုက်တာနဲ့အိပ်စက်နိုင်ဖို့


ခုတလော အိပ်တဲ့အကြောင်းတွေ တော်တော် ပြောဖြစ်တယ်။ ပြောမိသလောက် တော်တော်များများက အိပ်ဖို့ဆိုရင် အားယူရတယ်တဲ့၊ အိပ်ရင်လည်း ဖျတ်ခနဲ ဖျတ်ခနဲ လန့်လန့် နိုးတတ်တယ်တဲ့၊ အိပ်နေရင်းနဲ့ ဂယောက်ဂယက် အိပ်မက်တွေ မက်တတ်သတဲ့၊ တချို့ကလည်း အိပ်မက်ရှည်ကြီးတွေ မက်ပြီး မောပန်းနေတတ်သတဲ့။ တချို့ကလည်း ဘီလူးစီးခံရတယ်တဲ့။ ကျွန်တော်ကတော့ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်တာပဲ။ အိပ်ပျော်တာမှ ဘယ်နေရာမှ မရှောင်ပါဘူး။ သူများတွေလို အိပ်ယာသစ် ခေါင်းအုံးသစ် ဖြစ်လို့လည်း ကျွန်တော့် အိပ်ရေးက ပျက်မသွားဘူး။ မြန်မာပြည် လမ်းတွေမှာ သောက်သုံးမကျတဲ့ ဈေးနဲ့ ပေးဝယ်ထားရတဲ့ ကားစုတ်တွေ စီးနေတုန်းလည်း အိပ်ပျော်တာပဲ။ အချိန်လေး ၁၅မိနစ်လောက် ရရင်လည်း အိပ်ပျော်တာပဲ။ မီးတွေ လင်းနေအောင် ထွန်းထားလည်း ခေါက်ခနဲပဲ။ သီချင်းသံတွေ ဖွင့်ထားလည်း တာ့တာပဲ။ တစ်ခုပဲ ကျွန်တော် သည်းမခံနိုင်တာက လော်စပီကာသံ။
 
အဲဒီလို အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ အမ တစ်ယောက်က မေးတာနဲ့ အားလုံးအတွက် ကျွန်တော်ကျင့်ခဲ့ဖူးတဲ့ နည်းလမ်းလေး တစ်ခုကို ပေးလိုက်ပါတယ်။ အမှန်တကယ် အဲဒီနည်းလမ်းက တယ်လီပသီနည်း တစ်မျိုးပါပဲ။ စိတ်ချင်းဆက်သွယ်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် အဲဒီနည်းလမ်းကို တစ်ဝက်ဖြတ်ပြီး ကျွန်တော်က အိပ်ပျော်အောင် အသုံးချပစ်လိုက်တာ။ သူ့ရဲ့ တကယ့်နည်းလမ်းကလည်း သိပ်ကောင်းတာပဲ။ လူတွေမှာ မမြင်ရတဲ့ စက်ကွင်းတွေ ရှိနေသတဲ့ အဲဒါတွေကို အိပ်တဲ့အချိန်မှာ Interfere လုပ်တာ။ ကိုယ်ပြောချင်တဲ့သူကို ကိုယ်ပြောချင်တဲ့ စကားတွေ အိပ်မက်ထဲမှာ သွားပြောလို့ရတယ်။ ကိုယ်ရည်စူးတဲ့ လူတစ်ယောက်ကို သူ့ရဲ့ စိတ်ထဲမှာ တနည်းနည်းနဲ့ စွဲလန်းငြိတွယ်လာအောင် လုပ်လို့ရတယ်။ အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးလို့ရတယ်။ ဒါပေမယ့် အဲဒါတွေကိုတော့ ပြောမပြတော့ဘူး။ အဲဒီအထဲကမှ Hybrid လုပ်ထားတဲ့ အိပ်နည်းကိုပဲ ပြောပြတော့မယ်။ 

အိပ်ခါနီးမှာ ကိုယ်ခန္ဓာ သန့်ရှင်းရေးကို လုပ်ရပါမယ်။ ချွေးတွေသံတွေနဲ့ ဖြစ်နေရင် ရေချိုးပါ။ မျက်နှာသစ်ပါ။ သွားတိုက်ပါ။ ထူထဲတင်းကျပ်တဲ့ အဝတ်အစားတွေကို လဲလှယ်ပါ။ အကောင်းဆုံးကတော့ ညအိပ်ဝတ်စုံပါပဲ။ ဒီဟာကို စကျင့်တဲ့အချိန်မှာ ဟိုးအရင်က ကက်ဆက်ဖွင့်ထားမှ အိပ်တတ်တာမျိုးတွေဘာတွေ ရှိခဲ့ရင်လည်း မေ့ထားလိုက်ပါ။ ကိုယ်စအိပ်မယ့် အချိန်ဟာ ငြိမ်သက်တိတ်ဆိတ်နေဖို့ လိုအပ်ပါတယ်။ ဘာသံမှ မကြားရလေ ကောင်းလေပါပဲ။ ပြီးတော့ တစ်ယောက်တည်း အိပ်ရပါမယ်။ တခြားသူတစ်ယောက်ရဲ့ အသားနဲ့ ထိမနေဖို့ကလည်း အရေးကြီးပါတယ်။ အိပ်ယာဟာ ပြန့်ပြူးနေရပါမယ်။ တည့်မတ်ရပါမယ်။ ခန္ဓာကိုယ် နစ်မြုပ်နေတဲ့အထိ ပျော့လွန်းတဲ့ ရေမြှုပ်အိပ်ယာတွေကို အဲဒီအချိန်မှာ ရှောင်ရပါမယ်။ ခန္ဓာကိုယ်ဟာ ရေပြင်ညီလို ဖြစ်နေဖို့က အဓိကပါပဲ။
 
အိပ်ယာဝင်တဲ့အခါ ပက်လက်အနေအထားနဲ့ လက်တွေကို ဘေးဘယ်ညာမှာ အသာချထားရပါမယ်။ ခြေထောက်ကိုလည်း တစ်ခုနဲ့ တစ်ခု မထပ်ရပါဘူး။ ခေါင်းအုံး မသုံးရပါဘူး။ စောင်မခြုံရပါဘူး။ တခြားဘာတစ်ခုခုနဲ့မှ မထိနေရပါဘူး။ ကိုယ်ခန္ဓာကို လွတ်လွတ်လပ်လပ် ရှိနေစေရပါမယ်။ ဒီလို အနေအထား ရောက်ပြီဆိုရင် လေ့ကျင့်ခန်းစလို့ ရပါပြီ။

ပထမဆုံး မျက်လုံးမှိတ်ပြီး ကိုယ့်ရဲ့စိတ်ကို ခြေဖျားလေးတွေဆီ ပို့လိုက်ရပါမယ်။ ပြီးရင် အဲဒီခြေဖျားလေးတွေကို ပျော့သွားအောင် ဖြေလျှော့ရပါမယ်။ စိတ်ထဲကနေ ငါ့ခြေထောက်တွေ ပျော့ကျလာပြီ ပျော့ကျလာပြီလို့ မှတ်နေရပါမယ်။ အဲဒီလို ခပ်ကြာကြာလေး လုပ်လိုက်ပြီးတဲ့နောက်မှာ တကယ်ကို ခြေဖျားတွေ ပျော့ကျသွားပြီဆိုရင် စိတ်က အလိုလို သိပါတယ်။ ခန္ဓာကိုယ်ကလည်း သိပါတယ်။ အဲဒါကို မသိမချင်း မပျော့သေးဘူးဆိုတာ မှတ်ထားရပါမယ်။

ခြေဖျားလေးတွေ ပျော့ကျသွားပြီဆိုရင် ဒူးကိုဖျော့ရပါမယ်။ ကိုယ်ပထမ အိပ်နေတဲ့ ပက်လက်ပုံစံနဲ့ ဒူးအနေအထားဟာ ကိုယ်အိပ်ပျော်အောင် လိုအပ်ချက်နဲ့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ ဒါကြောင့်မို့ ဒူးကိုလည်း အလိုက်သင့် လိုက်ဖျော့ထားရပါမယ်။ တခါတလေ ဒူးက ဘေးဘက်ကို နဲနဲကွေးသွားရင် ကွေးသွားလိမ့်မယ်။ အတင်းပြန်မဆန့်ပါနဲ့ ကွေးသွားပါစေ။ ဒီလိုနဲ့ ဒူးနေရာမှာ တကယ်ကို ပျော့ကျသွားပြီဆိုရင် ခြေဖျားလေးတွေ တုန်းကလိုပဲ အလိုလို သိလာပါလိမ့်မယ်။

ဒူးပျော့သွားပြီးရင် ခါးကို ဆက်ဖျော့ရပါမယ်။ ခါးကို အရမ်းကြီး မတ်ထားဖို့လည်း မလိုအပ်ပါဘူး။ ခါးပြီးတဲ့နောက်မှာ ပုခုံးနဲ့ ရင်ဘတ် ဖြစ်ပါတယ်။ အသက်ကို မှန်မှန်ရှုရပါမယ်။ ကိုယ်က ပုံမှန်လို့ ထင်နေပေမယ့် ပုခုံးနဲ့ ရင်ဘတ်ဟာ တင်းနေတတ်ပါတယ်။ အဓိကက ပုခုံးနှစ်ဘက်ကို ဖြေလျှော့ဖို့ လိုအပ်ပါတယ်။ ပုခုံးနှစ်ဘက် ပျော့သွားပြီဆိုတာနဲ့ ဒီအဆင့်ဟာ ၇၅%လောက် အောင်မြင်ပါပြီ။

ပုခုံးပြီးသွားရင် တတောင်ဆစ်နဲ့ လက်ဖျားပိုင်း ဖြစ်ပါတယ်။ တတောင်ဆစ်ကို အရင်ဆုံး ဖျော့ရပါမယ်။ ပြီးရင် လက်ချောင်းလေးတွေကို ဖျော့ရပါမယ်။ အဲဒီနေရာမှ တချို့လက်ချောင်းလေးတွေက ဖျော့နေရင်းနဲ့ ပူးသွားတာ၊ လက်ချောင်းလေးတွေ ခပ်ကွေးကွေး ဖြစ်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဖြစ်သွားတဲ့အတိုင်းသာ ထားလိုက်ပါ။ အတင်း ပြန်မဆန့်ပါနဲ့။ တစ်ခါတစ်လေ လက်တစ်ဖက်က လှန်နေပြီး ကျန်တစ်ဖက်က မှောက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဓိက မှတ်ထားရမှာက တစ်ကိုယ်လုံး ပျော့နေဖို့က အဓိကပါပဲ။

အဲဒါပြီးရင် နောက်ဆုံးအဆင့် လည်ပင်းနဲ့ခေါင်းကို ဖျော့ခြင်းပါပဲ။ လည်ပင်းအနေအထားဟာ အိပ်စက်ခြင်းမှာ အထူးအရေးကြီးပါတယ်။ ဒါကြောင့် ဒီအဆင့်မှာ လည်ပင်းကို သေချာ ပျော့အောင် ဖျော့ရပါမယ်။ ကိုယ့်အခြေအနေကို လိုက်ပြီး ဖျော့နေရင်းနဲ့ ခေါင်းတစ်ဖက် စောင်းသွားတာ၊ နဲနဲငိုက်သွားတာ၊ ပါးစပ်ဟလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ 

လည်ပင်းပျော့သွားပြီလို့ သိလိုက်ပြီဆိုရင် စိတ်ကို လည်ပင်းကို ဖျော့နေတဲ့ နေရာကနေ နဖူးတည့်တည့်ဆီကို ပို့လိုက်ရပါမယ်။ အဲဒီလို ပို့ပြီးသွားရင် ကိုယ့်ခန္ဓာကိုယ်ဟာ သက်သက်သာသာနဲ့ ပျော့ပျော့ပျောင်းပျောင်း ဖြစ်နေတာကို ခံစားသိရပါလိမ့်မယ်။ ဘာမှ ဆက်လုပ်စရာ မလိုတော့ပါဘူး။ စိတ်ကို အဲဒီနေရာလေးမှာ ခဏလောက် ဆက်ထားလိုက်ရုံပါပဲ။ တခြားဘာကိုမှလည်း မတွေးပါနဲ့။ မကြာခင်မှာ အိပ်ပျော်သွားပါလိမ့်မယ်။

ဒီလေ့ကျင့်ခန်းကို ညတိုင်း ၄-၅ရက်ဆက်လောက် လုပ်ပေးမယ်ဆိုရင် နောက်ပိုင်းမှာ အိပ်ပျော်ဖို့ မခက်တော့တာ တွေ့ရပါလိမ့်မယ်။ ပြီးရင် အိပ်မက်တွေ သိပ်မမက်တော့ပါဘူး။ နိုးလာရင်လည်း လူက ကြည်လင်နေပြီး အားပြည့်နေပါလိမ့်မယ်။ လေ့ကျင့်ချိန်မှာတော့ တစ်ခုချင်းစီအလိုက် ဖြေလျှော့တာဟာ အချိန်နဲနဲ ကြာနိုင်ပေမယ့် အများဆုံး နာရီဝက်ထက် မပိုပါဘူး။ ပြတ်တောင်းပြတ်တောင်း လုပ်လို့တော့ မရပါဘူး။ အလေ့အကျင့် ဖြစ်သွားအောင် ၄-၅ရက်ကတော့ လုပ်ရပါမယ်။ နောက်ပိုင်းကျရင် အဲဒီလိုမျိုး တကူးတက လုပ်နေစရာ မလိုတော့ပါဘူး။ အကျင့်ဖြစ်သွားပြီး ခဏလေးနဲ့ အိပ်မောကျသွားပါလိမ့်မယ်။ ဒါဟာ ကျွန်တော်ကိုယ်တိုင် လေ့ကျင့်ခဲ့တဲ့ အရာတစ်ခုပါ။ ဟိုးအရင်က ကျွန်တော် ညဆို ဘယ်လိုမှ အိပ်လို့မရဘူး။ ကျွန်တော့် Spinal Nerve ဒဏ်ဖြစ်ခဲ့ဖူးတော့ ညအိပ်တော့မယ်ဆို အဲဒါက ဒုက္ခပေးတော့တာပဲ။ ဒဏ်ရာကြောင့် သိပ်စိတ်မညစ်ရပေမယ့် အိပ်ရေးပျက်တာက တော်တော်ဒုက္ခပေးပါတယ်။ ဆရာဝန်တွေနဲ့ကုလည်းမပျောက်၊ အိပ်ဆေးတွေသောက်လည်းမရ၊ နောက်ဆုံး ဒီနည်းလမ်းလေးနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့တာမို့ တကယ်လို့များ ခင်ဗျားတို့မှာ လွယ်လွယ်နဲ့ အိပ်မပျော်တဲ့ရောဂါ ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။


You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.