Friday, November 7, 2008

[Random] 1 New Entry: ရိုးရာလား အနောက်တိုင်းလား

ရိုးရာလား အနောက်တိုင်းလား

မြန်မာမှာ ပန်းချီပညာပေါ်ထွန်းတာ နှစ်ပေါင်းများစွာကြာနေပါပြီ.. ကျောက်ဆည် ပြဒါးလင်းဂူက နံရံပန်းချီတွေကိုကြည့်ပြီးပြောရမယ်ဆိုရင် မြန်မာ့ပန်းချီပညာ အစက ကျောက်ခေတ်ကလို့ ပြောလို့ရတာပေါ့... တကယ်တမ်းမြန်မာ့ပန်းချီ တိုးတက်လာတာက ပုဂံခေတ်ကမှ စပါတယ်.. အထွန်းကား အတိုးတက်ဆုံးကာလလို့လည်း ပြောကြတယ်..
မြန်မာ့ရိုးရာပန်းချီက အရှေ့တိုင်းပန်းချီရေးနည်းစနစ်ထဲမှာပါတယ်.. မြန်မာရဲ့ ဘာသာအယူဝါဒနဲ့ ယဉ်ကျေးမှုအစိတ်အပိုင်းတွေက အိန္ဒိယက ပြန့်နှံ့လာသလိုပဲ.. မြန်မာ့ပန်းချီရေးနည်းစနစ်ကလည်း အိန္ဒိယကတဆင့်ရောက်လာပြီးမှ မြန်မာမှု မြန်မာ့ဟန်ကို ပြောင်းသွားခဲ့တာပါ..

အရှေ့တိုင်းပန်းချီပညာမှာ ထင်ရှားတိုးတက်တာက အိန္ဒိယ.. မြန်မာ.. တရုတ်.. ဂျပန်.. ကိုရီးယားတို့ပဲ ဖြစ်တယ်.. အရှေ့တိုင်းပန်းချီရဲ့သဘောက ပုံသဏ္ဍာန်တွေကို တိတိကျကျ ဖော်ပြတယ်.. တစ်ကြောင်းဆွဲမျဉ်းလေးတွေနဲ့ပဲ ရုပ်ဝတ္တုကိုပေါ်အောင်ဆွဲပြီး နွဲ့နှောင်းတာတွေ ခက်ထန်တာတွေ.. တည်ငြိမ်တာ လှုပ်ရှားတာတွေ.. အဲလို ဟန်နေဟန်ထားတွေကိုပါ ထင်ရှားပေါ်လွင်စေတယ်.. အဲဒါတွေကိုပါ ခံစားရတယ်.. အရှေ့တိုင်းပန်းချီရဲ့ အဓိက လက္ခဏာကတော့ ကောက်ကြောင်းရေး ဆေးပိန်းခြယ်လို့ခေါ်တဲ့ လိုင်းဆွဲပြီး ဆေးပြင်ညီဖြည့်ခြယ်တာမျိုးပဲ.. ပြောရရင် သူက စိတ်ကို ဦးစားပေးရေးဆွဲတာမျိုး.. လူတွေက အရွယ်အစားတူပေမယ့် ဘုရင်က ကြီးမြတ်တဲ့ သူဖြစ်တဲ့အတွက် ဆိုဒ်ကိုကြီးပြီးရေးထားတာမျိုး.. ကချေသည် နွဲ့နွဲ့နှောင်းနှောင်း ကနေတာကို Anotomy အရ ဘယ်လိုမှမဖြစ်နိုင်တဲ့ ခြေလက် ထားဟန်နဲ့ရေးတာမျိုး.. ပုံကိုကြည့်လိုက်တာနဲ့ "ဒါကတော့ ဘုရင်ပဲ.. မြင့်မြတ်တဲ့သူ.. အားလုံးက အရေးထားရတဲ့သူ" လို့ သိနိုင်တယ်.. "အော် သူကတော့ ကနေလိုက်တာ ကွေးလို့ .. ခြေဆစ်လက်ဆစ် ပျော့ပျောင်းလိုက်တာ" ရယ်လို့ တန်းကနဲ သိစေတာ.. အဲဒါက အရှေ့တိုင်းပန်းချီတွေရဲ့ သရုပ်ပဲ.. တရုတ်ပန်းချီတွေမှာဆို အရောင်တွေကအစ သိသာတယ်.. အမဲတစ်မျိုးထဲနဲ့ပဲ ဆွဲသွားတယ်.. ပန်းပွင့်လေးတစ်ပွင့်တလေလောက်သာ အနီလေးထည့်တားတဲ့ ပန်းချီကားမျိုးတွေလည်း သိပ်လှတာပါပဲ.. အရောင်စုံမှ လှတယ်သာ ဆို သူတို့ပန်းချီကားတွေ ဘယ်လိုလုပ်ကြမလဲ..

အနောက်တိုင်းပန်းချီကတော့ ထုထည်သဏ္ဍာန်ပေါ်အောင် ဆေးခြယ်ရတာပဲ.. အလင်းအမှောင် အရောင်အစပ်အဟပ်ကို ပုံတစ်ခုကနေ တစ်ခုအပြောင်းမှာ ပြေပြေပြစ်ပြစ် ခြယ်ပေးရတယ်.. အဲဒိလို ခြယ်တော့ ပုံကကြွတက်လာတယ်.. သက်ရှိအတိုင်း အပြင်သဘာဝအတိုင်း တူလာတယ်.. လူ့ခန္ဓာဗေဒ Anatomy လည်း မှန်အောင်ဆွဲရတယ်..
အရောင်တွေကို သိရတယ်.. အနီးအဝေးသဘော Perspective တွေကို လေ့လာရတယ်..

တကယ်တော့ စနစ်တွေ စည်းတွေနဲ့ရေးတဲ့ အနောက်တိုင်းပန်းချီဆိုတာ ၁၉ ရာစုလောက်ကပါ.. အခု ၂၁ ရာစုရောက်တော့ အနောက်တိုင်းသားတွေကလည်း အရှေ့တိုင်းရဲ့ စိတ်ဦးစားပေးအနုပညာ Conceptual Art ကို လေ့လာရေးဆွဲနေကြပြီ.. ခုပေါ်တဲ့ မော်ဒန်ပန်းချီ.. ကျူဘစ်ဇင်.. နောက် Installation Art.. Perfomance Art အစရှိတာတွေက တကယ်တော့ အရှေ့တိုင်းပန်းချီရေးနည်းစနစ် အရှေ့တိုင်းအနုပညာကနေ ဆင်းသက်လာတာပဲ.. စိတ်က အဓိက ခံစားတယ်.. အနောက်တိုင်းပန်းချီနည်းစနစ်ကျ သီအိုရီကိုသိပ်အားကိုးလွန်းတော့ လူရဲ့ခံစားမှုက လွတ်သွားတယ်.. နည်းစနစ်ကျအောင် ဂရုပြုနေရတာနဲ့ပဲ ကိုယ်ထုတ်ဖော်ချင်တဲ့ ခံစားချက်က ပျောက်သွားတယ်.. အဲဒါနဲ့ပဲ နည်းစနစ် မကျရင်နေပါစေ.. ကိုယ့်ခံစားချက်လေးပေါ်လွင်ရင် ရပြီဆိုပြီး စိတ်ထဲပေါ်တာကို ဖျတ်ကနဲ့ရေးလာကြတယ်.. Modern ပန်းချီလှုပ်ရှားမှု အစကတော့ Dadaism ဆိုတဲ့ ဒါဒါ ၀ါဒပဲထင်တယ်.. ၁၉ ရာစုနှောင်းပိုင်းလောက်မှာ စစ်ပွဲတွေဖြစ် လူတွေသေကျေကြတော့ အဲဒိအနိဌာရုံတွေကို စက်ဆုပ်သွားတဲ့ အနုပညာရှင်တွေက .. လူတွေ အသိဥာဏ် ပညာ.. သီအိုရီတွေရှိနေလို့သာ ဒီလိုစစ်တွေဖြစ်လာရတယ်ဆိုပြီး သီအိုရီကိုတွန်းလှန်တဲ့အနေနဲ့ ပရမ်းပတာ စည်းစနစ်မရှိပဲ ပန်းချီကိုဆွဲကြတယ်.. အသိ.. စနစ်မရှိမှဆိုတဲ့ ဒါဒါဝါဒက ကြာကြာတော့မခံဘူး.. ဒါပေမယ့် ဒါဒါကနေ အခြေခံလာတဲ့ Cubism ကုဗပန်းချီဝါဒကတော့ ဒီနေ့အထိ အောင်မြင်နေဆဲပဲ.. အဲဒိကနေ ဆက်လာတဲ့ မော်ဒန်ပန်းချီတွေကလည်း ရှင်သန်နေဆဲ.. ပြောရရင် အဲဒါတွေအားလုံးက စိတ်ကိုအခြေခံ ခံစားမှုကို ဦးစားပေးတာမို့ အရှေ့တိုင်းရိုးရာပန်းချီလို့ သတ်မှတ်လို့ရပါတယ်..

မြန်မာနိုင်ငံမှာ ရိုးရာပန်းချီကို ပုဂံဂူဘုရားတွေမှာ နံရံဆေးရေးတွေအဖြစ် လေ့လာနိုင်တယ်.. အမျိုးသားအနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ် ပန်းချီပညာဌာနမှာလည်း ရိုးရာပန်းချီကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ပေးနေတယ်.. အဲလိုနဲ့ပဲ မြန်မာ့ရိုးရာကိုထိန်းသိမ်းရမှာပဲ.. အခုတော့ ထိန်းသိမ်းရုံတင်မကပဲ ပိုပြီးဆန်းသစ်တီထွင်လာကြပြီ.. မြင်တဲ့အတိုင်းကူးရေးတဲ့ ပုံတူကူးတာမျိုးမဟုတ်ပဲ စိတ်ခံစားမှုပါတဲ့ ပန်ချီကားတွေကို ဖန်တီးကြဖို့ ကြိုးစားနေကြပြီ.. သင်္ကေတတွေ နိမိတ်ပုံတွေကို ဖန်တီးထည့်သွင်းပြီး ပန်းချီရေးတဲ့သူနဲ့ ကြည့်သူတွေ ခံစားမှုတွေ ဖလှယ်နေကြပါပြီ..

You received this email because you are subscribed to the real_time feed for http://www.random-random.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.