Friday, November 7, 2008

[DeGoLar] 1 New Entry: ♠ Honesty & Anonymity (2)

♠ Honesty & Anonymity (2)

ပြီးခဲ့တဲ့ပို့စ်မှာ "လူတစ်ယောက်" လို့ပဲ ညွှန်းခဲ့တဲ့လူကတော့ မြန်မာမဟုတ်ဘူး၊ အဲဒါကြောင့် တမင် မပြောသေးပဲနေတာ၊ "ဟာ၊ ငတို့မြန်မာလည်း ဟုတ်ဘူးကွ" ဆိုပြီး မဖတ်ချင်ဘူး ဖြစ်ကုန်မှာစိုးလို့။ ကိုနဗနအကြောင်းကိုတော့ အားလုံးပဲ အလွယ်တကူ သွားဖတ်နိုင်တဲ့အတွက် အခုဒီပို့စ်မှာ တရုတ်လို နားမလည်တဲ့ စာဖတ်ပရိသတ်အတွက် "အဲဒီလူ" အကြောင်းပဲ အသားပေးရေးမှာပါ၊ ဘာပဲဖြစ်ဖြစ်၊ အိပ်မပျော်ရင် ဆက်ဖတ်ပါ။

အဲဒီလူက ကျနော့်နဲ့ ရွယ်တူပဲ၊ သုံးဆယ်ကျော်ပေါ့။ ဒါပေမဲ့ သူ့ကိုဖုံးလွှမ်းထားတဲ့ အရှိန်အဝါတွေ၊ ဂုဏ်ပုဒ်တွေ၊ ဇာတ်လမ်းတွေ၊ အပုပ်နံ့တွေက အနှစ်သုံးဆယ်စာနဲ့ မမျှအောင်ပဲ၊ ကျနော့်အနေနဲ့ ဒီလိုလူတစ်ယောက်ကို စိတ်ဝင်တစားရှိတာ သူ့လုပ်ရပ်တွေ၊ အတွေးအခေါ်တွေအပြင် အသက်ချင်း တူနေတာကြောင့်လည်း ဖြစ်မှာပါ။ မကြာမကြာ စဉ်းစားမိတယ် "သူများတွေ ဒီလောက်အရွယ်နဲ့ ဒီလောက်ထိ သွားပြီးသွားပြီ၊ ငါကတော့ အခုထိ ..." ဆိုပြီးတော့။ ပြိုင်ချင်တုချင်လို့ အဲလိုတွေးတာတော့ မဟုတ်ပါဘူး၊ ကိုယ့်ကိုကိုယ် သုံးသပ်တာလောက်ပါ၊ ယှဉ်နိုင်စရာ လုံးဝကို မရှိပါဘူး၊ တူတာဆိုလို့ အသက်ပဲရှိတာလေ။ ဘဝပေးကုသိုလ် (သို့မဟုတ် တာထွက်မှတ်) က လုံးဝမှ မတူတာပဲ။

သူ့ဝက်ဘ်ပေ့ခ်ျမှာ (အဲဒီတုန်းက ဘလော့ဂ် ဆိုတဲ့ဝေါဟာရ အခုလို ခေတ်မစားသေးဘူး၊ ဆိုတော့ အင်တာနက် စာမျက်နှာလို့ပဲ အတိုခေါ်ခဲ့တယ်) ရေးစီးကမ်းပြို ရေးထားတဲ့ စာတွေ၊ ပုံတွေကို ဖတ်ရင်း ဖတ်ရင်း လူက အလိုလိုတက်ကြွလာတယ်၊ အားကျစိတ်တွေ တဖွားဖွား ပေါ်ခဲ့တယ်၊ အခုထိပါပဲ၊ သူ့မှာ တဖက်သားကို ကူးစက်ပေးနိုင်တဲ့ အားအင် energy အပြည့်ရှိတယ်။ "လုပ်ချင်တာ၊ လုပ်နိုင်တာ ချက်ချင်းထလုပ်၊ တွေးမနေနဲ့၊ ငေးမနေနဲ့၊ လူ့ဘဝ သက်တမ်းတိုတိုလေးကို အပြည့်အဝ အသုံးချပစ်၊ တစ်ခုခုလုပ်ရင် ရှိသမျှအင်အား ကုန်ခမ်းသွားတဲ့အထိ စိတ်နှစ်ပြီးလုပ်ပစ်" စတာတွေက သူ့ဆီက ဒရစပ်ပေးနေတဲ့ မက်ဆေ့ခ်ျတွေပဲ။ ကျနော်တို့ အဲလိုစာတွေ တက်ကျမ်းတွေ ဖတ်ဖူးကြလိမ့်မယ်၊ ဒါပေမဲ့မတူတာက ဒီလူက မျက်စိရှေ့မှာ အရှင်လတ်လတ်ကြီးဗျ၊ သူ့ဘဝကို သူ့အာဘော်အတိုင်းပဲ ပယ်ပယ်နယ်နယ် ဖြတ်သန်းပြနေတာ၊ ဘုရားသခင်က သူ့ကိုပေးထားတဲ့ ကြွယ်ဝခြင်း၊ ထက်မြက်ခြင်း၊ သန်စွမ်းခြင်း၊ ရဲရင့်ခြင်း စတဲ့ ကောင်းချီးတွေကို လောင်စာအဖြစ် အပြည့်အဝ အသုံးချပြီး သူ့ဘဝမီးလျှံကို အတောက်ပဆုံးဖြစ်အောင် ထွန်းညှိနေတာပဲ။

စ ရရင်ဖြင့်၊ သူ့ဘက်ဂရောင်းကနေပဲ ပြောရမှာပဲ။ "အဲဒီလူ" ကတော့ ထိုင်ဝမ်ကျွန်း တောင်ပိုင်းက ကောင်းရှုံမြို့သား၊ ထိုင်ဝမ်ကျွန်းလေးကို သေမလောက်ချစ်ပြီး ပြည်မကြီးကနေ ခွဲထွက်ရေးကို ထောက်ခံအားပေးတဲ့ အစိမ်းရင့်မိသားစုက ကြီးပြင်းလာတဲ့ လီခွန်းလင်း ပါပဲ၊ မွေးရပ်ကနေ ဂျာမနီကို အပို့ခံရပြီး အဲဒီက မိသားစုတစ်ခုနဲ့ ဟုမ်းစတေး နေခဲ့ရာက ငယ်စဉ်အခါက ရှက်တတ်ကြောက်တတ်တဲ့ မောင်ခွန်းလင်း အရှက်တရားကင်းပြီး လုပ်ရဲကိုင်ရဲတဲ့လူ ဖြစ်သွားခဲ့တယ်။ နောက်တော့ ထိုင်ဝမ်ပြန်တယ်၊ တခါ ဩော်ဇီ ကွင်းစလန်တက္ကသိုလ်မှာ ကျောင်းသွားတက်တယ်၊ အဲဒီကနေ အထူးချွန်ဆုံး ၁၀ ယောက်ထဲပါပြီး ယူအက်စ် အိုဟိုင်းအိုးမှာ Ph.D. အတန်း ခုန်ကျော်တက်ဖို့ ဖြစ်လာခဲ့တယ်၊ ဒေါက်တာခွန်းလင်း ဖြစ်တဲ့နှစ်မှာ သူ့အသက်က ၂၇ နှစ်ပါ၊ ကျနော် စားပွဲထိုးအလုပ်တစ်ဖက် ကျောင်းစာ တစ်ဖက်နဲ့ လုံးပန်းနေတဲ့ အချိန်ပေါ့။ သူ ဘာသာစကား ၄ မျိုးတတ်တယ်၊ ဂျာမန်၊ အင်္ဂလိပ်၊ တရုတ် နဲ့ ဂျပန်ပါ။ အပြောများဆုံး ဘာသာစကားက ထိုင်ဝမ်သားတွေ ပြောကြတဲ့ ဖူကျန်စကားပါ။ ဒါတွေက များလှစွာသော wow factor တွေထဲက တချို့တဝက်ပါ၊ သို့သော် သူအင်တာနက်ပေါ်မှာ နာမည်အရမ်းကြီးတဲ့ အကြောင်းရင်းက အဲဒါတွေကြောင့် မဟုတ်ဘူး၊ ဘဝကို ဘယ်ပုံဘယ်နည်း ဖြတ်သန်းနေတယ်ဆိုတာ မဖုံးမကွယ် ရေးချရဲတဲ့ ပွင့်လင်းမှုကြောင့်ပါပဲ။

သူခရီးသွားတာ အင်မတန်ဝါသနာပါတယ်၊ သူ့ခရီးသွားမှတ်တမ်းတွေကပဲ အဲဒီကတည်းက စာဖတ်သူ အရေအတွက် သိန်းချီစေခဲ့တာပါ၊ အင်မတန် ဖတ်လို့ကောင်းပြီး သူမတူအောင် ထူးခြားလွန်းတယ်။ အချိန်သာရှိရင် သူရေးခဲ့သမျှ စာတွေအားလုံး ဘာသာပြန်ဖို့ ကျနော်သူ့ကို အခွင့်တောင်း ကြည့်ချင်တယ်။ ဒါပေမဲ့ သူ့စရိုက်နဲ့ ခွင့်ပြုမှာ မဟုတ်လောက်ဘူး ထင်တာပဲ၊ ဘာလို့လဲဆိုတော့ သူနားမလည်တဲ့ ဘာသာတစ်ခုကို ပြန်လိုက်ရင် တိကျမှုရှိမရှိ သူမသိတော့ဘူး၊ လူချင်းရင်းနှီးရင်တော့ တမျိုးပေါ့၊ သူပေးချင်တဲ့ မက်ဆေ့ခ်ျ ပုံပြောင်းခံလိုက်ရမှာ သူအရမ်းစိုးရိမ်တယ်၊ ဒါကြောင့် မီဒီယာက ဗျူးဖို့တောင်းဆိုရင်တောင် လက်ခံချင်မှ လက်ခံတဲ့လူဗျ။ အဲ၊ သူ့ကို အသိမပေးပဲ ရှိသမျှစာကို တလုံးမကျန် ဘာသာပြန်တာမျိုးတော့ ကျနော်လည်း မလုပ်ချင်ပြန်ဘူး။ ဒါပေမဲ့ ဒီလိုလူတစ်ယောက် ရှိတဲ့အကြောင်း မြန်မာမိတ်ဆွေတွေ သိစေချင်တော့လည်း မအောင့်မအီးနိုင်ပဲ ဒီပို့စ်မျိုးကို တင်ရပါတယ်။ သူ့ဆီက အင်အားတွေ နည်းနည်းဖြစ်ဖြစ် ကူးစက်သွားလည်း တင်ရကျိုးနပ်တာပဲ။ အထူးသဖြင့် အခုလို အကြောင်းတိုက်ဆိုင်နေတဲ့ အချိန်မှာ ရေးဖို့အသင့်တော်ဆုံး ထင်မိတာပဲ။

အပေါ်မှာရေးခဲ့သလို သူဟာ ဂျာမနီ၊ ဩော်ဇီ နဲ့ ယူအက်စ် သုံးနိုင်ငံမှာ စုစုပေါင်း ၁၅ နှစ်တာ နေခဲ့တယ်၊ အသက် ၃၀ မပြည့်သေးခင်မှာ နိုင်ငံပေါင်း ၃၃ နိုင်ငံ ရောက်ဖူးသွားပြီ၊ ယူအက်စ် နိုင်ငံပတ်ခရီး (Ph.D. ဖတ်နေတဲ့ ၂၀၀၂-၂၀၀၄ ကာလအတွင်းမှာ သူများတွေထက် စာတမ်းပေါင်း သုံးဆကျော် တင်ခဲ့ပြီး ဒေါက်တာဘွဲ့တစ်ခု ယူခဲ့တဲ့အပြင် ပြည်နယ်ပေါင်း ၄၄ ခုကို ကားစုတ်တစ်စီး အင်တာနက်ပေါ်က ဝယ်ပြီး ကောင်မလေးနှစ်ယောက်နဲ့ ပတ်ခဲ့တယ်၊ နှင်းလျှောစီးသင်တယ်၊ အရှေ့နဲ့အနောက် ကမ်းရိုးတန်းက တောင်ပေါင်း ၁၃ လုံးကို တက်ခဲ့တယ်)၊ အာဖရိကခရီး၊ ပီရူးခရီး၊ ဥရောပခရီး၊ ၃၁ နိုင်ငံ ကမ္ဘာပတ်ခရီး၊ နောက်ပြီး များစွာသော ရည်းစားတွေအကြောင်း၊ မတူတဲ့ နေရာက ကျောင်းသားဘဝ၊ ကျောင်းပြီးတော့ ကိုယ်ပိုင်လုပ်ငန်း ထူထောင်တဲ့ ကုမ္ပဏီပိုင်ရှင်ဘဝ၊ လက်ရှိ အကြောင်းအရာ စသဖြင့် ဖတ်စရာ အများကြီးရှိတဲ့ ၁၉၉၉ ခုနှစ်က စရေးခဲ့တဲ့ သူ့ဘလော့ဂ်မှာ ပုံမှန် မှတ်တမ်းတွေနဲ့ မတူတာက ရှိသမျှ ကိစ္စတွေကို ဘွင်းဘွင်းကြီး ရေးပစ်တာပဲ၊ ရီစရာ နောက်ကွယ်မှာ သူ့ရဲ့ ရှင်သန်နိုင်စွမ်း၊ စွန့်စားနိုင်စွမ်းတွေကိုလည်း တွေ့ရတယ်။ နိုင်ငံချစ်စိတ် (ကျွန်းချစ်စိတ်?) အပြည့်ရှိတော့ ဘယ်သွားသွား ထိုင်ဝမ်အလံ သယ်သွားတတ်တာ၊ ဓာတ်ပုံရိုက်ရင် ဘောင်းဘီချွတ် ရိုက်ကျင့်ရှိတာ စတာတွေအပြင် တာဘူးတွေဖြစ်တဲ့ ပြည့်တန်ဆာနဲ့ တစ်ညတာ ဆိုတာမျိုးပါ ရေးမှတ်ထားတယ်။ ဒါကြောင့်လည်း သူ့ကို အားကျသူရှိသလို တချို့လုပ်ရပ်တွေကို လက်မခံနိုင်တဲ့ စာဖတ်ပရိသတ်လည်း သူ့ကို အရူးလို့ ခေါ်ကြပါရဲ့။ အဲ၊ သူ့ထိုင်ဝမ်ချစ်စိတ်ကို သောက်ညင်ကပ်တဲ့ ပြည်ကြီးတရုတ်တွေ ကတော့ တွေ့ရာသချိုံင်း ဓားမဆိုင်းဆိုပဲ။ အဲဒါက သူရဲ့ ပထမ အနှစ် ၃၀ (လူတစ်ယောက်ဟာ အသက် ၃၀ မှာ အိမ်ထောင်၊ အလုပ်အကိုင် စတာတွေ အခြေတကျ ဖြစ်ရမယ်လို့ ကွန်ဖြူးရှပ်က ဆိုခဲ့ပါတယ်) မတိုင်မီ ကာလတွေပေါ့။ ၃၀ ကျော်လာပြီး ဒုတိယ အနှစ် ၃၀ ကို ဝင်ရောက်လာတဲ့ လီခွန်းလင်းက ပုံစံတမျိုးပြောင်းပြီး ဖြတ်သန်းနေတာကို နောက်မှာ ဆက်ရေးသွားပါမယ်။

ပွင့်လင်းတာကိုပဲ ဆက်ကြပါစို့၊ ဥပမာ သူဩော်ဇီမှာ ကျောင်းတက်တုန်းက ဘယ်လိုပျော်တာ၊ ဘယ်လို ကြိုးစားတာကို ရေးမှတ်ထားတယ်။ အဲဒီထဲမှာ လမ်းဘေးမှာ သူတောင်းစား ယောင်ဆောင်ပြီး တောင်းရမ်းတာလည်း ပါတယ်၊ လည်ပင်းနောက်မှာ မြန်မာအလံနဲ့ ဆင်တူတဲ့ ထိုင်ဝမ်အလံလေး ထိုးထားပြီး လမ်းဘေးမှာ ဂီတာတီး တောင်းရမ်းနေတဲ့ပုံကို ကျနော် အရမ်းသဘောကျတယ်။ ငယ်ငယ်တုန်းက အားကစားမှာ မထူးချွန်တဲ့ပေမယ့် ကြီးလာတော့ စွန့်စားမှုကို ခုံမင်လာတဲ့သူဟာ တောင်ကမ်းပါယံကို တွယ်ကုတ် တက်ရတာမျိုး၊ ရေခဲပြင်လျှောစီးတာ၊ ရေပေါ်ရှုပ်တိုက် လျှောစီးတာ စတဲ့ အပြင်းစား အားကစားမျိုးကို ကြိုက်လာတယ်၊ သူ့ရဲ့ ခံနိုင်ရည် အတိုင်းအတာကို စမ်းနေတာပါ တဲ့။ ကမ္ဘာပတ်ခရီးကိုလည်း သူများတွေလို လည်လို့ပတ်လို့ကောင်းတဲ့ မြို့တွေပဲ ရွေးသွားတာမဟုတ်ပဲ တောင်ဝင်ရိုးစွန်းအထိ သွားခဲ့တယ်။ အဲဒီက ရေခဲတွေဝိုင်းနေတဲ့ အိုင်လေးတစ်ခုထဲ ထုံးစံအတိုင်း ကိုယ်လုံးတီးနဲ့ ခုန်ဆင်းခဲ့သေးတယ်၊ လက်ထဲမှာ ထိုင်ဝမ်အလံနဲ့ပေါ့။ အဲဒီပုံလေး မီဒီယာမှာ ဟိုးဟိုးကျော် ဖြစ်ခဲ့သေးတယ်။

(ဆက်ပါဦးမည်)
--
ဖတ်ချင်ကြလားမသိဘူး၊ ကျနော်ရေးရတာတော့ အရသာရှိနေတာပဲ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.