Saturday, November 8, 2008

[Mogok Media] 2 New Entries: တတိယအကြိမ်မြောက် သဟာယ စာပေဆု

တတိယအကြိမ်မြောက် သဟာယ စာပေဆု

မိုးကုတ်မြို့ ကျပ်ပြင်မြို့မရပ်ကွက်တွင် တည်ရှိသော သဟာယစာကြည့်တိုက် သဟာယစာပေဆု ကို ၂၀၀၇-ခုနှစ်တွင် စတင်၍ ပေးအပ်ချီးမြှင့်ခဲ့ရာ ၂၀၀၉-ခုနှစ်တွင် တတိယအကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ၂၀၀၇-ခု ပထမအကြိမ် သဟာယစာပေဆုကို စာရေးဆရာ ညီပုလေး၏ ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်အားလည်းကောင်း၊ ၂၀၀၈-ခု ဒုတိယအကြိမ် သဟာယစာပေဆုကို The Waves မဂ္ဂဇင်းအား လည်းကောင်း ဆုရွေးချယ်ရေးကော်မတီအဖွဲ့က ရွေးချယ်ပြီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ လာမည့် ၂၀၀၉-ခုနှစ် တတိယအကြိမ်မြောက် သဟာယစာပေဆု ကိုတော့ အတွေးအမြင်စာစောင်၏ အယ်ဒီတာအဖွဲ့အား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ သဟာယစာပေဆုကို နှစ်စဉ် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဇန်န၀ါရီလ (၄)ရက်နေ့တွင် အစဉ်အလာအတိုင်း ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

အတွေးအမြင်စာစောင်၏ သမိုင်းကြောင်း
အတွေးအမြင် စာစဉ်များသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော လစဉ်ထုတ် အတွေးအခေါ်စာစောင် ဖြစ်သည်။ အတွေးအမြင်စာစောင် အမှတ်(၁)ကို ၁၉၈၄-ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့ပါသည်။ အတွေးအမြင်ကို စတင် မွေးဖွားသန့်စင်ခဲ့ကြသူများမှာ မောင်ဝံသ နှင့် မောင်ကောင်းမြင့် တို့ ဖြစ်ကြသည်။ ထို့နောက် အယ်ဒီတာအဖွဲ့တွင် ကြည်သာဦး (မောင်မြင့်ဦး-ညောင်လေးပင်) ပါဝင်လာကာ အတွေးအမြင်ကို ဆက်လက်ထိန်းကျောင်းခဲ့ကြသည်။ နောက်ပိုင်းတွင် သီရိဝံသ၊ ကျော်ကြီး၊ ရဲမြင့်၊ ဇော်ဝင်းတို့က တစ်ဆင့်ပြီးတစ်ဆင့် ပဲ့ကိုင်လာခဲ့ကြရာ ယခုလက်ရှိ အတွေးအမြင် အုပ်နှစ်ရာမြောက်တွင် အယ်ဒီတာအဖွဲ့ဝင်များမှာ ဦးသိန်းဝင်း၊ သီရိဝံသ၊ လွတ်လပ်စိုး၊ ဦးရဲမြင့်၊ နောင်နောင်စိုး ဟူ၍ စည်စည်ကားကား ပါရှိသည်။
အတွေးအမြင်စာအုပ် စတင် ထုတ်ဝေစဉ်ကတည်းက စီစဉ်သူများ၏ ဦးတည်ချက်တွင် မိမိဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက် ဟူ၍ ပါရှိခဲ့ပါသည်။ အတွေးအမြင်စာစောင်ကို ကနဦးကတည်းကပင် အရုပ်မပါ၊ ပန်းချီ ဓာတ်ပုံတွေမပါ၊ ၀တ္ထုမပါ၊ ကဗျာမပါပဲ အခြားသော ရုပ်စုံမဂ္ဂဇင်းများ စာစောင်များကြား ၀ယ် နှစ်ကာလရှည်ကြာစွာ ရပ်တည်နေနိုင်ခဲ့ပြီး သီးသန့်စာဖတ်ပရိသတ်များအတွက် သီးသန့်စာစောင်အဖြစ် ရှင်သန်ခဲ့ပါသည်။

အတွေးအမြင်သည် တာထွက်ကောင်းခဲ့ပါသည်။ သီးသန့်စာဖတ်ပရိသတ်ကြီး၏ တစိုက်မတ်မတ် အားပေးမှုကြောင့် အရှိန်ကောင်းလာခဲ့သည်။ အတွေးအမြင် အမှတ်(၂)ကို ပုံနှိပ်နေချိန်တွင် အမှတ်(၁)မှာ လက်ကျန်မရှိအောင် ကုန်သွားခဲ့ရသည်။ နယ်များမှ အမှာစာများ ထပ်မံရောက်ရှိလာ၍ အမှတ်(၁၃) ပုံနှိပ်ပြီးသည့်နောက် အမှတ်(၁)နှင့်(၂)ကို ဒုတိယအကြိမ် ထပ်မံ၍ပုံနှိပ်ခဲ့ရပါသည်။ လုံးချင်းစာအုပ်မဟုတ်သော စာစောင်တစ်ခုကို ဒုတိယအကြိမ်ပုံနှိပ်ရခြင်းမှာ ထိုခေတ် စာနယ်ဇင်းလောက၀ယ် မရှိသလောက်ရှားသည့် ထူးခြားသော ဖြစ်ရပ်တစ်ခုပင်။ အတွေးအမြင်စာစောင် အမှတ်(၁) ထွက်ရှိပြီးနောက် တုံ့ပြန်ရိုက်ခတ်လာသော ဂယက်များကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။

ထိပ်တန်းစာရေးဆရာကြီးများနှင့် ပညာရှင်ကြီးများ၏ ဆောင်းပါးများချည်းသာ သီးသီးသန့်သန့် ဖော်ပြထားခြင်း၊ ဆောင်းပါးများမှာလည်း ပညာတတ်အ၀န်းအ၀ိုင်းကသာ စိတ်ဝင်စားမည့် လေးလေးပင်ပင် အရေးအသားများက အများစုဖြစ်နေခြင်း၊ အရောင်အသွေး အဆင်တန်ဆာ လုံးဝမပါပဲ ဆောင်းပါးခေါင်းစီးများကိုပင် ခဲစာလုံးပွိုင့်များ ကစား၍ ဖော်ပြထားခြင်း၊ စာအုပ်အရွယ်မှာ ပုံမှန်မဂ္ဂဇင်းအရွယ်မဟုတ်ပဲ ၁၀ချိုးဆိုဒ်ဖြစ်ပြီး Reader's Digest ပုံစံအတိုင်း မျက်နှာဖုံးတွင် မာတိကာတင်ထားခြင်း၊ ပန်းချီဆရာကြီး ဦးဘရင်ကလေး ၏ နွဲ့ပျောင်းသော အတွေးအမြင် စာလုံးဒီဇိုင်းကအစ ဆန်းသစ်နေခြင်း စသည့် ထူးခြားချက်များကြောင့် အတွေးအမြင်ဟူသော စာစောင်သစ်ကလေးကို ဆရာမောင်စွမ်းရည် စသည့် စာပေဝေဖန်ရေးဆရာများကပင် ချီးကျူးကြိုဆိုကာ ရေးသားကြလေသည်။

ဆရာကြီးတက်တိုး ကလည်း ယခုလို အတွေးအမြင်စာစောင်မျိုး စောင်ရေ ငါးထောင်ကျော် ထုတ်ဝေဖြန့်ချီနိုင်ပြီဆိုလျှင် မြန်မာနိုင်ငံတွင် ခေတ်ကြီး ပြောင်းလဲတော့မည်ဟု ပြောဝံ့သည် ဟူ၍ စာအုပ်ထွက်ရှိပြီး ငါးအုပ်မြောက်အချိန်က မှတ်ချက်ပြုခဲ့သည်။
အတွေးအမြင်တွင် ဆောင်းပါးချည်းသက်သက်သာ ဖော်ပြခဲ့ရာ စာဖတ်ပရိသတ်အတွက် တခုပ်တရ သိမ်းဆည်းထားရမည့် အဖိုးတန်ဆောင်းပါးများ မြောက်မြားစွာ ပါရှိခဲ့သည်။ အတွေးအမြင်၏ ရှေ့ပိုင်း စာစောင်များတွင် တစ်လလျှင် ဆောင်းပါးပုဒ်ရေ (၃၀)ခန့် ပါရှိသည်။ နောက်ပိုင်းတွင် လစဉ်ဆောင်းပါးပုဒ်ရေ (၄၀)ခန့် ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ ယခုအုပ်ရေ (၂၀၀)မြောက်ပြည့်သည်အထိ ၂၄-နှစ်တာကာလအတောအတွင်း အတွေးအမြင်ဆောင်းပါးပေါင်း ၆၀၀၀မှ ၈၀၀၀ကြား ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အတွေးအမြင်စာစောင်သည် မူလက ခဲစာလုံး မှုံတိမှုံဝါး၊ စာရွက်စာသား ခပ်ညံ့ညံ့သာ ရှိခဲ့ရာမှ ၁၉၉၃-ခုနှစ် မေလထုတ် (စာစဉ်-၉၀)မှ စတင်၍ ကွန်ပျူတာစာလုံး၊ အော့ဖ်ဆက်ဖြင့် ပြောင်းလဲပုံနှိပ်ခဲ့ပါသည်။ စာရွက်စာသားမှာလည်း ယခင်ကထက် တိုးတက်ကောင်းမွန်လာခဲ့ပြီး အနည်းငယ် ဖြူဖွေးလာခဲ့သည်။

အတွေးအမြင်၏ မူဝါဒ
ရှုထောင့်အသီးသီးမှ အတွေးအမြင်အသီးသီးကို ဖော်ထုတ်ရန်

အတွေးအမြင်၏ ရည်ရွယ်ချက်
တွေးခေါ်မျှော်မြင်ခြင်းကို အလုပ်တစ်ခုဟု ထင်မြင်၍ စဉ်းစားဥာဏ် ရင့်သန်လိုသူများအတွက်
မိမိ၏ဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက်
အလုပ်သုံးပါးအနက် မနောကံအလုပ်ဟု ဆိုအပ်သော စိတ်ကူးခြင်း၊ ဆင်ခြင်စဉ်းစားခြင်းကို အာရုံဝင်စားသူများအတွက်

အတွေးအမြင်၏ အမှတ်တံဆိပ်
အတွေးအမြင်စာစောင်၏ အမှတ်တံဆိပ်လိုဂိုအဖြစ် ကမ္ဘာကျော် ပန်းပုဆရာကြီး Rodin ၏ အတွေးရှင် The Thinker ပန်းပုရုပ်ပုံကို ရွေးချယ်ခဲ့သည်။

အတွေးအမြင်၏ စာလုံးဒီဇိုင်း
အတွေးအမြင်စာစောင်၏ မျက်နှာဖုံးခေါင်းစီး စာလုံးဒီဇိုင်းကို ပန်းချီဆရာကြီး ဦးဘရင်ကလေးက ရေးဆွဲခဲ့သည်။

အတွေးအမြင်နှင့် မှတ်တိုင်များ
အတွေးအမြင် အမှတ်(၁) စာစောင်ကို ၁၉၈၄-ခု အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၅) ငွေရတုစာစောင်ကို ၁၉၈၇-ခု ဇွန်လတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၅၀) ရွှေရတုစာစောင်ကို ၁၉၈၉-ခု ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၇၅) စိန်ရတုစာစောင်ကို ၁၉၉၂-ခု ဇန်န၀ါရီလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၁၀၀) ရာပြည့်စာစောင်ကို ၁၉၉၄-ခု မေလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၀၀)ကို ၂၀၀၈-ခု နိုဝင်ဘာလတွင် ထုတ်ဝေခဲ့

အတွေးအမြင် ရာပြည့်စကား
အတွေးချင်း အမြင်ချင်း တူတာတွေ ရှိကြမည်။ မတူတာတွေ ရှိကြမည်။ ကိုယ့်အတွေး ကိုယ့်အမြင်ကို ဖြောင့်မှန်စွာ တင်ပြခွင့် ရှိရပေမည်။ မတူတာတွေကို ညှိနှိုင်းပြီး အဖြေရှာဖို့ ကြိုးစားကြရပေမည်။ ကမ္ဘာကြီးသည် ဗဟုဝါဒခေတ်သို့ ရောက်နေပေပြီ။ အတွေးအမြင်အသီးသီးကို အပြန်အလှန် လေးစားသမှုဖြင့် ညှိနှိုင်းအဖြေထုတ်သော တိုင်းနိုင်ငံများသည် ငြိမ်းချမ်းသာယာ တိုးတက် စည်ပင်နေကြပေပြီ…. ဟူ၍လည်း အတွေးအမြင်စာစောင်၏ မာလိန်မှူးကြီး ဆရာမောင်ဝံသက အတွေးအမြင်အုပ်တစ်ရာမြောက် စာစောင်တွင် အမှတ်တရ ရေးသားခဲ့သည်။

အတွေးအမြင် အုပ်နှစ်ရာမြောက် ဥဒါန်း
စဉ်းစားဆင်ခြင်ခြင်းသည် လူ၏တန်ဘိုးတစ်ခု ဖြစ်သည်။ လူ၏အရည်အသွေးလည်း ဖြစ်သည်။ လူနှင့်တိရစ္ဆာန်အကြား အဓိက ကွာခြားချက်မှာ လူက စဉ်းစားဆင်ခြင်တတ်ခြင်းဖြစ်သည်။ သို့စဉ်လျှက် စဉ်းစားခြင်းကို အလေ့အကျင့်မလုပ်သော လူမည်ကာမတ္တများစွာ ရှိနေသေးရာ ထိုသူများအား အတွေးအမြင် အပါအ၀င် စာအုပ်စာပေများက စဉ်းစားကြပါ၊ တွေးခေါ်ကြပါ၊ ဆင်ခြင်ကြပါ ဟု အခါမလပ် နှိုးဆော်နေရပေသည်။
လူသည် မစဉ်းစားပဲနေသည့်အကျင့် ကြာမြင့်လာသောအခါ မစဉ်းစားတတ်တော့ချေ။ စဉ်းစားခြင်းသည် မိမိတို့အလုပ်မဟုတ် ဟူ၍ပင် ထင်မြင်လာတတ်ကြသည်။ အချို့ကမူ စဉ်းစားလျှင် ဦးနှောက်ခြောက်လာသည်ဟု ဆိုသည်အထိ လူ၏ အရည်အသွေးများ ပျောက်ပျက်ကုန်တော့သည်။ အတွေးအမြင်စာစောင်သည် အမှတ်(၂၀၀) ပြည့်မြောက်ခဲ့လေပြီ။ အတွေးအမြင်အနေဖြင့် ပိတ်ထားသော အသိဥာဏ်တံခါးများကို အကြိမ်(၂၀၀) ဖွင့်ခဲ့လေပြီ။

အတွေးအမြင်နှင့် ပရိသတ်
တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် ခံယူနှလုံးသွင်းလျှက် စာဖတ်ခြင်း၊ တွေးတောခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း အားဖြင့် စဉ်းစားဥာဏ် ရင့်သန်လိုသူများ၏ အစဉ်တစိုက် အားပေးချီးမြှောက်မှုကြောင့် အတွေးအမြင်သည်ကား အရှိန်အဟုန်မပျက် ခရီးဆက်လျှက် ရှိနေပေပြီ။
အတွေးအမြင် စတင်ထုတ်ဝေခဲ့ချိန်မှစ၍ စီစဉ်သူများ၏ ရည်ရွယ်ချက်မှာ တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် လုပ်သည့်အကျင့်ကို အားပေးရန်ဖြစ်သည်။ အတွေးအမြင်သည် အပျင်းပြေ၊ အပျော်ဖတ်စာပေများနှင့် အရောင်အသွေး၊ အမွမ်းအမံ၊ အခြယ်အသများကို နေရာမပေးပဲ စာကောင်းပေမွန်သန့်သန့်ချည်း ဖော်ပြသော စာစောင်အဖြစ် ရပ်တည်နိုင်သည်မှာ အတွေးအမြင်စာစောင်၏ ဦးတည်ချက်ဖြစ်သော စာကို အလေးအနက် ဖတ်၍ အတွေးနက်နက် ဖြန့်ကြက်လိုသူများအတွက် ဆိုသည့် ရည်ရွယ်ချက်ကို ထမြောက်အောင်မြင်ခြင်းပင် ဖြစ်သည်ဟု မိုးကုတ်မီဒီယာကလည်း ယုံကြည်သည်။
သို့သော်ငြားလည်း အတွေးအမြင်ကို လေးလေးစားစား တန်ဘိုးထားပြီး ဖတ်ရှုအားပေးသူများ ရှိသလို မြန်မာနိုင်ငံတွင် အတွေးအမြင်ဟူသော စာစောင် ထုတ်ဝေခဲ့သည်မှာ သက်တမ်းအားဖြင့် (၂၅)နှစ် တိုင်တော့မည် ဆိုသည့်တိုင် လုံးဝမသိ၊ ကြားတောင် မကြားဖူးဘူး ဆိုသူတွေများကလည်း ဒုနှင့်ဒေးပင်။
အတွေးအမြင်ဟူသော လှေကြီးသည်ကား အတွေးအခေါ်အယူအဆများစွာကို တင်ဆောင်လျှက် လှိုင်းလုံးကြီးများကြားဝယ် မလွန့်မလူး၊ မနစ်မမြုပ် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ရွက်လွှင့်နေဆဲ…

အတွေးအမြင်အတွက် မုဒိတာစကား
အတွေးအမြင်သည်ကား အုပ်(၂၀၀)မြောက်ခဲ့လေပြီ။ အတွေးအမြင်၏ တံခါးမှူးကြီးများက အသိဥာဏ်တံခါး အကြိမ်(၂၀၀) ဖွင့်နိုင်ခဲ့ပြီ။ သက်တမ်းအားဖြင့်ဆိုလျှင် နှစ်ပေါင်း (၂၅)နှစ်နီးပါး တိုင်ခဲ့ပေပြီ။ အတွေးအမြင်၏ ဖွားဖက်တော် ကလေးငယ်တစ်ယောက်သည်ပင်လျှင် ယခုအချိန်တွင် သမ္မတ လုပ်နိုင်လောက်သည့် အရွယ်ပင် ရောက်နေရော့ပြီ။ ယခုလို ထူးခြားသော အခါသမယ၀ယ် အတွေးအမြင်ကို ရှင်သန်အောင် ပြုစုပျိုးထောင်ခဲ့ကြသည့် ဥယျာဉ်မှူးကြီးများ၊ အတွေးအမြင်ကို လှိုင်းထန်လေဒဏ် အကြား မလွန့်မလူး မနစ်မမြှုပ်ရလေအောင် ပဲ့ကိုင်မောင်းနှင်ခဲ့ကြသော မာလိန်မှူးကြီးများ၊ အတွေးအမြင်၏ မူဝါဒများ၊ ရည်ရွယ်ချက်များကို မတိမ်းမစောင်း မယိမ်းမယိုင်ရလေအောင် တည်ဆောက်ခဲ့ကြသော ဗိသုကာကြီးများအား မိုးကုတ်မြို့မှနေ၍ သဟာယစာပေဆုကို ဂုဏ်ယူအပ်နှင်း ချီးမြှင့်ခြင်းခံရသည် ဖြစ်သည့်အတွက် မိုးကုတ်မီဒီယာကလည်း ဤနေရာမှနေ၍ မုဒိတာစကားကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မြွက်ကြား ဖော်ပြအပ်လေသတည်း။


S.T.A

သီတင်းကျွတ်မြင်ကွင်း

အချိန်ကား နေရောင်ပျောက်၍ အမှောင်ထုပင် တစ်စတစ်စ ကြီးစိုးလျှက် ရှိနေပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာကား ယမ်းငွေ့များ၊ မီးခိုးလုံးများဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။ ထိုစဉ် အသက်အရွယ်အားဖြင့် မကြီးလှသော လူလတ်ပိုင်း လူရွယ်တစ်ဦးသည် လူမမယ်လေးနှစ်ဦး၏ လက်ကိုဆွဲရင်း ပေါက်ကွဲသံများအကြား ဖြတ်သန်းကာ အဝေးတနေရာဆီသို့ ဦးတည်လျှက်ရှိသည်။ လူမမယ်အရွယ်ကလေး၏ မျက်နှာတွင် စိုးရွံ့ကြောက်လန့်ဟန် အတိုင်းသား ပေါ်နေပြီး ဖခင်ဟု ထင်ရသော လူရွယ်၏ လက်ကို တစ်ဖက်တစ်ချက်ဆီမှ တင်းတင်းဆုပ်ကာ လိုက်ပါလာကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်တစ်ချက် ကြားရတိုင်း ဖခင်အနီးသို့ အားကိုးတကြီး တိုးကပ်လာကြသည်။ ယမ်းငွေ့များကြား သတိကြီးစွာထားလျှက် ရှေ့သို့ တစ်လှမ်းချင်း လှမ်းကာ တရွေ့ရွေ့ ခရီးနှင်လျှက်ရှိသည်။
ဤကား ကလေးနှစ်ယောက် ပူဆာလွန်းသဖြင့် ဖခင်ဖြစ်သူက လိုက်ပို့သော သီတင်းကျွတ်မီးထွန်းပွဲတော် မြင်ကွင်းပင်တည်း။

ယခုနှစ် သီတင်းကျွတ်အခါသမယသည် မိုးလေမကင်းလွှတ်ပဲ မိုးတဖွဲဖွဲ ကျပါသည်။ လမ်းမများတွင်ကား မိုးရေတစက်စက်၊ ဗွက်တဗြက်ဗြက် ဖြစ်နေလေသည်။ ယခုနှစ်တွင် မိုးကုတ်သီတင်းကျွတ်သည် သိပ္ပံခေတ်သို့ ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်နှင့်အညီ ရှေးကနှင့်မတူပဲ လျှပ်စစ်မီးများဖြင့် ထိန်ညီးအောင် အလှဆင်ကြပါသည်။ သို့သော် လျှပ်စစ်မီးမလာသော ရပ်ကွက်များတွင်ကား မှောင်နှင့်မည်းမည်း အခက်ကြုံရလေသည်။ ဖယောင်းတိုင်ထွန်းရအောင်မူကား ခေတ်ကာလကုန်ဈေးနှုံးအရ မတတ်နိုင်။ မီးစက်ခုတ်ရအောင်မူကား တွက်ခြေမကိုက် ဖြစ်ကြရလေသည်။ အရေးထဲအရာပေါ်ဆိုသလို လေကလည်း တဖြူးဖြူး ဖြစ်နေ၍ အခက်တွေ့ကြရလေသည်။

လူငယ်လူရွယ် မြီးကောင်ပေါက်များမှာကား အ၀တ်အစားအသစ်ဝတ်၍ ဟန်ရေးပြစရာ နေရာကမရှိ။ ချစ်သူရည်းစားရှိသူတို့ အဖို့ကား စတိတ်ရှိုးကြည့်ရန် အကြောင်းပြပြီး အိမ်ကထွက်ရန်ကလည်း ဆင်ခြေမပေးနိုင်၍ ယောင်ချာချာ ဖြစ်ကြရလေသည်။
ကလေးများအဖို့မူကား သွားစရာ လည်စရာ နေရာကမရှိ၊ ကြည့်စရာပွဲကလည်း မရှိ ဖြစ်ရကား အဘိုးအဘွားများကို ကန်တော့၍ ရရှိလာသော မုန့်ဘိုးအကုန်လုံးကို မီးရှူးမီးပန်းများ ၀ယ်၍ အသားကုန် လွှတ်ကြသည်။ ဗြောက်များ လိမ့်ဖောက်ကြသည်။ အသံမြည်လျှင် မျောက်အုပ်အော်သကဲ့သို. ၀ိုင်းအော်ကြသည်။ ဤကား ကလေးငယ်များ၏ ပျော်ရွှင်နည်းတည်း။
သို့သော်ငြားလည်း ကလေးများ၏ အပူဆာခံရသော မိဘများမှာမူကား လက်တွင် ထီးကို ကိုင်ဆွဲလျှက် ကလေးငယ်များကို ကျောပိုးတန်ပိုးပြီးသကာလ ဦးတည်ရာမဲ့ လမ်းသလားလျှက် ရှိနေကြသည်ကိုလည်း အတိုင်းသားမြင်ခဲ့ရသည်။ ယခုနှစ် မိုးကုတ်သီတင်းကျွတ်မီးထွန်းပွဲတော်သည်ကား သံသယဖြစ်ဖွယ် မလိုအောင် ပျင်းခြောက်ခြောက်ကြီး ဖြစ်လေ၏။

You received this email because you are subscribed to the real_time feed for http://mogokmedia.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.