Saturday, November 8, 2008

[DeGoLar] 1 New Entry: ♠ Honesty & Anonymity (3)

♠ Honesty & Anonymity (3)

ဖတ်သူတော်တော်များတယ်၊ ဆက်ရေးမယ် (ပြီးခဲ့တဲ့ပို့စ်က ပဲများကြည့်တာလေ၊ မေမိုး ခွင့်လွှတ်ပါ)။

အဲဒီဘဲကြီး ပျော်ရာ၊ ကဲရာမှာ အင်မတန်တော်တယ်၊ ထိုနည်းတူပဲ စာဖတ်တာကျပြန်တော့လည်း သူများထက် ထူးချွန်နေပြန်ရော။ ကျနော်တို့ ပတ်ဝန်းကျင်မှာ အများအားဖြင့် ကစားမက်တဲ့သူတွေက ပညာရေးပိုင်းမှာ သိပ်ဖြစ်ဖြစ်မြောက်မြောက် မရှိကြဘူး၊ တခါ စာဂျပိုးတွေ ကျတော့လည်း မျက်မှန်ထူထူနဲ့ မှုန်ကုပ်ကုပ်၊ သူများတွေနဲ့ ဆော့ဖို့ ကဲဖို့မပြောနဲ့၊ ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့အောင် နေတတ်ရင်ပဲ မဆိုးတော့ဘူး။ ဒါကြောင့် အဲဒီအချက်က သူ့မှာရှိတဲ့ လေးစား၊ အားကျ၊ အတုယူစရာ လက္ခဏာ တစ်ရပ်ပဲ။ နောက်တစ်ချက်က လီခွန်းလင်းမှာ ပုံမှန်လူတွေထက် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း လုံးဝကြီးကို ရှိနေတယ်၊ ဒါလုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် မဖြစ်ဖြစ်အောင် လုပ်တယ်၊ လုပ်စရာ တွေကို အချိန်သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ အချိန်အတိုင်း တောက်လျှောက်လုပ်တယ်။ ဒါကြောင့်သူဟာ ပညာရေးမှာ မလစ်ဟင်းတဲ့အပြင် ကျန်းမာရေးလိုက်စားပြီး ကြွက်သားတွေ မကြီးကြီးအောင် ကျင့်ရတာနဲ့၊ ကျောင်းစာပြင်ပက အပန်းဖြေစရာ လေ့လာသင်ယူစရာ အတော်များများကိုလည်း သင်ယူရတာနဲ့ အိုကေစိုပြေလို့၊ သူ့မှာ ဘလော့ဂ်ဖို့အချိန် ဘယ်မှာကျန်မလဲ လို့ တခါတလေ တွေးမိသေးတယ်၊ ရေးလိုက်တဲ့စာတွေ၊ ပြန်လိုက်တဲ့ကော်မန့်တွေ၊ ဖြစ်လိုက်တဲ့ အင်တာနက်ပေါ်က တံတွေးစစ်ပွဲတွေ။ အဲဒါတွေကြောင့် ဒီလူ အချိန်လောက်မှာ မဟုတ်ဘူးလို့ ထင်လိုက်ရင် မှားပါလိမ့်မယ်။

ဥပမာ၊ သူဟာ ဩော်ဇီက တင်းနစ်နည်းပြလိုင်စင် ရထားတယ်၊ သူကျွမ်းကျင်တဲ့ အားကစားတွေထဲမှာ တင်းနစ်က ထိပ်ဆုံးကဖြစ်မယ်၊ နည်းပြအဆင့် ရောက်နေပြီဆိုတော့။ အဲဒါနဲ့ ပတ်သက်ပြီး တခါက ပို့စ်ထဲမှာ ဒီလိုရေးဖူးတယ် "ငါ့ မိဘတွေ ဒီလောက် ချမ်းသာပါလျက်နဲ့၊ ငါ့ကို ဒီလောက်ထိ ပျိုးထောင်ပေးပါလျက်နဲ့၊ နည်းပြအဆင့်ပဲ ရောက်နိုင်တာ ငါသောက်သုံးမကျလို့ပဲ"။ သူဖြစ်ချင်တာက ကမ္ဘာ့ပွဲကြီးတွေမှာ ဝင်ရိုက်နိုင်တဲ့ နိုင်ငံ့လက်ရွေးစင် တဲ့ဗျ၊ ချစ်ချင်စရာပဲ။ အင်း၊ နည်းပြဆိုပေမယ့် ငွေမလိုတဲ့ သူဋ္ဌေးသားဖြစ်တဲ့အလျောက် အဲဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းခြင်း မပြုပါဘူး၊ ကြုံကြိုက် သလိုသာ သူ့မိတ်ဆွေတွေလောက်ပဲ အခမဲ့ သင်ပေးတယ်။ တခါတလေ ဖွန်ကြောင်တဲ့ လက်နက်အဖြစ် အသုံးချတယ်၊ ဒီလောက်ပါပဲ။ အားကစားလို လှုပ်လှုပ်ရှားရှား အလုပ်မျိုး ကြိုက်တတ်တာ၊ ကျောင်းသားဘဝတုန်းက စိတ်ကူးပေါက်သလို မိန်းမအင်္ကျီ ဝတ်စားတတ်တာ၊ အူကြောင်ကြောင်နိုင်အောင် ကကြိုးကကြောင် ဖီးလိမ်းပြင်ဆင်တတ်တာ၊ သူတောင်းစားတစ်ယောက် အတွင်းခံဘောင်းဘီနဲ့ တောင်းရမ်းနေရင် သူတောင်းစားနဲ့အပြိုင် ဘောင်းဘီရှည်ချွတ်ပြီး အတွင်းခံနဲ့ နေပြတာ၊ ဖင်တုံးလုံးနဲ့ အာဖရိကတောကြီးထဲမှာ ဓာတ်ပုံအရိုက်ခံတာ စသည် စသည် ထူးခြားတဲ့ အပြုအမူတွေကြောင့် ဒီလူတော့ တစက္ကန့်မှ အငြိမ်မနေပဲ လှုပ်လှုပ်ရှားရှား နေရမှ ကျေနပ်မယ့်လူပဲလို့ ကောက်ချက်အချ မစောပါနဲ့အုံး၊ ငြိမ့်ငြိမ့်ညောင်းညောင်း တီးခတ်ခံစားရတဲ့ ဂီတအနုပညာတွေနဲ့ ပတ်သက်ပြီးလည်း သူ့မှာ ပါရမီ ပါလာသေးတယ်ဗျ၊ ကံကောင်းပုံများ။

အပေါ်မှာ တွေ့ရတဲ့အတိုင်း သူဟာ စန္ဒယားတီး ကျွမ်းကျင်ပါတယ်၊ အဆင့် ၁၀ ဆင့် ရှိတဲ့ စန္ဒယား ကျွမ်းကျင်မှု စံညွှန်းအရ သူက အဆင့် ၈ ရှိတယ်ဆိုပဲ။ သူ့ သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်တော့မှာမို့ နောက်ပြောင်ပြီး သီချင်းလက်ဆောင် ပါးနေတာပါ။ ပျော်စေပျက်စေမို့လို့ ထင်တယ်၊ တီးတာကတော့ အမှားမှား အယွင်းယွင်း ပါပဲ။ သီချင်းက မလေးရှားက Michael Wong ရဲ့ Fairy Tale ပါ၊ မူရင်းကို အောက်မှာ နားဆင်နိုင်ပါတယ်။

「童話」 - 光良

ဒါတင်ပဲလားဆိုတော့ မကဘူးဗျ၊ အဲ၊ ကတယ်ဗျ၊ ပြီးခဲ့တဲ့ သုံးနှစ်လောက်က ဘယ်က ရောဂါပိုး ကူးလိုက်တယ်မသိဘူး၊ Ballroom Dancing အက သင်ချင်တယ်ဖြစ်ပြန်ရော၊ အဲဒါနဲ့ ဘလော့ဂ်ပေါ်မှာ အတည်အပေါက်ကြီး ပလန်တွေဘာတွေချ၊ ရုပ်တည်ကြီးနဲ့ နည်းပြငှားပြီး တနေ့ ၄ နာရီနှုန်းနဲ့ တစ်နှစ်ကျော် မနားမနေ သင်လိုက်တာ နည်းပြဆရာမနဲ့ တွဲပြီး ပွဲထွက်ဖို့ အခွင့်အရေး ရလိုက်သေးတယ်၊ ဒါပေမဲ့ ဆရာမဂါဝန်ကို တက်နင်းမိပြီး ပွဲပျက်သွားတယ် ဆိုပဲ။ နောက်တော့ ပြိုင်ပွဲတွေ ဘာတွေ ဝင်ပြိုင်ဖြစ်လိုက်သေးတယ်။ တကယ့်လူဗျ။ ဆုရတာတော့ မကြားဘူးပေါ့လေ။


ထိုနည်းတူပဲ စက်ဘီးစီးတာလည်း ၂၀၀၆ တုန်းက ခဏတဖြုတ် ရူးလိုက်သေးတယ်၊ ကောင်းပေ့ဆိုတဲ့ စက်ဘီးကိုဝယ်၊ စက်ဘီးသမားပုံစံ အကျအန ပြင်ဆင်ပြီး ခဏခဏ ထွက်စီးတာ၊ သူမြို့လေးကနေ အတော်ကြီးလှမ်းတဲ့ နေရာတွေထိ စီးသွားတယ်၊ အဲဒါတွေကလည်း သူ့ဘလော့ဂ်အတွက် တန်ဖိုးရှိတဲ့ ကုန်ကြမ်းတွေပါပဲ။

နောက်ပြီး၊ ရှေ့မှာရေးခဲ့သလို သူဟာ ထိုင်ဝမ်ဆိုတဲ့ ကျွန်းပေါက်စလေးအပေါ် သံယောဇဉ် အရမ်းရှိတယ်၊ အားကစားကိုလည်း အရမ်းရူးသွပ်သူဖြစ်တော့ ထိုင်ဝမ်အားကစားသမားတွေ ဝင်ပြိုင်တဲ့ နိုင်ငံတကာ ပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားအားပေးဖို့အတွက် Taiwan Woo ဆိုတဲ့ အားပေးအသင်းကို ဦးဆောင်ဖွဲ့ထားတယ်၊ အသင်းဝင် စည်းရုံးတယ်၊ စုတယ်၊ အချိန်တန်ရင် ကိုယ့်စရိတ်နဲ့ကိုယ် လေယာဉ်လက်မှတ် အကုန်ကျခံပြီး သွားအားပေးကြတယ်။ မပါမဖြစ် အဆောင်အယောင်တွေက ထိုင်ဝမ်အလံရယ်၊ အသင်းအင်္ကျီရယ်ပါ။ အလံဆိုလို့ သူတို့အသင်း နောက်ဆုံးသွားခဲ့တဲ့ပွဲက ဘေကျင်းအိုလံပစ်ပါ၊ ဟိုဖက်က ထိုင်ဝမ်အလံ ပေးယူမှာ မဟုတ်မှန်း သိနေတော့ အလံမသယ်ဘူး၊ အသင်းအင်္ကျီလည်း မသယ်ဘူး၊ လူသာ အရောက်သွားရရင် ကျေနပ်ပြီဆိုပြီး လိုက်လိုက်လျောလျော သွားကြတယ်။ ဒါပေမဲ့လည်း ဘေကျင်းလေဆိပ်မှာ ခြေချချချင်းပဲ မျှော်လင့်ထားတဲ့အတိုင်း အခန်းကျဉ်းလေးထဲ ခေါ်သွားပြီး စစ်ဆေးမေးမြန်းတာ အလုပ်ခံရတယ်။ ရလဒ်က ဟောင်ကောင်ကတဆင့် ပြန်ဖို့ နယ်နှင်ဒဏ် စာရွက်လေးပါပဲ။ "ငါ့လို ဘာမဟုတ်တဲ့ကောင်ကို ပြည်ကြီးတရုတ်တွေ ဘယ်လောက်ထိ ကြောက်သလဲဆိုတာ သက်သေပဲကွ၊ သူတို့နဲ့ ဒီမိုကရေစီနဲ့ အလှမ်းဝေးလွန်းသေးတာ အသိသာကြီးပဲ" လို့ သူပြန်လာပြီး ရေးခဲ့တယ်၊ အဲဒီကိစ္စလည်း ထိုင်ဝမ်မီဒီယာမှာ ဟိုးလေးတကြော်ပါပဲ။ သူ့ကို ကော်မန့်ထဲမှာ ချီးမွမ်းခန်းဖွင့်တော့ ဘွင်းဘွင်းပဲ ဒီလိုပြောတယ် "ကျုပ်လား၊ သေမှာသိပ်ကြောက်တာ၊ အထူးသဖြင့် အရင်တုန်းက ပြည်ကြီးတရုတ်တွေနဲ့ ရန်ဖြစ်ခဲ့ဖူးတော့ ဒီတခေါက် တယ်ပြီးမသွားချင်ဘူး၊ ဒါပေမဲ့ အသင်းခေါင်းဆောင် ဖြစ်နေတော့ တာဝန်ကျေအောင် သွားရတာပဲ" တဲ့။ ဒါက လီခွန်းလင်းအစစ် ပါပဲ၊ အပိုတွေ အလှအပတွေ မပြောဘူး၊ သူ့စိတ်ထဲ ရှိတဲ့အတိုင်း ပြောပစ်တာများတယ်။ ၂၀၀၆ ဝင်ဘယ်လ်ဒန် တင်းနစ်ပွဲ သွားအားပေးတဲ့ ထိုင်ဝမ်ဝူး အဖွဲ့သားတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။

ဒီပို့စ်ကိုတော့ ဒီမှာတခန်းရပ်မယ်၊ ဒါတွေက ပိုက်ဆံကုန်တဲ့ အလုပ်နဲ့ ဝါသနာတွေပဲ၊ သူလုပ်နေတဲ့ အချိန်ပြည့် အသက်မွေးဝမ်းကြောင်း အလုပ်ကိုတော့ နောက်ပို့စ်မှာတင်ရင်း နိဂုံးချုပ်ပါမယ်။ ခုမှ ခေါင်းစဉ်ပြန်ကြည့်မိတယ်၊ ရေးပြီးတာနဲ့ သိပ်မဆိုင်သေးဘူး၊ နောက်ပို့စ်မှာပဲ ကျနော် ရေးချင်ခဲ့တာ ထည့်ရေးတော့မယ်ဗျာ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.