Saturday, November 8, 2008

[Padauk Myay] 2 New Entries: ဒေ၀ူးကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်မည့်အစီအစဉ်များ

ဒေ၀ူးကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်မည့်အစီအစဉ်များ

ဘင်္ဂလားဒေ့ရှ် ရေတပ် သဘောင်္တွေ ကျူးကျော် ၀င်ရောက်နေတဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက် အမှတ် AD 7 နဲ့ ပတ်သက်ပြီး ပြည်တွင်းထုတ် ၅-၁၁-၂၀၀၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်း ဖြစ်ပါတယ်။ ဒီသတင်းအရ ဒေ၀ူးကုမ္ပဏီက နေရာရွှေ့ရင် မြန်မာ ရေတပ်ကလည်း လိုက်ရွှေ့မယ့် သဘော ဖြစ်ပါတယ်။ ထွက်ပြေးတယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများ

ရခိုင်ကမ်းလွန် ပင်လယ်ပြင် အတွင်း လုပ်ကွက် A-1, A-3 , AD7 နှင့် A-2 တို့တွင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် ပြည်ပ ရေနံကုမ္ပဏီများ အကျိုးတူ ပူးပေါင်း လုပ်ဆောင် ခံစားခွင့် (PSC) စာချုပ် ချုပ်ဆို၍ ရေနံများ ရှာဖွေ တူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိရာ လုပ်ကွက် တစ်ခုလျှင် ရှာဖွေရေးတွင်း တစ်တွင်းကျစီ စမ်းသပ် တူးဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ရေနံရှာဖွေ လုပ်ကိုင်ရာတွင် ရေတိမ်ပိုင်းနှင့် ရေနက်ပိုင်း နှစ်မျိုး ခွဲခြားထားရာ ရေတိမ်ပိုင်း လုပ်ကွက် ခုနစ်ခုနှင့် ရေနက်ပိုင်း လုပ်ကွက် ၁၀ ခုတို့ ပါဝင်ကြောင်းလည်း ခိုင်လုံသော သတင်း တစ်ရပ်အရ သိရှိရသည်။ ထိုလုပ်ကွက်များ အနက် ကမ်းလွန် ရေတိမ် လုပ်ကွက် A1, A3, AD7 တို့တွင် (DAEWOO) ကုမ္ပဏီမှ လုပ်ကိုင်လျက် ရှိပြီး A2 လုပ်ကွက်တွင် ESSAR ကုမ္ပဏီမှ လုပ်ကိုင်လျက် ရှိကြောင်းလည်း သိရသည်။

DAEWOO ကုမ္ပဏီသည် ယခင်နှစ်က ဆိုက်စမစ် တိုင်းတာခြင်း၊ ရေနံ ရှာဖွေခြင်းများကို လုပ်ဆောင်ခဲ့ရာ ရရှိခဲ့သော အချက် အလက်များကို အခြေခံ၍ ယခုနှစ် စက်တင်ဘာလမှ စ၍ ရေနံတူး သင်္ဘော တစ်စင်း Tug Boat နှစ်စင်း၊ Supply Boat နှစ်စင်းနှင့် Barge သုံးစင်းတို့ကို အသုံးပြုကာ လုပ်ကွက် တစ်ခုလျှင် ရှာဖွေရေးတွင်း တစ်တွင်းစီကို စမ်းသပ် တူးဖော်လျက် ရှိကြောင်း သိရသည်။ ယခုအခါတွင် လုပ်ကွက် AD7 ၌ ရေနံရှာဖွေရေး တွင်းတူးဖော်လျက် ရှိပြီး ထိုလုပ်ကွက်၌ လိုအပ်သော တိုင်းထွာချက်များ ပြီးဆုံးလျှင် လုပ်ကွက် A3 သို့ ပြောင်းရွှေ့ လုပ်ကိုင်သွားရန် ရှိကြောင်းလည်း သိရသည်။ ယင်းအပြင် ESSAR ကုမ္ပဏီသည် ယခင်နှစ်များက Geological နှင့် Geophysical လေ့လာမှုများ ဆိုက်စမစ် တိုင်းတာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် ရရှိလာသော အချက်အလက်များကို အခြေခံကာ ရှာဖွေရေး တွင်းတူးရန် အတွက်နှင့် အပြီးသတ် တိုင်းတာရေး လုပ်ငန်း (Sea-Bed Survey) လုပ်ဆောင်မည့် တိုင်းတာရေး သင်္ဘော Century Star-1 သည်လည်း ကမ်းလွန် ပင်လယ်ပြင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး တိုင်းတာမှုများ ပြီးစီးပါက တွင်းတူး သင်္ဘောဖြင့် ရှာဖွေရေးတွင်းများ တူးဖော်သွားရန် ရှိကြောင်းလည်း အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြထားကြောင်း သိရသည်။

မြန်မာ့ရေပိုင်နယ်နမိတ်နှင့် ဘင်္ဂလားဒေ့ရှ်ကျူးကျော်မှု

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ရေပိုင်နယ်နမိတ်အငြင်းပွားမှုနဲ့ပတ်သက်ပြီး (ကို) အောင်ထက်၊ အဏ္ဏ၀ါ စစ်သည်တို့က သူတို့အမြင်များကို တင်ပြခဲ့ပြီးပါပြီ။ စာဖတ်သူများကလည်း သူ့အမြင်၊ ကိုယ့်အမြင်ကို တင်ပြဆွေးနွေး ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပိတောက်မြေအနေနဲ့လည်း အချက်အလက်တွေပြည့်စုံအောင် လေ့လာခဲ့ပါတယ်။ အဲဒီ တွေ့ရှိချက်များအရ မြန်မာဘက်ကမှန် တယ်ထင်လို့ ဘင်္ဂလားဒေ့ရှ်ကျူးကျော်မှုလို့ ခေါင်းစဉ်တပ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာရေပိုင်နက်သတ်မှတ်တာနဲ့ပတ်သက်ပြီး အခြေခံရတာက United Nations Convention on Law of Sea, UNCLOS ဖြစ်ပါတယ်။ အဲဒီကွန်ဗင်းရှင်း Article 15 မှာ နှစ်နိုင်ငံ ရေပိုင်နယ်နမိတ် သတ်မှတ် ခြင်းနဲ့ပတ်သက်ပြီး အခုလို ပြဋ္ဌာန်းထားပါတယ်။

UNCLOS-1982 Article (15) " Where the coasts of two States are opposite or adjacent to each other, neither of the two States is entitled, failing agreement between them to the contrary, to extend its territorial sea beyond the median line every point of which is equidistant from the nearest points on the baseline from which the breadth of the territorial seas of each of the two States it measured. The above provision does not apply, however, where it is necessary by reason of historic title or other special circumstances to delimit the territorial seas of the two States in a way which is at variance therewith."

ဆိုလိုတာကတော့ သမိုင်းကြောင်းအရ၊ ထူးခြားသောအခြေအနေများအရ မဟုတ်ဘူးဆိုရင် နှစ်နိုင်ငံရေပိုင်နယ် သတ်မှတ်ရာမှာ နှစ်ဘက်ကြား သဘောတူညီမှုမရခဲ့ရင် True Median /Equidistance Principle အရ အလယ်မျဉ်း နေရာကို သတ်မှတ်ရမယ်၊ အဲဒီထက်ပိုယူလို့ မရဘူးလို့ ပြောတာပါပဲ။ True Median /Equidistance Principle ကို ဟောဒီလိုပုံနဲ့ ပြပါတယ်။


ဒီတော့ မြန်မာဘက်က ရေနယ်နမိတ်ကို True Median /Equidistance Principle နဲ့ သတ်မှတ်ဖို့ ပြောတယ်။ ဒါက နိုင်ငံတကာဥပဒေအရ ပြောတာပဲဖြစ်တယ်။ ဒါကဘင်္ဂလားဒေ့ရှ် ပိုင် စိန့်မာတင်ကျွန်းနဲ့ မြန်မာပိုင်မေယုကျွန်းကြား ထက်ဝက်အကွာအဝေးကနေ ၂၄၃ ဒီဂရီအတိုင်း ဆက်ဆွဲတဲ့မျဉ်းဖြစ်ပါတယ်။ အဲဒါကို UNCLOS ကပုံအရ ဒီလိုဖော်ပြ ထားတာ တွေ့ရပါတယ်-


အဲဒီပုံမှာ နတ်မြစ်ဝကနေ အ၀ိုင်းစက်လေးတွေကို ဆက်ဆွဲလာတဲ့ အစိမ်းရောင်မျဉ်းဟာ နှစ်ဘက် သဘောတူထားတဲ့ နတ်မြစ်နယ်နမိတ်ကနေ အလယ်ကျတဲ့နေရာတွေကို ဆက်ဆွဲလာပြီး စိန့်မာတင်နဲ့ မေယုကျွန်းကြားအလယ်နေရာကနေ မြန်မာရေပိုင်နယ်နမိတ်နဲ့ သီးသန့်စီးပွားရေးဇုံ နယ်နမိတ်ကို ဖော်ပြထားတာဖြစ်ပါတယ်။

သို့သော် ဘင်္ဂလားဒေ့ရှ် ကတော့ ချစ်ကြည်ရေးအရ အရှေ့ဘက်ကို တိုးပြီး Frinedship Line အဖြစ်သတ်မှတ်ပေးဖို့ ပြော ပါတယ်။ သူ့သဘောအရတော့ ကျွန်းနှစ်ကျွန်းအကြားအလယ်မှတ်ကနေ အရှေ့ဘက်ကို ယိုင်ပြီး ၂၂၅ ဒီဂရီအထိ ပေးဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာဥပဒေအရ မြန်မာကပြောတဲ့ နယ်နမိတ်နဲ့ ဘင်္ဂလားဒေ့ရှ် ကပြောတဲ့ နယ်နမိတ် နှစ်ခု ကွာခြားချက်ကို အခုလိုတွေ့ ရပါတယ်-

အဲဒီပုံမှ အပေါ်ဆုံးက အနီရောင်မျဉ်းကြောင်းဟာ True Median Line ဖြစ်ပြီး အောက်က အနီရောင် လိုင်းကတော့ ဘင်္ဂလားဒေ့ရှ်က ချစ်ကြည်ရေးအရပေးပါလို့ တောင်းထားတဲ့ ၂၂၅ လိုင်း ဖြစ် ပါတယ်။ ကြယ်ပွင့်ပြထားတဲ့ နေရာကတော့ မြန်မာဘက်က သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်နေတဲ့ နေရာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေရာဟာ အဏ္ဏ၀ါစစ်သည်ပြောသလိုပဲ မြန်မာဘက်က ဆွေးနွေးဆဲ နယ်မြေကို ရှောင်ပြီး ၂၂၅ လိုင်းရဲ့ အရှေ့ဘက်မှာ သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်နေတာဖြစ် တယ်ဆိုတာ ထင်ရှားပါတယ်။ အခုအချိန်မှာ အင်တာနက်သတင်းများအရ ဘင်္ဂလားဒေ့ရှ်က ၂၂၅ မျဉ်း တောင်မဟုတ်တော့ဘဲ နတ်မြစ်ဝနေရာကနေ တောင်ဘက်ကို ၁၈၀ ဒီဂရီမျဉ်းဆွဲချပြီး သူတို့ ပိုင်တယ် ဆိုပြီးပြောတာတွေ့ရပါတယ်။ ဒီတော့ နတ်မြစ်ဝကနေ ၁၈၀ ဒီဂရီဆွဲချလိုက်ရင် ဒီမျဉ်းဟာ မြန်မာ့ရေပိုင်နက် ထက်ဝက်လောက်ကို ဖြတ်ယူသွားတာ တွေ့ရမှာပါ။ ပုံမှာပြထားတဲ့ အပြာမျဉ်းအတိုင်း ဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေဖြစ်တဲ့ UNCLOS မှာဆိုထားတာက ရှင်းရှင်းလေးပဲ။ သမိုင်းကြောင်းအရ ပိုင်တာ မဟုတ်ဘူး ဆိုရင် ကိုယ့်အချင်းချင်းညှိ၊ ပြေလည်ရင် ကြိုက်သလောက်ပေး။ ညှိလို့မရရင် Median Line မူအတိုင်း အလယ်က သတ်မှတ်။ ဘယ်ဘက်ကမှ ဒီထက်ပိုမရဘူး။ ဒါပဲဖြစ်ပါတယ်။ အခု ကိစ္စက နှစ်ဘက်ကြား ဆွေးနွေးဆဲဖြစ်တယ်။ ဆွေးနွေး လို့ မရရင် Median Line မူအတိုင်းသွားရမယ်။ ဒါပေမယ့် မြန်မာဘက်က ဆွေးနွေးဆဲနေရာကို လက်ရှောင်ပြီး သဘာဝဓာတ်ငွေ့ရှာတယ်။ ဒီနေရာဟာ ဘင်္ဂလားဒေ့ရှ်တောင်းတာ ပေးရင်တောင် မြန်မာဘက်ကရမယ့် နေရာဖြစ်တယ်။ အခုမှ ဘင်္ဂလား ဒေ့ရှ်က တဲထဲဝင်တဲ့ကုလားအုပ်လိုပဲ ခေါင်းလေးဝင်ရာကနေ ထပ်တိုးပြီး တောင်းလာတာပါ။ နောက်ထပ် တဲရှင်ကို ကန်ထုတ်ဖို့ပဲ ကျန်တော့တယ်။

အခုတင်ပြတဲ့အချက်များအရ ဘင်္ဂလားဒေ့ရှ်က ကျူးကျော်သူဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ချစ်ကြည်ရေး၊ ချစ်ကြည်ရေးလို့ ပြောပြီး ဘာ့ကြောင့်ဒီလိုလုပ်ရသလဲ။ နောက်ကွယ်က ဘာ အကြောင်းခံတွေ ရှိသလဲ ဆိုတာ တော့ အချိန်တန်ရင် အဖြေပေါ်မှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအနေနဲ့ ဘယ်ဘက်က ရပ်ရမလဲ ဆိုတာတော့ ရှင်းနေပြီထင်ပါတယ်။

မှတ်ချက်။ အထောက်အထားများကို UNCLOS နဲ့ Bay of Bengal News Website များက ရရှိပါတယ်။

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.