Friday, November 7, 2008

[အတွေးရပ်ဝန်း] 1 New Entry: ကဗျာနှင့်ငါ

ကဗျာနှင့်ငါ

လူ့လောကရဲ့ အတွန်းအတိုက်တွေကြား
ခံစားမှုတွေ ထွေပြားလာတဲ့အခါ
ငါ ကဗျာရေးတယ်

သိမ်မွေ့နူးညံ့တဲ့ ချစ်ခြင်းတရား
နှလုံးသားမှာ ခိုနားလာတဲ့အခါ
ငါ ကဗျာဖွဲ့တယ်

အပေါ်ယံချို အတွင်းမှာခါး
ဟန်ဆောင် ဖော်ရွေမှုတွေကြား
စိတ်ဓါတ်တွေ နာဖျားလာတဲ့အခါ
ငါ ကဗျာစပ်တယ်

အနက်ရောင် မိုးသားတွေပြိုကျ
ငါ့နေ့ရက်တွေ အမှောင်ခတဲ့အခါ
ချောင်တစ်ချောင်မှာ တိတ်တဆိတ်ငိုရှိုက်
ကဗျာတစ်ပိုဒ်နဲ့ ငါ ငိုကြွေးတယ်

ဓါးသွားပေါ်က ပျားရည်တစ်စက်
တရှိုက်မက်မက် ချိုမြိန်စွာနဲ့
လျက်ကာခံစား ပျော်ပါးတဲ့ခိုက်
ရွှင်မြူးဟစ်ကြွေး ကဗျာ့တေးတစ်ပုဒ်
ငါ့နှုတ်ဖျားက ထွက်ကျလိမ့်မယ်

ကဗျာ…
ကဗျာ…
ကဗျာ…

ရင်တွင်းခံစား ကဗျာများကို
နှလုံးသွေးနှင့် ရေးဖွဲ့သီရင်း
ရှင်သန်နေ့ရက် ခရီးဆက်မည်
လက်တွဲမဖြုတ် နောက်မဆုတ်တမ်း
ကဗျာနှင့်ငါ အတူတူသာ…။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.