Saturday, November 8, 2008

[HAPPYCLOUD] 1 New Entry: တက်ပြောင်းချိန်(၁)

တက်ပြောင်းချိန်(၁)


စကားဦး

ညီလေးမိုးမောင်နှင့် ကျနော် Blog ဝေဒနာစဖြစ်တော့... နှစ်ယောက်သားတိုင်ပင်ဖြစ်တာ ဘ၀အမောပြေ ဟာသလေးတွေ ရေးကြရအောင်ဆိုတဲ့ အကြောင်းပါ... ဒါပေမဲ့ တကယ်တမ်းရေးတော့ ကျနော်မရေးတတ်ဘူး ဖြစ်နေရော...ညီလေးမိုးမောင်က ဟာသကိုကောင်းကောင်းရေးနိုင်တော့ ကျနော်အတော်လေး ၀မ်းသာ မိပါတယ်... ကျနော့ ပိုစ့်တွေက ပျင်းစရာဖြစ်နေတော့ စာဖတ်သူတွေကို အားနာမိပါတယ်ဗျာ... နောက်ပိုင်း အမကြီးမအိန္ဒြာက ၀င်ရေးပေးမယ်ပြောတော့ ညီအကို နှစ်ယောက်ဝမ်းသာ အားရလက်ခံမိပါတယ်... အမကြီးရဲ့အရေးကောင်းတာကြောင့် ပိုဝမ်းသာရပါတယ်...ကျနော့အတွက်တော့ ပိုဂွတ်သွားတယ် ထင်မိတယ်...အကြာကြီးမရေးပဲနေလို့ရပြီပေါ့လို့...တကယ်တမ်းကြတော့ပိုမဂွတ်တော့တာဗျိုး…အရေးကောင်း တဲ့သူနှစ်ယောက်ကြားမှာ အတော်လေးမျက်နှာငယ်ရတယ်ဗျ...ဒီကြားထဲ နှစ်ယောက်စလုံးက အလိုက် မသိဘဲ..."မောင်လေး နင်ရေးအုန်းလေ""အကိုကြီးလုပ်အုန်းလေဗျာ.." လို့ပြောလာတိုင်း ..."အဟီး".လို့ပဲ ပြန် ပြောပြောနေရတယ်...အခု ကျနော်ရေးတတ်သလိုလေး ရေးပြီးတင်လိုက်ပါတယ်ဗျာ... "အဟီး" ပိုစ့်လို့ ပြောရင်လည်းရပါတယ်…
လေးစားစွာဖြင့်
(ဖိုးမောင်)
တက်ပြောင်းချိန်
(၁)
မြစ်ပြင်ကိုဖြတ်ကာ ညှင်းညှင်းပြေပြေ တိုးဝှေ့ တိုက်ခတ်လာသော လေနုအေးအေးတို့က ခန္ဓာကိုယ်ကို ပွတ်သပ်ကြည်စယ် သွားကြသည်။ သောင်ပြင်ပေါ်ရှိ သဲဖြူဖွေးနုတို့မှာ ရှောကနဲလွင့်ကာ ရှပ်တိုက်ပြေးလွှားသွားကြသည်။ ကမ်းစပ်ရှိ ဗေဒါတစ်အုပ်မှာ ဟိုဒီယိမ်းထိုးရင်း။ မြစ်ရေပြင်မှာလည်း လှိုင်းတွန့်ကလေးများက ပြိုးပျက်လင်းလတ်လျှက်။ ၀မ်းစာအတွက် လှုပ်ရှားနေကြသော ကိုတံငါတို့၏ ရေယာဉ်လေးများကလည်း ဟိုတစ်စုဒီတစ်စု။
(၂)
"ဟူး…."
သက်ပြင်းမောကို မှုတ်ထုတ်ရင်း ရင်ထဲမှတင်းကျပ်မှုများကို လွှင့်ထုတ်ပစ်လိုက်မိသည်။ "တစ်စုံတစ်ခုသော ဆုံးရှုံးမှုသည် တစ်စုံတစ်ယောက်သောသူအတွက် များစွာသော အပြောင်းအလဲကို ဖြစ်စေတတ်သည်" ကို စဉ်းစားရင်း အတွေးတို့ဖြင့် မွန်းကြပ်ပိတ်လှောင်လာသည်။ ၀မ်းနည်းခြင်း၊ ကျေကွဲခြင်း၊ တမ်းတခြင်း၊ နာကျင်ခြင်းများနှင့်အတူ ခံပြင်းစိတ်များ၊ မကျေနပ် ဒေါသဖြစ်ခြင်းများ၊ အားတတ်ခြင်း၊ မာန်တင်းခြင်းများ အနိမ့်အမြင့် အစုန်အဆန် ကူးလူးပြေးလွှားနေသည်။ ရီဝေမှုန်မှိုင်း သွားသော စိတ်တို့နှင့်အတူ ကောင်းကင်ပြင်အား အကြည့်တစ်ချက်ရောက်မိသွားသည်။ ညိုမည်းသော တိမ်ထုတို့နှင့်အတူ လွင့်မြော ဝေ့၀ဲနေသောသိန်းစွန်ငှက်တစ်ကောင်ကို အဝေးမှ မှုန်ပြပြမြင်နေရသည်။ အမြင်တို့ေ၀၀ါးရင်း စိတ်တို့က ပုံရိပ်တစ်ချို့ ဆီသို့ လွင့်သွားသည်။
(၃)
"အမေ… ဘာဖြစ်လို့လဲ"စာရွက်တစ်ရွက်ကို ကိုင်ကာ ၀မ်းနည်းစိတ်မကောင်းဖြစ်နေသော မိခင်အားမေးမိသည်။ စာရွက်ကို လှမ်းပေးလိုက်သဖြင့် အသာအယာယူရင်း ဖတ်ကြည့်မိသည်။ "နင့်ယောက်ျားမရှိရင် နင်တို့တွေ ဒုက္ခလှလှတွေ့ကြပြီပေါ့။" ရင်ထဲတွင် အောင့်ကနဲ ဖြစ်သွားမိသည်။ အဒေါ်ဖြစ်သူတစ်ယောက်အနေဖြင့် ဤမျှအထိ ပြင်းပြင်းထန်ထန် မပြောဆို၊ မရေးသားသင့်ဟုထင်မိသည်။ ယခင်ကမည်မျှ မကျေမနပ်၊ မပြေမလည်ဖြစ်ပါစေ ယခုအချိန်မှာဖေးမသင့်သည် မဟုတ်ပါလား။ "ဆွေမျိုးသားချင်းဖြစ်တာတောင် နိမ့်ပါးချိန်မှာ မညှာမတာပြောဆိုတတ်ကြပါလား။ လူ့သဘာဝဆိုတာဒီလိုပါပဲလား။" ဟုစိတ်ထဲ တွေးလိုက် မိသည်။ မိခင်ကိုကြည့်တော့ စိတ်မကောင်းဖြစ်ခြင်းကြောင့် မျက်နှာညှိုးရော်နေသည်။ အသာအယာ မိခင်လက်ကို ဆုတ်ကိုင်လိုက်တော့ အေးစက်တုန်ရီနေသည်။ စိတ်ထဲမှာတုန်လှုပ်သွားမိသလို သွေးတို့ဆူပွက် လှိုင်ထသွားသည်။ အံ့ကိုမသိမသာကြိတ်ရင်း "သားရှိပါသေးတယ်… အမေ…"ဟုတိုးညှင်းစွာပြောလိုက်မိသည်။ မျက်ရည်စတို့ဝေ့နေသော မိခင်ကို ကြည့်ကာ အားပေးအပြုံး တစ်ခုကို နှုတ်ခမ်းအစုံ ပိတ်ကာပြုံးပြရင်း တစ်စုံတစ်ခုသော ဆုံးဖြတ်ချက်ကိုချလိုက်မိသည်။
(၄)
"ဗွမ်း…."
ဝါးဖောင်ပေါ်မှရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားသော ကလေးတစ်စု၏ အသံကြောင့် စိတ်တို့ပစ္စုပ္ပန်ကို ပြန်ရောက်လာသည်။ မြစ်ပြင်ရေချိုးဆိပ်မှာ အ၀တ်လျှော်နေကြသော အမျိုးသမီးတို့၏ အ၀တ်အစားထုရိုက်သံကလည်း တဖုန်းဖုန်း ထွက်လာသည်။ ဗျိုင်းတအုပ်မှာ ဖွေးဖွေးလှုပ်ပျံပြေးသွားကြသည်။ အသက်ကိုပြင်းပြင်းတစ်ချက်ရှုလိုက်ရင်း ဖခင်ကြီးမသေခင်က အခြေအနေတို့ကို ပြန်လည်စဉ်းစား နေမိသည်။ မချမ်းသာသော်လည်း အသင့်အတင့်နေထိုင် စားသောက်နိုင်ကြသည်။ ဖခင်ကြီး ကင်ဆာရောဂါဖြစ်ချိန်မှာ အတော်မပြေမလည် ဖြစ်ခဲ့သည်။ ချေးငှားပေါင်နှံစားသောက်ရင်း အသက်ဆုံးမည့် ဖခင်ကိုသာ နေ့စဉ်ကြည့်နေ ခဲ့ရသည်။ ဖခင်ဆုံးသွားချိန်တွင် ချွတ်ခြုံကျသလို ဖြစ်သွားသည်။ အကြွှေးများ ရှင်းလင်းရန်အတွက် အချို့ပစ္စည်း တွေရောင်းချခဲ့သည်။ မိခင်ဖြစ်သူမှာလည်း စွမ်းသမျှကြံဖန် လုပ်ဆောင်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ ဖခင်မရှိတော့သည့်နောက် ဖခင်ကိုယ်စား သားတစ်ယောက်အနေဖြင့် ရှာဖွေရုန်းကန်ရတော့မည်။ ဖခင် မသေခင်က ပြောခဲ့ဖူးသော စကားတို့ကို ပြန်လည်စဉ်းစားနေမိသည်။
"သား လူတွေက ဘုရင့်နောင်ဖောင်ဖျက်တယ် ဆိုတဲ့စကားကို လွယ်လွယ်ပဲ ပြောတတ်ကြတယ်။ အဲဒါရဲ့ နောက်ကွယ်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် အသက်သေချင်သေပါစေ မဆုတ်မနစ်လုပ်မယ် ဆိုတဲ့ စိတ်ဓါတ်မျိုး ပါမလာကြဘူး။ အဲဒီတော့ အများအားဖြင့် ဖောင်ဖျက်လို့ ပျက်တဲ့သူတွေသာများကြတယ် လူလေး။"
တကယ်လို့သားမှာသာ အဲဒီလိုအခြေအနေမျိုးကြုံလာခဲ့ရင် ကိုယ့်အသက်ကို အသေခံရဲလား အရင်ကိုယ့် ဘာသာမေးပါငါ့သား။ အဲဒီလိုမေးလို့ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် သေဖို့တောင်မကြောက်တဲ့ သူတစ်ယောက်လို့ စိတ်ထဲကသေချာပြီဆိုရင် သားအတွက် ဘယ်လိုအခက်အခဲကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ သေခြင်းတရားကို မကြောက်တဲ့သူတွေ အတွက် လောကမှာ ကြီးမားတဲ့ အခက်အခဲဆိုတာ မရှိတော့ဘူးသား။ အဲဒါဆိုရင် သားကိုယ်သားလည်း ယုံကြည်မှုရှိသွားလိမ့်မယ်။ "ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူတစ်ယောက်ဟာ ဘယ်လို အခက်အခဲ၊ ဘယ်လိုအခြေအနေမျိုးနှင့် ကြုံတွေ့ပါစေ မတုန်လှုပ်ရင်ဆိုင်နိုင်တယ် သားရေ…။" "အဲဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့အတွက် အမှန်တရားပေါ်မှာ အခြေခံပြီး အမြဲကြိုးစားနေရမယ်သား"ဖခင်ကြီး၏ စကားသံတို့ကို အကြိမ်ကြိမ်ပြန်လည်ကြားယောင်ရင်း မွန်းကျပ်မှုများကြားမှ အားမာန်တို့ဖြစ်လာစေသည်။
(၅)
"ကောင်လေး…ဆီတွေလှယ်လိုက်အုန်းကွ…"
"ဟုတ်ကဲ့…"
"အဲဒါပြီးရင် ပဲဆံတွေ အပေါ်ကဆုံထဲထည့်ကွာ..."
"ဟုတ်ကဲ့…ဦးလေး…"
"မင်းရောက်လာတာ… ငါ့အတွက်ကောင်းတယ်ဟေ့…ဒါနဲ့မင်းကျောင်းနေသေးလား…"
"ဟုတ်ကဲ့… (၁၀)တန်းဖြေထားပါတယ်ဦးလေး…"
"အင်း… ကျောင်းသားတစ်ယောက်က အလုပ်ကြမ်းဝင်လုပ်တာ ကောင်းပါတယ်ကွာ… ဘ၀အတွေ့ အကြုံရတာပေါ့…"
"ရတာပဲ ၀င်လုပ်ရတာပါ ဦးလေး…"
"မင်းကြည့်ရတာခပ်ပျော့ပျော့ပုံစံပဲကွ… အင်း… နောက်တော့လည်း ထုသားပေသား ကြသွားမှာပါလေ…"
"မင်းကိုပြောရအုန်းမယ်…ဆီကြိတ်တယ်ဆိုတာ…မြေပဲဆံတွေ၊နှမ်းစေ့တွေကိုအရည်ညှစ်တာပဲကွ…ရှေးကတော့ နွားကိုဆုံလည်မှာ ပတ်မောင်းပြီး ကြိတ်ကြတာပေါ့… ဆီဆုံနွားတွေရဲ့ဘ၀က သနားဖို့ကောင်းတယ်ကွ… တနေရာထဲမှာ တ၀ဲလည်လည် လှည့်နေရတာကောင်လေး… အဲဒီလိုပဲကောင်လေး….လူတွေမှာရော… တနေရာထဲမှာ တ၀ဲလည်လည်ဖြစ်နေတဲ့ သူတွေ အများကြီးကွ…အခုစက်တွေပေါ်လာတော့လည်း နွားတွေအတော်သက်သာသွားတာပေါ့ကွာ… ဒါပေမဲ့…တောတွေမှာတော့ရှိသေးတယ်ကွ… အခု ဆီစက်တွေ ကတော့ လျှပ်စစ်ကိုပဲ အားပြုရတာပေါ့ကွာ။ တို့နိုင်ငံရဲ့ လျှပ်စစ်မမှန်တာတော့ မပြောချင်တော့ဘူးကွာ… မလာတော့လည်း မောင်းလို့မရဘူးပေါ့။
ဆီကြိတ်ရင်… ကြိတ်မယ့် မြေပဲဆံတွေ၊ နှမ်းစေ့တွေကို နေလှမ်းပေးရတယ်ကောင်လေး။ ဘာလို့လဲဆို သူတို့မှာ ပါတဲ့ ရေဓါတ်တွေ ခန်းအောင်လို့ ဒါမှ ကြိတ်တဲ့အခါ မခက်ခဲပဲ အဆင်ပြေတာ… ပဲအစိုတွေ ကြိတ်ရင် အဲဒီ ရေဓါတ်ကြောင့် ပဲဖက်၊ နှမ်းဖက်တွေ ပျော့ဖက်လိပ်ခွေပြီးတော့ ဆုံရဲ့ အရစ်မှ ကြပ်နေတက်တယ်… အဲဒါဆို ဆုံတစ်ခုလုံး ဖြုတ်ပြီး ပင်ပင်ပမ်းပမ်း ခြစ်ထုတ်ယူရတတ်တယ်။
ဒီလိုပဲ ကောင်လေး ဘ၀ဆိုတာလည်း စိုစွတ်နေတဲ့သူတွေကို လောကဆီစက်မှ ထည့်ကြိတ်ရင် ပျော့ဖက်ဖက် ကို့လို့ကန့်လန့်နှင့် ကြားညပ်တက်တယ်။ အဲဒီတော့ ကြိုတင်ပြီး အပေါ်အရေတင်းအောင်၊ အရေခန်းအောင် အခြောက်လှန်းရတယ်။ မင်းလည်း အခုအလုပ်ဝင်လုပ်တယ်ဆိုတော့ လောက ဆီစက်ကြီးမရောက်ခင် ကြိုတင် အခြောက်လှမ်းတဲ့ သဘောပေါ့။ "ဟုတ်ကဲ့…"ဟုပြောရင်း ဆီကြိတ်သော ဦးလေးကြီး၏ညိုမောင်း တည်ကြည် သော မျက်နှာကို ကြည့်နေမိသည်။
"ကောင်လေး ထွက်လာတဲ့ ဆီတွေ ခါးပြတ်ပေပါထဲထည့်ကွ… ပြီးရင် ဟိုနားမှာ ဒန်အိုးရှိတယ်။ "အဲဒီအိုးထဲ ရေထည့်ပြီး ရေနွေးတည်လိုက်…" "ဟုတ်ကဲ့"…" ရေနွေးဆူရင်ပြော …ပြီးရင် တောင်းထဲက ပဲဖက်တွေ အခန်း ထဲက ပဲဖက်ပုံပေါ်သွားပစ်ချည်…""ဟုတ်ကဲ့…" ဟုပြောပြီး ပြည့်နေသောဆီပုံးကို ပုံးလွတ်တစ်ခုနှင့်လဲလိုက်ပြီး ဆီများကို ပေပါခါးပြတ်ထဲသို့ လောင်းထည့် လိုက်သည်။ ထို့နောက် ဒန်အိုးယူ၍ ရေနွေးအိုးတည်သည်။ စက်မှထွက်လာသော ပဲဖက်စများ တောင်းထဲ၌ ပြည့်လုနီးသောအခါ တောင်းလဲပြီး အခန်းထဲသို့ ယူသွားသည်။ ပူနေသော ပဲဖက်စတို့၏ ရနံ့က တသင်းသင်းပင်။ အဆီအထပ်ထပ်ညှစ်ပြီး ဖြစ်သော ပဲဖက်စတို့က ခြောက်သယောင်းနေသည်။ဦးလေးကြီးမှာ ဆီမွှေသည့် ယောင်းမကိုယူကာ ပေပါခါးပြတ်ထဲသို့ထည့် လိုက်သည်။
ကောင်းလေး ရေနွေးအိုးပွတ်ရင် ယူခဲ့တော့ "ဟုပြောသဖြင့် လက်ခုဖြင့်မကာ ယူလာခဲ့သည်။ "ဖြေးဖြေးချင်း လောင်းထည့်ကောင်းလေး…" အံ့အားသင့်နေသော ကျွန်တော့မျက်နှာကိုကြည့်ကာ…"ဆီထဲမှာရေထဲ့လို့ အံ့အား သင့်နေလားကောင်လေး" "ဟုတ်ကဲ့ဦးလေး…" "အဲဒါ အနည်ထိုင်အောင် လုပ်တာကောင်လေး… မြန်မြန် အနည်ထိုင်ဖို့ပဲ…ဆီကအနယ်မထိုင်ရင် သိပ်မကောင်းဘူး။ ရေနွေး ထည့်လိုက်တော့ ရေနွေးရဲ့အပူနှင့် ဆီကပူပြီး အပေါ်တက်လာတယ်…ဆီထဲပါလာတဲ့ ပဲအမှုန့်တွေက ရေနှင့်တွေ့တော့ ရေတွေစိမ့်ဝင်သွားတယ်ကွ။ အဲဒီတော့…လေးပြီးအနယ်အဖြစ် ချက်ချင်းပဲ အောက်မှာသွားစုတယ်…"
အင်း…အဲဒီလိုပဲ…တခါတလေဘ၀မှာ စိတ်ညစ်စရာတွေနှင့် နောက်ကြူလာရင် ဆီကို အနည်ထိုင်အောင် လုပ်သလို အခြားတစ်စုံတစ်ရာ အကူအညီနှင့် အနယ်ထိုင်အောင်လုပ်ပစ်ရတယ်ကောင်လေး…. နောက်စေတဲ့ အရာတွေကို စုစည်းပြီး တဖြည်းဖြည်း အနည်ထိုင်ပြီးဆိုမှ အပေါ်က အရည်ကြည်ခပ်ထုတ်ယူရတယ်။ ဒါမှသာ အနယ်နှင့် ဆီကွဲသွားသလို မင်းဘ၀ရဲ့ ကြည်လင်တဲ့ အပိုင်းတွေကို သီးခြားခပ်ပြီး လိုရာသုံးနိုင်မှာပဲ… အဲလိုမှ မဟုတ်ရင်တော့ သူဘာသာ အနည်ထိုင်အောင် အချိန်အကြာကြီးပေးပြီး စောင့်ရလိမ့်မယ်။ အဲလိုကြာရှည်စောင့်နိုင်လို့ရလာတဲ့ ဆီကတော့ ပိုမွှေးပြီး ကောင်းတယ်ကွ… အဲဒါက သဘာဝအလျှောက် အချိန်ကျလို့ အနည်ကျသွားတာလေ။ဒါနဲ့ ခုနကလိုလုပ်ပြီးလို့အနည်ထိုင်သွားပြီဆိုရင် အပေါ်က ဆီတွေခပ်ပြီး သီးသန့်ခွဲထားရတယ်။ အောက်က အနယ်တွေကိုလည်း ပုံးအသေးတစ်လုံးနှင့် ထည့်ထား ကောင်လေး။ လွင့်မပစ်နဲ့။အဲဒါတွေနောက်တစ်ကြိမ် ဆီကြိတ်တဲ့အခါ မြေပဲတို့ နှမ်းတို့ အရမ်းခြောက်လွန်းရင် ရောစာအနေနှင့် ပြန်ပြီး အသုံးပြုရတယ်…
အဲဒီလိုပဲ ဘ၀မှာလည်း စိတ်ညစ်စရာတွေကို သီးသန့်ဖယ်ထုတ်ထားပြီး နောင်တစ်စုံတစ်ခု လုပ်တဲ့အခါ အဲဒီစိတ်ညစ်စရာ အနယ်အနှစ်တွေ တနည်းပြောရရင် ဘ၀အတွေ့အကြုံသင်ခန်းစာတွေကို ရောစာအနေနှင့် အသုံးချရတယ်ကွ။ ဒါမှ အသစ်ကိုလည်း ကောင်းမွန်စွာလုပ်ကိုင်လည်ပတ်နိုင်စေမှာ။
အလုပ်လုပ်ရင်း တတွက်တွက်ပြောနေသော ဦးလေးကြီးအား လေးစားစွာကြည့်နေမိသည်။ ကျွန်တော် နားထဲတွင် တ၀ူးဝူး၊ တဒူးဒူး၊ ဂျောက်ကနဲ ဂျိမ်းကနဲ အော်မြည်နေသည့် ဆီစက်သံနှင့်အတူ အတွေးတွေပါ အစီအရီပေါ်နေသည်။
"ကောင်းလေး ပဲဖက်တွေတောင်းပြည့်ပြီ အသစ်လဲလိုက်အုံး…"
"ဟုတ်ကဲ့ဦးလေး…" ဟုပြောရင်း လျှင်မြန်စွာပင် ပဲဖက်တောင်းကို ကောက်ကာ လှယ်လိုက်ပြီး ပုခုံးပေါ်ထမ်းကာ ပဲဖက်ထားသော အခန်းသို့သယ်သွားလိုက်သည်။
(၆)
"ကောင်းလေး ဒီအစ်ကိုကို နှမ်းဆီပြလိုက် စမ်းကွာ…." စက်ခန်းအတွင်းဝင်လာသော စက်ပိုင်ရှင်က လှမ်းပြော သဖြင့် "ဟုတ်ကဲ့အစ်ကို…"ဟုပြောပြီး အတူပါလာသူကို ခေါ်ကာနှမ်းဆီပေပါကိုပြလိုက်သည်။ "ဆီကိုကြည့်ကာ လက်နှင့်တို့ပြီး လျှက်ကြည့်လိုက်သည်။ "မင်းဟာအရောင်လဲ မလှဘူးကွာ… အရသာကလဲ ခါးသက်သက်နှင့်…" "ဒါနှမ်းဆီအစစ် အကို" "အေးနောက်မှလာမယ်ကွာ" ဟုပြောကာထိုလူထွက်သွားသည်။ ခဏအကြာ စက်ပိုင်ရှင်သူဋ္ဌေးရောက်လာပြီး "ကောင်လေး… ဟိုဘက်မှာ ပေပါအနီကြီး ရှိတယ်။ အဲဒီထဲက ဆီတွေကို ဒီကဆီတွေနှင့် ရောလိုက်ကွာ ပြီးတော့သမအောင်မွှေလိုက်…"
"ဟုတ်ကဲ့အစ်ကို…"
ညနေပိုင်းတွင်ထိုလူထပ်ရောက်လာသည်။
"ဒီကောင်မျိုးမှ ကြိုက်တာဗျ… (၂)ပေပါယူမယ်ဗျာ…"
ကျွန်တော်အံ့အားသင့်စွာ ထိုလူကိုကြည့်နေမိသည်။ စက်ပိုင်သဋ္ဌေးက ကျွန်တော့်ကိုအသာမျက်စိမှိတ် ပြလိုက်သည်။ထိုလူထွက်သွားမှ ကျွန်တော်အနားလာပြီး "ကောင်လေး မင်းအံ့အားသင့်နေလား…"
" ဟုတ်ကဲ့အစ်ကို"
"အေး… စီးပွားရေးလုပ်တဲ့အခါ တခါတလေခက်တယ်ကွလူတွေက… အစစ်ကိုပေးတော့ မကောင်းဘူးထင် တတ်တယ်… အခု စားအုန်းဆီနှင့် ရောထားတာ ပေးလိုက်တော့ ကောင်းတယ်ဆိုပြီး (၂)လုံးတောင်ဆွဲသွား သေးတယ်…" ဟုပြောပြီး အနားမှ ထွက်သွားသည်။"
သူထွက်သွားချိန်မှာ ကျွန်တော်တွေးနေမိတာက အမှန်တရားဆိုတာနှင့် နှမ်းဆီရဲ့ကြောင်းပေါ့… ခါးသက်သက်နှမ်းဆီလိုပဲ လူတွေဟာ အမှန်တရားဆိုရင် မကြိုက်ချင်ကြဘူး… အရည်အသွေးညံ့ပေမဲ့ အမြင် လှလှ စားအုန်းဆီနှင့် ရောထားတဲ့နှမ်းဆီ ကိုကြိုက်သလို… အမှန်တရားဆိုတာကို အရည်အသွေးညံ့ပြီး အမြင် လှတာတွေနှင့် ရောစပ်မှသာ လူတွေက နှစ်သက်ကြတာလား.. အမှန်တရား ချည်းသက်သက် နှစ်သက်တဲ့သူ ရောရှိသေးရဲ့လား…"
ခဏအကြာ စက်ပိုင်သူဌေးဝင်လာသည်။ သူနောက်မှ ခပ်နွမ်းနွမ်းအမျိုးသမီးတစ်ဦး ပါလာသည်။ "ညီလေးသူ့ကို နှမ်းဆီစစ်စစ် ထည့်ပေးလိုက်ကွာ…" "ဟုတ်ကဲ့အစ်ကို" ဟုပြောရင်းအမျိုးသမီးလက်ထဲမှ ပုလင်းလေးကို ယူလိုက်သည်။ "ငါးကျပ်သား မောင်လေး" "ဟုတ်ကဲ့…ဒါနဲ့ဘာသုံးဖို့လည်းအစ်မ…" "ဆေးဆရာက နှမ်းဆီစစ်စစ် နှင့်ရောပြီး ဆေးလိမ်းရမယ်ဆိုလို့ပါ…" "အော်…" ဟုသာပြောရင်း ကျွန်တော့ရင်ထဲမှာ အတွေးတစ်ခုပေါ် လာသည်။ "လူတွေက အမှန်တရားဆိုတာကို ဆေးဝါးအဖြစ်လောက်သာ အသုံးချချင် တော့တာကိုး…" "ဟင်း…"ကနဲသက်ပြင်းချရင်း အသာအယာခေါင်းရမ်းနေမိသည်။ အင်း…. နှမ်းဆီလိုပဲ အမှန် တရားဆိုတာ ခါးသက်သက် ဖြစ်နေတော့ နေ့စဉ်စားသုံးဖို့ ၀န်လေးကြမှပေါ့ဟုသာ ဖြေတွေးကလေး တွေးလိုက်မိသည်။ ဒီလိုနှင့်ဆီစက်မှာ အလုပ်လုပ်ရင်း ကျွန်တော် တွေ့ကြုံဖူးတာတွေကို ပြန်စဉ်းစားနေမိသည်။
(ဖိုးမောင်)

You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.