Friday, November 7, 2008

[We Fight We Win. -- " More than Media "] 2 New Entries: ယောက်ျားတွေ ဘာကြောင့် လိမ် ကြသလဲ

ယောက်ျားတွေ ဘာကြောင့် လိမ် ကြသလဲ

လူမှုရေးသိပံ္ပ ( Social Science ) ပညာရှင် M. Gary Neuman ရဲ့  သုတေသန စာတမ်း"Truth About Cheating " မှ ကောက် နှုတ်ချက်များ ( ခိုင်သရဖီ )

မြန်မာ့လူမှုဆက်ဆံရေးမှာ မိန်းမ မာယာ သဲကိုးဖြာ လို့  ဆိုတဲ့စကား ရှိတယ်။ ဒါပေမဲ့  လူမှုရေးသိပံ္ပပညာရှင် အမ်၊ ဂရေ နယူမန်း ( M. Gary Neuman ) ရဲ့  သုတေသနပြုချက်အရ ယောက်ျားတွေ မှာလည်း လိမ်နည်း ပေါင်း ၂၀၀လောက် ရှိတယ်လို့  ဆိုပါတယ်။ သူ့ ရဲ့ သုတေသန တွေ့ ရှိချက် အရ ၄၈ ရာခိုင်နှုန်းသော ယောက်ျာားတွေက အလိုမကျတဲ့ ခံစားမှု ( Emotional Dissatisfaction) ကြောင့် လိမ်ကြတယ်လို့ ဆိုပါတယ်။ ဒါက အဓိက အကြောင်းတချက်ဖြစ်တယ်။ ဒီထဲက ၈ ရာခိုင်နှုန်းလောက်ကတော့ မိမိရဲ့ အမျိုးသမီး ရဲ့ရုပ်ပိုင်းဆိုင်ရာ ပေါ်မှာ အလိုမကျမှုကြောင့်ဖေါက်ပြန်ကြတာလို့ ဆိုပါတယ်။

တချို့ကတော့ဒီနေ့ ကျနော်တို့ ယဉ်ကျေးမှုလို ဖြစ်နေတာ ယောက်ျားဟာ အမှန်အကန်လေးတယောက်နဲ့  ပျော်ရွှင်မှုသုခကို ခံစားးဖို့ လိုပါတယ်လို့ ဆိုတယ်။ ယောက်ျားဆိုတာ ခံစားချက်နောက် ကိုကောက်ကောက်ပါ အောင်လိုက် နေတဲ့သတ္တ၀ါ တကောင် ကိုးဗျ လို့ နယူမန် က ဆို ပါတယ်။ ယောက်ျားတွေက သူ တို့ မိန်းမ တွေ အထင်ကြီးတာကိုခံချင်သတဲ့။ သူပတ်သက်ခဲ့ရတဲ့ ပြဿနာတွေ၊ အလုပ်အကိုင်နဲ့ စွန့် စားမှုတွေ၊ ဘယ်လောက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်ဆိုတာကိုလည်း မိန်းမ လုပ်သူရဲ့ နားလည်မှု ကိုလည်းခံယူတော်မှုချင်တယ်လေ။ ပြဿနာကတော့ ယောက်ျားက မိန်းမလို တွတ်တပိုး ထိုး ကာ သူ့ခံစားချက်တွေကို ဖေါ်ပြဖို့ က ခက်နေတယ်လေ။ နယူမန်အကြံပေးတာက နင့်ကောင် အီစကလီလေး ဘာလေး လိုနေတာ၊ နင် အမြဲတမ်း မသိနိင်ဘူး နော်။ ယော က်ျားတော်တော်များများက ဒါကို ယော က်ျားမပီသဘူးထင်ပြီး ချုပ်တီးနေတတ်တယ်။ ခွေးလေးတကောင်လို ကျောလေးပွတ်ပေးပါလို့ မဖော်ပြချင်ပြန်ဘူး။ တကယ်က တော့သူ က ပွတ်သပ်မှု လေးလိုနေတာ ၊ သက်သက်ဟန်ဆောင်နေတာ။ ဒီတော့ ညဉ်း အနေနဲ့ က လက်ဆောင်လေးဘာလေးပေး ၊ လေးနက်တဲ့အကြံတွေကို ညွှန်းဆို၊ ဒီလို မင်းဖက်က ပြင်ဆင်မှုလုပ်လာတာနဲ့  မင်းရဲ့  ချစ်သူဟာ မင်းနဲ့ ဓါတုဇီဝမျှတလာလိမ့်မယ်။



၆၆ ရာခိုင်နှုန်း ယောက်ျားတွေက တပါးသူနဲ့ မှောက်မှား နေစဉ်မှာ တော့ အပြစ်ရှိသလိုခံစားတတ်ကြပါတယ်။ သူ့ရဲ့ သုတေသနတွေ့ရှိတဲ့ အချက်ကတော့ နည်းနည်းတော့ဖြုံစရာပဲ။၆၉ ရာခိုင်နှုန်းသော လိမ်တဲ့သူတွေဟာ ဘယ်တော့မှာ သစ္စာဖေါက်လိမ့်မယ်လို့ အိမ်မက်တောင်မမက်ဘူး၊ သူဟာဒါမျိုးလုပ်ခဲ့တယ်လို့ တောင် မယူဆဘူး။ အပြစ်ရှိသလို ခံစားချက် သိရုံနဲ့  လိမ်တာကိုရပ်အောင်လုပ်လို့ မရနိုင်ဘူး လို့  နယူးမန်က ဆိုပါတယ်။ သူတို့ ခံစားချက်ကို သူတို့ မထိမ်းနိုင်ကြဘူး။ နောက်တော့ ခွေးမီးကောက်ကျည်တောက် စွပ်ပါပဲတဲ့။ ညဉ်းလူက နောက်ကို မလုပ်တော့ပါဘူး ဘုရားစူး မိုးကြိုးပစ်လို့ ကျိန် ရင်တောင်မှ ဒါမျိုးတော့ မဖြစ်တော့ဘူးလို့  မယုံလိုက်လေနဲ့ ၊ ဒီလိုကြောင့် ကောင်းမွန်တဲ့  ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့  ညဉ်း တို့  နစ်ယောက်စလုံးက ဖန်တီးရမှာဖြစ်ပါတယ်။



သုတေသနတွေ့ ရှိချက်အရ ၇၇ ရာခိုင်နှုန်းသော လိမ်တတ်တဲ့ ယောင်္ကျားမှာ သူအလွန်ခင်တဲ့ လိမ်တတ်တဲ့ သူငယ်ချင်းကောင်း ရောင်းရင်းကြီး တယောက်တော့ ရှိနေတတ်တယ်။ သူတို့ လိမ်တာကို ပုံမှန်သဘာဝတခုလို တရားဝင်လိုလို ဖြစ်အောင် လုပ်ပေးလေ့ရှိတယ်။ နယူမင်း ကလူတယောက်ကို အင်တာဗျူးလုပ်တယ်။ အဲ့ ဒီလူက သူငယ်ချင်းတယောက် ရှိတယ်။ သူ့မိန်းမကိုသိပ်လှိမ့်တယ်။ အလားတူပဲ ကျနော်လည်း လုပ်တယ်လို့ ဆိုတယ်။ ဒီတော့ ညဉ်းယောက်ကျားကို ဒီလိုသူငယ်ချင်းနဲ့ မပေါင်းရဘူးလို့  တားမြစ်ဖို့ ကတော့ မဖြစ်နိင်ဘူး။ ဒါပေမဲ့ညဉ်းက ဒီလို လုပ်လို့ ရတယ်။ သူတို့ သွားနေကြ လာနေကြ ပတ်ဝန်ကျင်းတွေကို ပြောင်းလဲဖို့ အကြံပေးပါ။ သူတို့ သွားနေကြ အနှိပ်ခန်းတို့ ၊ နိုက်ကလပ်တို့ ၊ဂျင်ဝိုင်းတို့ လို နေရာမျိုးတွေ အစား လူကြီးလူကောင်းတွေ သွားလာစားသောက်တတ်တဲ့  စားသောက်ဆိုင်တို့  စာကြည့် တိုက်တို့ လူမှုရေးအကူညီပေးလုပ်ငန်းတွေ၊နိုင်ငံရေးလှုပ်ရှားမှု မျိုးတွေ ကိုသွားဖို့  တိုက်တွန်းသင့်တယ်။ နောက်ထပ် ဗျူဟာ တမျိုးကတော့ အောင်မြင်နေတဲ့ လင်မယား တွေရဲ့ အိမ်တွေကို ညဉ်းခင်ပွန်းနဲ့ အတူ သွားလည်ပတ်တာမျိုး၊ မိတ်ဖွဲ့ ပေါင်းသင်းတာမျိုးတွေပေါ့။

ဟဲ့ အေးစိန်.... ၄၀ ရာခိုင်နှုန်းသော ယောက်ျားတွေက နောက်မိန်းမ အသစ်ကို အလုပ်မှာတွေ့ သတဲ့။ ဒီမိန်းမတွေက သူ့ကို အထင်ကြီးတဲ့သူတွေ၊သူ့ကို သူရဲကောင်းကြီးလို အထင်ကြီးတဲ့ သူတွေ ဖြစ်နေတတ်တယ်။ ကံကောင်းတာကတော့ ဒီလိုဖြစ်လာရင် ယောက်ျားတွေက အချက်ပြလာတတ်တယ်။ ညဉ်းယော က်ျားက ဒီအမျိုးသမီးကိုချီးကြူးတာ၊ သူ့နာမည်ကို ဖေါ်ပြတာတွေဖြစ်လာတတ်တယ်။ ဒီအချိန်မှာ တော့ ညဉ်းက အင်တာနာကို မြှင့်ထား လိုက်ပေတော့။ ဒီအချိန်မှာ ကိုယ်က နယ်နိမိတ်သတ် မှတ်မှု လုပ်ဖို့ လိုလာပြီ။ ဘာကိုလုပ်နိင်တယ်။ ဘာကိုမလုပ်နိင်ဘူး ဆိုတာ တိတိကျကျ ရှင်းပြထားပေတော့။ အလုပ်မှာ ဒီအမျိုးသမီးနဲ့ နောက်ကျ နိုင်တယ်၊ မနိုင်ဘူး။ ဒီအမျိုးသမီးနဲ့ အလုပ်ကိစ္စ အတွက် ခရီးထွက်နိုင်တယ် မထွက်နိုင်ဘူး ။ အလုပ်ကိစ္စအတွက် ဒီအမျိုးသမီးနဲ့ အတူစားနိုင်တယ် မစားနိုင်ဘူး။ ညဉ်း နဲ့ ဒီအမျိုးသမီးနဲ့  အလုပ်မှာ အဆင်ပြေရဲ့ လားဆိုတာကို မေးသင့်တယ်။

လိမ်တတ်တဲ့ယောင်္ကျား တွေ ရဲ့  ၁၂ ရာခိုင်နှုန်း လောက်ကသာ သူတို့ ရဲ့ နောက်အမျိုးသမီး ကကိုယ်လုံး ကိုယ်ပေါက် က ညဉ်းတို့ ထက် ပို ပြီးစွဲဆောင်မှု ရှိလို့  ပါသွားတတ်တာကိုတွေ့ ရပါတယ်။ တနည်းပြောရရင် ယောင်္ကျားတယောက်ဟာ ဒီလို ခပ်မိုက်မိုက်အမျိုးသမီး တယောက် ကို ရလို့ ကံကောင်းတယ်လို့  မခံယူ တတ်ကြပါဘူး။ ဖြစ်ရပ်အတော်များများမှာ ဒီလို ပါသွားတာကိုက ညဉ်းက ဆွဲ ဆောင်မှုမရှိတော့ဘူးလို့ ထင်တာ ၊ ယောက်ျားက ကိုယ့်ကို ပိုပြီး စိတ်ဝင်စား လာအောင် ရုပ်ကို ခြယ်သတာ တွေနဲ့ နင်းကန်မလုပ်မိဖို့ ပဲ။ ဒါက သိပ်အရေး ကြီးလှတာမဟုတ်ဘူး။ အရေးကြီးတာက မင်းက သူ့ကိုဂရုစိုက်တယ် နားလည်တယ်၊ ချစ်တယ် ဆိုတာ ကို ပြသဖို့ က ပထမအရေးကြီးဆုံးပါပဲ။


လိမ်နေရတဲ့ ယော က်ျားတွေထဲက ၆ ရာခိုင်နှုန်းလောက် က နောက်အမျိုးသမီးက ရုပ်ပိုင်းဆိုင်ရာ ပိုမို စွဲမက်စရာကောင်းတယ်လို့ ယူဆပြီး ပါသွားကြတာဖြစ်တယ်။ ၇၃ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ နောက်အမျိုးသမီးကို တွေ့ ပြီး တလ ကြာမှ စလိမ်တော့တာဖြစ်တယ်။ ဒီတော့ ကိုယ့်အနေနဲ့  ကြိုတင်ပြင်ဆင်မှုတွေလုပ်ချိန်ရပါတယ်။ ဒါကြောင့် မျက်လုံးကို ကျယ်ကျယ်ဖွင့်၊ နားကို ကျယ်ကျယ်စွင့်ထား။ သူက အပြင်မှာ မကြာခဏ နေနေပြီလား၊ ကိုယ့်ရုပ်ကိုစွဲဆောင်မှု ရှိတယ်ဆိုတာမပြောတော့တာ၊ ကတောက်ကဆ ခနခန ဖြစ်လာတာမျိုး၊ မင်းခေါ်တာကို ရှောင်လွှဲလာတာမျိုး၊ ညဉ်းက ဆူဆူပူပူ လုပ်ပြီး စွပ်လားစွဲလားလုပ်တာတွေက သူ့ကို ရန်စသလို ခံစားလာတတ်တယ်။တော်တော်များ များ ယောက်ျားတွေက တော့ မဟုတ်ရပါဘူး ငြင်းမယ်။ လိမ်ဖို့ ထည့် တောင်မစဉ်းစားဘူးလို့ ဆိုမယ်။ဒီလိုစကားမျိုးဆိုတဲ့အချိန်ကတော့ ခြေလွန်လက်လွန်မဖြစ်သေးတဲ့အချိန်ပဲ။ နယူမန်ရဲ့ အကြံပြုချက်ကတော့ ကိုယ့်ခံစားချက်ကို ထိမ်းသိမ်းပါ၊ ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးပါ၊ ကိုယ့်ယောက်ျားကို လေးစား မှု ရှိတယ်ဆိုတာကို ပြသဖို့ ဘယ်တော့မှာ တွန့် ဆုတ်မနေပါနဲ့ ။ နှစ်ကိုယ်သားတူရည်မျှ ဖို့  ဦးဆောင်မှု ပြ၊ ( ရှင်ကလည်း ကလေးကလား လို့ ဆိုတာမျိုး၊ ဥပုဒ်စောင့်ထားတယ်၊ ရွံစရာကြီးဆိုတာမျိုးတွေ ရှောင်) ၊ ညဉ်းကိုဦးစားပေးရမယ်ဆိုတဲ့ ခိုင်မာတဲ့အကြောင်းပြချက် ရှိပါစေ၊ ကိုယ့်ရင်ထဲမှာ ခံစားတာကို ပွင့်ပွင့်လင်းလင်းပြော၊ တတိယလူကို ရည်ညွန်းတာမျိုး မလုပ်နဲ့ ။ နှစ်ဦးသား ဆက်ဆံရေး ဟာ အရေးကြီးတယ်၊ ဒါကို အဆုံးရှုံးမခံနိင်ဘူးဆိုတာကို ပြောပြပါ။ (ခိုင်သရဖီ )

ကမ္ဘာ့ဘဏ်၏ ငြင်းပါယ်မှုနှင့် ရေပိုင်နက်ပဋိပက္ခ

-အောင်ချမ်း-

မြန်မာစစ်အာဏာရှင်အစိုးရ၏ငွေကြေးချေးငှားရန်ချဉ်းကပ်မှုအားကမ္ဘာ့ဘဏ်မှအင်္ဂါနေ့ကပြတ်ပြတ်သားသားငြင်းပါယ်လိုက်သည်။
တကယ်တော့ မြန်မာစစ်အစိုးရသည် နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုဘ၀ဖူလုံရေးကို နားလည် ဂရုထားသော အစိုးရတရပ်မဟုတ်။

ပြည်သူလူထု၏ စီးပွားရေး ၊ လူမှုဖူလုံရေး ကျမ်းမာရေး နှင့် လုံခြုံအေးချမ်းသာယာရေးသည် အစိုးရတိုင်း၏ တာဝန်ဖြစ်၏။ မြန်မာစစ်အစိုးရသည် ထိုတာဝန်များအား ၄င်းတို့အာဏာသိမ်းပြီးကတည်းက လျစ်လျှူရှုခဲ့သည်။
နိုင်ငံတော်နှင့် နိုင်ငံသားတို့သည် စစ်တပ်အာဏာသိမ်းခဲ့သော ၁၉၈၈ ခုနှစ်မှစ၍ အဖတ်ဆည်မရအောင် အဖက်ဖက်မှ ယိုယွင်းခဲ့ရသည်။
စစ်တပ်တွင် စစ်ဥပဒေအရ ပင်စင်ယူရမည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း စစ်ဥပဒေကို ဖီဆန်ကာ မြန်မာ့တပ်မတော်တစ်ရပ်လုံး ကို တံတွေးခွက်ပက်လက်မျောသည်ထက်မျောစေသော တပ်မတော်၏ ခေါင်းဆောင်မှုကိုယူထားကြသည့်လူတစု မှ စ၍ အောက်ခြေ တပ်မတော်နှင့် ဌာန ဆိုင်ရာအသီးသီးတို့ မှ အရာရှိများ ၀န်ထမ်းများ အထိ စာရိတ္တပိုင်းဆိုင်ရာ အရ ကျင့်ဝတ်ဆိုင်ရာအရ ကမ်းကုန်အောင်ပျက်ဆီး ခြစား နေကြ၏။

ကမ္ဘာ့ဘဏ်၏ ငြင်းပါယ်မှု
မြန်မာစစ်အာဏာရှင်သည် ဆိုင်ကလုန်းနာဂစ် တိုက်ခတ်စဉ်က အနောက်နိုင်ငံများမှ အကူအညီပေးရေး အဖွဲ့များ အား ခေါင်းမာစွာငြင်းဆန်ခဲ့မှုအတွက် ကမ္ဘာ့ဘဏ်မှ ငွေကြေးချေးငှားရန်ကို ပြတ်ပြတ်သားသားငြင်းပါယ်ခဲ့သည်။

ပေးလိုပါလျှင်တောင်မှ လွန်ခဲ့သော ဆယ်စုနှစ်ကချေးငှားထားခဲ့သော ကြွေးမြီများကို မြန်မာ စစ်အာဏာရှင်မှ ပြန်လည်ပေးဆပ်ခြင်းမရှိသေးသည့်အတွက် ဖြစ်သည်ဟုဆိုသည်။
ကမ္ဘာ့ဘဏ်၏ တာဝန်ခံညွှန်ကြားရေးမှူးဖြစ်သော Juan Jose Daboub ၏ အဆိုအရမြန်မာစစ်အာဏာရှင်သည်
၁၉၉၈ ခုနှစ်ကတည်းက ကြွေးမြီများကျန်ရှိနေဆဲဖြစ်ပြီး ပြန်လည်ပေးဆပ်ခြင်း မရှိသေးသဖြင့် မည်သည့် အရင်းအမြစ်ကို မှ ကမ္ဘာ့ဘဏ်မှ တရားဝင်ထုတ်မချေးငှားနိုင်ဟု ဖြစ်သည်။

၁၉၈၀ ခုနှစ်များက ယင်းကဲ့သို့ပင် ကမ္ဘာ့ဘဏ် က လိုင်ဘေးရီးယား နိုင်ငံအား အလားတူ အကြောင်းများကြောင့် ငြင်းပါယ်ခဲ့သည်။ပြည်တွင်းစစ်နှင့် ပုံမှန်လည်ပါတ်နိုင်စွမ်းမရှိသော အစိုးရကြောင့်
လိုင်ဘေးရီးယားနိုင်ငံသည်စုစုပေါင်း ဒေါ်လာ လေးရာငါးဆယ့်ရှစ်မီလီယံကြွေးမြီရှိခဲ့သည်။

သို့သော် ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် Ellen Johnson-Sirleaf သည် လိုင်ဘေးရီးယားနိုင်ငံ၏ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးနောက် ကမ္ဘာ့ဘဏ်သည် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ နှင့်အတူ
ပေါင်းစပ်လက်တွဲကာ လိုင်ဘေးရီးယားနိုင်ငံမှ ပြန်လည်ပေးဆပ်ရန်ရှိနေသော ကြွေးမြီများအားလျော်ပစ်ခဲ့သည်။
ကမ္ဘာ့ဘဏ်ဥက္ကဌ Robert Zoellick ကပင် သမ္မတ Ellen Johnson-Sirleaf ၏ရွေးကောက်ပွဲအား ချီးကျူးပြီး
လိုင်ဘေးရီးယားနိုင်ငံသည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ ဦးတည်နေပြီဟု ဆိုခဲ့သည်။

သမ္မတသစ်၏ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်ပြန်လည် ပါတ်သက် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်သည် လိုင်ဘေးရီးယားနိုင်ငံ၏ အနာဂတ်အတွက် အလှူငွေ များ ယုံကြည်မှုများ ကို ရရှိစေရန် တည်ဆောက် လိုက်နိုင်အောင် အကူအညီဖြစ်သည့်ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။

ကမ္ဘာ့ဘဏ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဆိုးယုတ်တဲ့အစိုးရတွေကို ငွေတွေပစ်ပေးတာ ဘာအဓိပ္ပါယ်မှ မရှိဘူး " ဟု Forbes သတင်းဌာနအား ပြောကြားခဲ့သည်။ု

မြန်မာ့ စီးပွားရေး ၏ သရုပ်မှန်

မြန်မာ့မြေပေါ်မြေအောက်သယံဇာတများ သည် လုံးဝဥဿုံနီးပါးကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။ ပထမ ကျောက်မျက်ရတနာ နှင့် ကျွန်းသစ် ထိုမှ တဖန်အဆင့်လျှော့လာသည်မှာ မြန်မာ့ အသံနှင့် နိုင်ငံတော်ပိုင် ပြည်သူပိုင် အဆောက်အဦများ မြေနေရာများအား စတင်ရောင်းချလာတော့၏။

မြန်မာစစ်အစိုးရသည် သွပ်မိုးခွာအိမ်တိုင်ချွတ် ရောင်းယုံမကတော့ပဲ မြန်မာ့မြေကိုပါ မြန်မာနိုင်ငံ၏ အသည်းနှလုံးဖြစ်သော ယဉ်ကျေးမှုအရ သမိုင်းအရ အရေးပါသော မြို့ တော်ကြီးများတွင်ပင်တိုင်းတပါးသားတို့အားရောင်းချနေပြီဖြစ်သည်။ တကယ်တော့ မြန်မာစစ်အစိုးရသည် ရောင်းစရာ အရင်းအမြစ်မကျန်တော့သည့်နောက်
နယ်စွန်နယ်ဖျား နယ်စပ်ဒေသပင် မဆိုထားနှင့် မြို့ကြီးများမှ မြန်မာ့မြေကို ဖဲ့ရောင်းနေ၏။

မြန်မာနိုင်ငံတွင် ပြည်သူလူထု အားကိုး ရလောက်သော ပြည်သူလူထုအကျိုးကို ကြည့်သည့် မျိုးချစ်စိတ်ရှိသည့် ဦးနာအောက်ကဲ့သို့သော အမျိုးသားအရင်းရှင် များမရှိပါ။
တေဇတို့ကဲ့သို့ခေတ်ပျက်သူဌေးများ နအဖ နှင့် ပူးပေါင်း စီးပွားရှာအကွက်ရိုက်သော အချောင်သမားများသာလျှင်ရှိပါသည်။ ထိုအနေအထားတွင် တိုင်းပြည်၏ အရင်းအမြစ်များအား နအဖ အထက်ပိုင်း မှ စစ်ဥပဒေအရပင်စင်ယူသင့်သည်မှာကြာပြီဖြစ်သော အိုမင်းမစွမ်းအစဉ်အလာမရှိသော ဗိုလ်ချုပ်အိုများနှင့် ပလဲနံပသင့် လက်ဝါးချင်းရိုက် လက်သိပ်ထိုး စီးပွားရှာနိုင်သော အလိုတော်ရိ ခေတ်ပျက်သူဌေးများကလည်း တိုင်းပြည်ကို ပျော်ပျော်ကြီး ဖဲ့ ရောင်းပေးနေ၏။
ယခုအခါမြန်မာလူမျိုးတို့သည် မြန်မာတိုင်းရင်းသားဘာသာစကားကို ဟုတ်တိပတ္တိ မပြောတတ်သည့် နိုင်ငံခြားသား လုပ်ငန်းရှင်များ ၏ အစေခံများ အလုပ်သမားများအဖြစ်ဖြင့် မိမိတို့ ဘိုးဘွားပိုင် မြေပေါ်တွင် သိမ်ငယ် ခေါင်းငုံ့ ခိုင်းသမျှလုပ်ကြရှာရသည့်အဆင့်သို့ ဇာတိသွေးဇာတိမာန်စကားကို ရေလဲသုံးပြောတတ်သော အိုနာကျိုးကန်း ဗိုလ်ချုပ်တအုပ်၏ အမျှော်အမြင်နည်းမှု အမြင်တိုမှု ပညာမဲ့မှု တဇောက်ကန်းနိုင်မှုတို့ကြောင့် အဖတ်ဆည်မရအောင်ကျရောက်သွားခဲ့ရပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့ အမျိုးသားရေးဆိုင်ရာ ဂုဏ်သိက္ခာပျောက်ဆုံးမှုနှင့် စာရိတ္တ လောက်တက်မှုတို့ ကို အိုနာကျိုးကန်းတစု က သိသိကြီးဖြင့် မျက်နှာလွှဲပြီး
အာဏာမြဲရေးနှင့်မိသားစုချမ်းသာကြွယ်ဝရေးကိစ္စတရပ်ကိုသာလျှင်နှစ်ပေါင်းနှစ်ဆယ်လုံးလုံးတစိုက်မတ်မတ်လုံးပမ်း ခဲ့၏။ ယခုအခါ ဖဲသမား အိမ်ပေါင် ၍ ဆုံးခဲ့ပြီ ဖြစ်သောကြောင့် ခြံကိုလည်း ချရောင်းခဲ့ပြီးဖြစ်ယုံမက အနီးဝန်းကျင် ကိုပင် ကိုယ့်ပိုင်နက်လုပ်ကာ စကားဖြင့် ချရောင်းခဲ့ပြီးဖြစ်သည်။

ထို ရေပိုင်နက်သည် မြန်မာ့ရေပိုင်နက်ဖြစ်သော် အလွန်ကောင်းပေ၏။ မဖြစ်ခဲ့သော် ပိုမိုအရှက်ရဖွယ်ပင်မဟုတ်ပါလား။ ထို့ပြင် ယခု ရေပိုင်နက်အရေးအခင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သူ၏ ရေတပ် ကို စေလွှတ်ကာ ကာကွယ်ထား၏ ။

ဘင်္ဂလားဒေ့ရှ် ကြည်း ရေ လေ တပ်မတော်

ဘင်္ဂလားဒေ့ရှ် ရေတပ်တွင် တရုတ်နိုင်ငံလုပ် ရေကြောင်းတိုက်ပွဲဆင်နွှဲနိုင်သည့် စစ်သင်္ဘောအုပ်သည်မြန်မာ့ရေတပ်ထက် အပြတ်အသတ်သာ၏။
ဘင်္ဂလားနိုင်ငံ၏ လေတပ်မတော်တွင် ဝေဟင်တွင် တိုက်ပွဲဝင်နိုင်သော ခေတ်မှီ လေကြောင်းတိုက်ခိုက်ရေး လေယာဉ်ပျံ အစင်းရေသည် မြန်မာ့လေတပ်မတော်မှ ပိုင်ဆိုင်သော အစင်းရေထက် ပိုမိုများပြား၏။

ကြည်းတပ်နှင့်အမြှောက်တပ် တို့ ၏ လက်နက် တပ်ဆင်မှုဖွဲ့ စည်းပုံသည်လည်း မြန်မာ့တပ်မတော်ထက် သာ၏။
ကြည်းတပ်စစ်သည်အင်အား သည် နှစ်သိန်းခန့် ရှိသော်လည်း အရေးပေါ်အခြေအနေတွင် အရွယ်ရောက်ပြီးနိုင်ငံသားတိုင်းက ယင်းတို့ ၏ တိုင်းပြည်ကာကွယ်ရေးအတွက် တိုက်ခိုက်ရေးအင်အားအဖြစ် အချိန်ကာလအနည်းငယ်အတွင်းတွင်ပင် ပြောင်းလဲပစ်နိုင်၏။

မြန်မာ့တပ်မတော် ကြည်း၊ရေ၊လေ

မြန်မာ့တပ်မတော်၏ စုစုပေါင်းအင်အားသည် လေးသိန်းကိုးသောင်းနှစ်ထောင်ရှိ၏ ။ ၂၀၀၅ ခုနှစ်စစ်တမ်းအရ စစ်သုံးစားရိတ်သည် အမေရိကန်ဒေါ်လာ ၇.၀၇ ဘီလီယံ ဖြစ်၏။ တကယ်တမ်း နိုင်ငံခြင်းဖြစ်လာသော စစ်ပွဲတွင် သုံးစွဲနိုင်သည့် လက်နက် နည်းပညာ တိုက်စွမ်းရည်တို့ အတွက် ကုန်ကျခဲ့သော ငွေဖြစ်သည်မဖြစ်သည်ကိုတော့
အိုနာကျိုးကန်းဗိုလ်ချုပ်များကိုယ်တိုင်ပင်သိပါလိမ့်မည်။
ရေတပ်မတော်တွင် တိုက်ခိုက်ရေး ရေယာဉ် အစင်းတစ်ရာမရှိ လေတပ်အင်အားအရလည်း ဝေဟင်တိုက်ခိုက်စွမ်းတကယ်ရှိသည့် လေယာဉ်က ဘင်္ဂလားဒေ့ရှ်လောက်မများ တိုက်စွမ်းရည်နှင့်ပါတ်သက်လျှင်လည်း မြန်မာ့တပ်မတော် သည် တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီမြတ်နိုးသော ကျောင်းသားပြည်သူများကို သာ ဗိုလ်ကျတိုက်ခိုက် အမြစ်ဖြတ်ချေမှုန်းတတ်ယုံသာရှိသည့် စွမ်းအား ညံ့ လူသတ် အင်အားစု တစ်ရပ်သာဖြစ်၏။

ယခုအခါ မြန်မာစစ်အာဏာရှင်သည် တရုတ်၏ ဆူပူကြိမ်းမောင်း မှုကြောင့် ယာယီရပ်ဆိုင်းပေးလိုက်သည်ဟုယူဆရသော်လည်းတကယ်တန်းဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်စစ်ဖြစ်နိုင်သည့်စွမ်းအားမရှိကြောင်း သူတို့ကိုယ်သူတို့သိရှိပြီးဖြစ်၏။

အကယ်၍ ဖြစ်ချေဦးတော့ မဟာဗျူဟာမြောက် conventional war ကို ဦးစီးတိုက်ခိုက်နိုင်စွမ်းရှိသည့် စစ်ဦးစီးချုပ် တယောက်မှ မြန်မာစစ်ဗိုလ်ချုပ်အိုနာကျိုးကန်းများထဲတွင်မပါရှိချေ။

ပြည်သူလူထု နှင့် ဒီမိုကရေစီလိုလားသော လူငယ်တို့ ကိုသာ တွေ့ ရာသချိ င်္ုင်းဓါးမဆိုင်း သတ်မိန့် ပစ်မန့် ဖမ်းမိန့်  နှိပ်စက် ဘ၀ဖျက်မိန့်  သာ ပေးတတ်သည့် လူ့ အမှိုက်များကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အနာဂတ်သည် ပို၍ ပို၍ မှိန် ယုံမက ယခုကဲ့သို့ ဆက်လက် တည်ရှိနေပါလျှင် နောက်လာမည့်အနှစ်နှစ်ဆယ်တွင် မြန်မာနိုင်ငံသားလူငယ်မျိုးဆက်အားလုံးသည် ဘောင်းဘီဝတ် အသားဖြူစပ်စပ် ဖြင့် တရုတ်စကား နှင့် နိုင်ငံခြားစကားကို သာ ပြောပြီး မြန်မာ့ယဉ်ကျေးမှုကို နားမလည် မြန်မာ့သမိုင်းကိုအလေးမထား ဇာတိသွေးဇာတိမာန်ဆိုသည်မှာ ကွမ်ရင်မယ်တော်၏ ဘုရားကျောင်းဆောင်မှ စွန့် ထားသော ပေါက်စီလောက်မှ မက်လောက်စရာမရှိသည့် အဖြစ်သို့ ရောက်သွားတော့မည်မှာမုချကျိန်းသေနေပြီဖြစ်ပေသည်။

ယခုကဲ့သို့သော ဘဏ္ဍာရေးအကြပ်အတည်း နိုင်ငံခြားဆက်ဆံရေးအကြပ်အတည်း ပြည်တွင်းနိုင်ငံရေးအကြပ်တည်းများဖြင့် အကြပ်အတည်းမျိုးစုံကြားမှ မြန်မာ့တပ်မတော်၏ အထက်ပိုင်းလက်တဆုတ်စာလူတစုသည် ဘင်္ဂလားဒေ့ရှ် နှင့်ဖြစ်နေသော ပဋိပက္ခကို အချိန်ကာလတခုအထိစောင့်ပြီးမှ ခေါင်းမာမာဆက်လက်အရှိန်မြှင့် နေမည်ဆိုလျှင် မြန်မာပြည်သူလူထု၏ နေ့စဉ်နေထိုင်မှုဘ၀ချွတ်ခြုံကျစုတ်ပြတ်ပြီး သည့်အဆင့်မှ မြန်မာလူမျိုးတို့ မလိုအပ်ပဲသေဆုံး စတေးခံရမည့်အဖြစ်သို့ မုချရောက်သွားနိုင်ပေသည်။

ပြည်သူလူထုကို သာ သတ်ဖြတ် ရဲသော သူရဲဘောကြောင်သည့် လက်နက်အားကိုး လူယုတ်များအား ယခုအခါ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက ဖာလာ အာမွှေး မပါသော ကွမ်းကြမ်းဝါးကာ မျက်နှာတည့်တည့် လူပုံအလည်တွင် ထီကနဲ ထွမ်ကနဲ တံတွေးဖြင့် ထွေးကာ နားရွက် နှပ်သုတ်သွားခဲ့ပေပြီ။

ဒို့ဗမာတွေရဲစွမ်းပြမည် အာဇာနည်ပီပီ သီချင်း တောင် ယခုဆိုလျှင် မြန်မာ့ ရေဒီယိုမှ ကျယ်ကျယ်လွှင့်ပါဦးမည်လောဟုသံသယရှိရင်း ဟိတ်ဟန်ကြီးတခွဲသားဖြင့် အိမ်ကျယ် တပ်မတော်၏ တကယ့် မျိုးချစ်စိတ်အစစ်နှင့် တိုက်စွမ်းရည်အစစ်ကိုတော့ တွေ့ ချင်မိပါ၏။



အောင်ချမ်း

citation: http://www.forbes.com/facesinthenews/2008/05/20/world-bank-myanmar-markets-face-cx_ll_autofacescan01.html?partner=whiteglove_google

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.