ဖျောက်ဖျက်၍လည်းမရ
(၁)
မြန်မာဘုရင်အုပ်စိုးသော အထက်ဗမာပြည်တွင် ဘိုးဝဇီရ အယ်ဒီတာ အဖြစ်ဆောင်ရွက်သော ရတနာပုံသတင်းစာ ပေါ်ခဲ့သည့် အချိန်က ၁၈၇ဝ ခုနှစ်ပတ်ဝန်းကျင်ဟု မှတ်သားထားမိသည်။ ထိုအချိန်က အုပ်ချုပ်နေသော မင်းတုန်းမင်းက သတင်းစာ သမားများအား "ငါမကောင်းလျှင် ငါ့ကိုရေး။ မင်းသားမင်းသမီးများ မကောင်းလျှင် မကောင်းသည့် အကြောင်းကိုရေး။ နန်းတော်အတွင်း လွတ်လပ်စွာ ဝင်စေထွက်စေ" ဟူ၍ မိန့်ဆိုထားခဲ့သည့် သမိုင်းမှတ်တမ်း ရှိသည်။
မြန်မာတနိုင်ငံလုံး အင်္ဂလိပ်ကိုလိုနီ လက်အောက် ကျရောက်ခဲ့ပြီးနောက်ပိုင်းမှ လွတ်လပ်ရေးရသည့် အချိန်ကာလ အထိ သတင်းစာများသည် အတိုင်းအတာ တခုအထိ အတော်ကြီး လွတ်လပ်စွာ ရေးသားတင်ပြနိုင်ခဲ့သည်။ လွတ်လပ်ရေး ရပြီး ခေတ်မှ စစ်အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်အထိ ကာလတွင် ကိုလိုနီခေတ်ထက် ပိုမိုလွတ်လပ်သော သတင်းစာများ စာစောင်များ မြန်မာပြည်တွင် ထွန်းကားခဲ့သည်။ အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံများမှ သတင်း စာနယ်ဇင်း သမားများ မြန်မာပြည်ကို လှမ်းကြည့်၍ သွားရေကျခဲ့ရသည်။
မြန်မာနိုင်ငံသားတို့မှာ လွတ်လပ်သော သတင်းစာနယ်ဇင်းများ ထွန်းကားခဲ့သည့် အကျိုးကို ခံစားခဲ့ရသည့် သမိုင်း အသေ အချာ ရှိခဲ့သည်။
(၂)
ယောအတွင်းဝန် ဦးဖိုးလှိုင်က ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားပြုစုခဲ့သည်။ ထိုခေတ်အနေနှင့် ဆိုရပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟုပင် ဆိုနိုင်သည်။ စည်းမျဉ်းခံဘုရင်စနစ်ကို မြန်မာပြည်တွင် စတင်မိတ်ဆက်ခဲ့သည့် ခြေလှမ်းတရပ် ဟုလည်း ဆိုနိုင်သည်။ သို့သော် ခေတ်ကို နားမလည်သော ဘုရင်မိုက်က လက်မခံခဲ့။ ထားတော့။
အင်္ဂလိပ်လက်အောက်မှာ ရွေးကောက်ပွဲစနစ်များ စတင်ထွန်းကားလာခဲ့သည်။ ပါလီမန်အမတ်များ၊ မြို့သူကြီးများနှင့် ဆယ်ရွာ အုပ် သူကြီးများကို ရွေးကောက်ပွဲစနစ်နှင့် စတင်ရွေးချယ်လာခဲ့သည်။ လက်တွေ့တွင် အင်္ဂလိပ်ဘုရင်ခံကသာ အာဏာ အရှိဆုံး ဖြစ်သော်လည်း ရွေးကောက်ပွဲဆိုသည့် စနစ်ကို မြန်မာနိုင်ငံသားတို့ တလျောက်လုံး ထိတွေ့ဖြတ် သန်းခဲ့ရသည်။ မြန်မာပြည်၏ ထူးခြားချက်အရ အင်္ဂလိပ်အစိုးရပင် မြန်မာအမျိုးသမီးများ၏ မဲပေးခွင့်ကို မတားမြစ် မပိတ်ပင်ဘဲ ခွင့်ပြုခဲ့ရသည်။ ထိုအချိန်က တိုးတက်နေပါသည်ဟု ဆိုသော နိုင်ငံခြားတိုင်းပြည် တချို့သည်ပင်လျှင် အမျိုးသမီးများကို မဲမေးခွင့် မပြုသေး။ ဥပမာ ပြင်သစ်နှင့် ဂျပန်နိုင်ငံ။
လွတ်လပ်ရေး ရပြီးတော့လည်း ပါလီမန်ဒီမိုကရေစနစ်ကို ကျင့်သုံးသောကြောင့် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ထို ရွေးကောက်ပွဲများအတွက် မြန်မာနိုင်ငံသားတို့ မဲပေးခဲ့ကြသည်။ လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်းနိုင်ခဲ့သည်။ နိုင်ငံရေး အဖွဲ့အစည်းများ သူထက်ကိုယ် အနိုင်ရဖို့ ညစ်တာကောက်တာ တွေလည်းရှိခဲ့သည်။ သို့သော်လည်း တိုင်းသူပြည်သားတို့ ဒီမိုကရေစီ၏ အရသာကို ကိုလိုနီ ခေတ်ကထက်ပို၍ မြည်းစမ်းခွင့် အသုံးခြခွင့် ရခဲ့သည်။ ထိုဒီမိုကရေစီကို စစ်တပ်အပါအဝင် အချို့သောသူများက ဖျက်စီးပိတ်ပင်ခဲ့သည်။
မည်သို့ဆိုစေကာမူ မြန်မာနိုင်ငံသားတို့သည် ဒီမိုကရေစိနှင့် အတူတွဲဖက်၍ ပါနေသော ပါလီမန်စနစ်နှင့် ရွေးကောက်ပွဲ ဆိုတာ ကို ဖြတ်သန်းခဲ့ရသည့် သမိုင်းက အသေအချာ ရှိခဲ့သည်။
(၃)
၁၉၈၈ ဒီမိုကရေစီ တောင်းဆိုပွဲကြီး၏ ရလဒ်အဖြစ် ၁၉၉ဝ ရွေးကောက်ပွဲကို ပြည်သူတို့ ဖြတ်သန်းခဲ့ရသည် နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ကြရသည်။ သူတို့နှစ်သက်သည့် ပါတီကို မဲပေး၍ ရွေးချယ်ခဲ့ကြသည်။ သို့သော် သူယုတ်မာတို့က ထိုရလဒ်ကို အသိအမှတ်မပြု နင်းခြေခဲ့ကြသည်။
ဒီမိုကရေစီကို တောင်းဆိုသူများ အချုပ်အနှောင်ခံရသည်။ နှိပ်စက်ခံရသည်။ သတ်ဖြတ်ခံရသည်။ ပိုင်ဆိုင်မှုပစ္စည်း ဥစ္စာများ ဆုံးရှုံးခဲ့ရသည်။ သို့သော် ဒီမိုကရေစီကို တောင်းဆိုသော တိုက်ပွဲများကား ရပ်တန့်မသွား။
၂ဝဝ၇ ခုနှစ် ရွေဝါရောင်ဒီလှိုင်းကြီးသည် ၁၉၈၈ လှုပ်ရှားမှုကြီး၏ အဆက်ဖြစ်ခဲ့သည်။ ပြည်သူတို့ တောင်းဆိုနေသည် က လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီ။
သမိုင်းအဆက်ဆက် ဖြစ်တည်လာခဲ့သော စနစ်၊ အတွေ့အကြုံ၊ ဖြတ်သန်းမှု၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုတို့သည် မြန်မာ ပြည် သားတို့ စိတ်ထဲအသဲထဲတွင် ယနေ့အထိ တည်ရှိနေသည် ကိန်းအောင်းနေသည်။ ထိုအရာတို့ကို မည်သို့ ဖျောက်ဖျက်၍ ရလိမ့်မည်နည်း။ ဖျောက်ဖျက်၍လည်း ပျောက်မသွားပါ။
ဘယ်လိုမှ ငြင်းဆို၍မရသည့် အချက်ကတော့ မြန်မာပြည်သားတို့သည် လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်းခြင်း၊ လွတ်လပ် စွာ ပြောဆိုရေးသားခြင်းတို့ကို ဖြတ်သန်းခဲ့ဖူးသည်။ ပါလီမန် ဒီမိုကရေစီစနစ်နှင့် လွတ်လပ်စွာ မဲပေးသည့် ရွေးကောက်ပွဲများ အား အခြေအနေ အဆင့်ဆင့်ကို လိုက်၍ သိထားနေနှင့် ပြီးဖြစ်သလို စိတ်တွင်လည်း အမြစ် တွယ်နေပြီးဖြစ်သည်။
ထို့ကြောင့် အခုကာလကြမှ စစ်တပ်ကသာ စိုးမိုးသော အုပ်စီးသော ပါလီမန်အတုမျိုးဖြင့် တိုင်းပြည်အား အုပ်ချုပ်သည့် စနစ်ကို ဘယ်သူက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါ့မည်နည်း။ လက်နက်ဖြင့် အနိုင်ထက်ပြုထား၍သာ လက်နက်မဲ့တို့ ဘာမှ မပြောသာဘဲ ဖြစ်နေရသည်။ သူတို့လိုခြင်တာက လွတ်လပ်ခြင်းပဲ ဖြစ်သည်။
(၄)
စင်္ကာပူ ဝန်ကြီးချုပ်၊ ရုရှားသမတ၊ မလေးရှားဝန်ကြီးချုပ်၊ တရုတ်ခေါင်းဆောင်များနှင့် အခြားအိမ်နီချင်းများက စစ်တပ်က ပြုလုပ်ပေးမည့် ဖြစ်စဉ်ထဲတွင် ဝင်ပါလိုက်ကြပါ။ နောင်တွင် တဖြည်းဖြည်းနှင့် ပြောင်းလဲလာလိမ့်မည်ဟု ဆိုကြသည်။
ထိုနိုင်ငံများ၏ သမိုင်းသည် မြန်မာပြည်နှင့်မတူပါ။ ထိုသူတို့ သမိုင်းတွင် မြန်မာပြည်သားတို့ ကြုံတွေ့ခံစားဖူးသည့် လွတ်လပ် ခြင်းနှင့် ဒီမိုကရေစီ၏ အရသာကို သိရှိသော ဖြစ်စဉ်လုံးလုံးမရှိခဲ့ပါ။ စင်္ကာပူက မနေ့တနေ့ကမှ နိုင်ငံဖြစ် လာသော နယ်မြေ လေး တခုသာဖြစ်သည်။ နိုင်ငံကြီးများက မျက်နှာသာပေးသော ကုန်သွယ်ရေးစနစ်ကြောင့် ချမ်း သာလာခဲ့ပြီး လွတ်လပ်ခြင်း နှင့် ဒီမိုကရေစီ သမိုင်းကြောင်း မရှိသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် ငွေ ကလွဲပြီး ကျန်သည့် အရေးအရာ တွေကို ဂရုမစိုက်။ ထားတော့။ စင်္ကာပူအတွက် ငွေက အရေးကြီးမည် ဖြစ်သော်လည်း မြန်မာပြည်သားတို့ အတွက် ပထမဆုံး အရေး ကြီးသည်ကတော့ လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီသာဖြစ်သည်။ သမိုင်းအစကတည်းက လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီကို မသိခဲ့သော မဖြတ်သန်းခဲ့ရသော နိုင်ငံတခုအတွက် တခြား နိုင်ငံများကို သူ့အခြေအနေ သူ့သမိုင်းနှင့် နိုင်းယှဉ်၍ ပြောဆိုခြင်း ကတော့ တန်ဖိုးရှိသည်ဟု မဆိုနိုင်ပါ။
မလေးရှားသည်လည်း အလားတူ ဖြစ်သည်။ သူတို့တွင် လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီကို အသားပေးပြောရမည့် သမိုင်းမျိုး ရှိသည်ဟု မကြားဖူးပေ။ ခေတ်တွေပြောင်း၍ ကိုလိုနီဆရာကြီး သူ့ဟာသူ ထွက်သွားမှ ပေးခဲ့သော လွတ်လပ်ရေးကို လက်ဖြန့်ယူခဲ့ခြင်းသာ ဖြစ်သည်။
ရုရှားနိုင်ငံသည်လည်း ဘာမှပိုမထူးသော တိုင်းပြည်ဟု ဆိုပါရစေ။ သူတို့သမိုင်းတွင်လည်း တိုင်းသူပြည်သားတို့ကို ဇာဘုရင် လက်ထက်ကစ၍ ကွန်မြူနစ်အစိုးရ အဆက်ဆက် တင်းတင်းကျပ်ကျပ် အုပ်ချုပ်လာခဲ့ခြင်းဖြစ်သည်။ ဘာလင်တံတိုင်းကြီး ပြိုလေမှ ရုရှားပြည်သူတို့ စတင်၍ အသက်ရှုချောင်လာခြင်း ဖြစ်သည်။ သူတို့သမိုင်းတွင်လည်း ဒီမိုကရေစီဖြစ်စဉ်သည် အခု ကာလမှသာ အရေးပါလာခြင်း ဖြစ်သော်လည်း တခေတ်တခါက ရှေးတုံးကတည်းက ဒီမို ကရေစီအတွက် ရုန်းကန်တိုက်ပွဲ ဝင်သည်ဟူ၍ မရှိခဲ့ပါ။ ထို့အတွက် ထိုကဲ့သို့ နိုင်ငံမျိုးမှ ခေါင်းဆောင်များက မြန်မာ ပြည်သူတို့အား စစ်တပ်စီမံသည့် အောက်မှာ နေ စီးပွါးရေး ဦးမော့လာအောင်လုပ်၊ နောင်ကောင်းသွားမှာပါ ဆိုသော စကားမျိုး ပြောခြင်းဖြစ်သည်။
တရုတ်ကတော့ အိမ်နီးချင်းလည်းဖြစ် သူ့အကြောင်းကိုယ့်အကြောင်းလည်း အတော်လေးသိထားပြီးဖြစ်တော့ အကျယ်ချဲ့၍ မပြောလိုပါ။ သူတို့အကျိုးအတွက် စစ်ခေါင်းဆောင်များ ဖက်ကိုသာ မဲတင်းပေးသည်ဆိုတာ မြန်မာ ပြည်သူများ အားလုံး သိပြီးသား ဖြစ်သည်။
ပြန်၍ချုပ်ရသော် လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီကို နှစ်ပေါင်းများစွာ ကတည်းက ယဉ်ပါးထိတွေ့လာရသည့် သမိုင်းအ စဉ် အဆက်ရှိသော ပြည်သူတို့အား စစ်အစိုးရစီမံသည့်အတိုင်း နောက်ကလိုက်ကြပါဟု ပြောခြင်းသည် အဆင်အခြင် မဲ့သော ညဏ်မဲ့သော စကားသာ ဖြစ်ပေသည်။ မြန်မာပြည်သားတို့တွင် ဖြစ်တည်ခဲ့သော သမိုင်းကို ဖျောက်ဖျက်ပစ် ၍မရပါ။ ဖျက်စီး၍လည်းမရပါ။
ငယ်ငယ်တုံးက ကျက်မှတ်ခဲ့ရသော စာများထဲက မှတ်မိတာလေး တခုရှိသည်။ အခြေခံ ရူပဗေဒတွင် သင်ကြားခဲ့ရ သော စာပိုဒ်လေးတခုက သည်လိုဆိုထားသည်။ "အရာဝတ္ထုတို့ကို ပြုလုပ်၍လည်းမရ ဖျောက်ဖျက်၍လည်းမရ" ဟုဆိုသော စာကြောင်းလေးပင်။
ထို့ကြောင့် အမျိုးမျိုးအထွေထွေသော တိုက်ပွဲများ ရှေ့မှာရှိနေမည်ဆိုတာ အသေအချာပင် ဖြစ်တော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၇ ရက် နိုဝင်ဘာလ ၂ဝဝ၈ ခုနှစ်
You received this email because you are subscribed to the real_time feed for http://fine-leaves.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.