Wednesday, December 10, 2008

[သက်ဦး] 1 New Entry: သပိတ်နှင့် စစ်ဗိုလ်

သပိတ်နှင့် စစ်ဗိုလ်

၈၈ အရေးအခင်းတုံးက သထုံမြို့မှာ သပိတ်မှောက်နေကြတုံး ကျနော်တို့ သပိတ်စခန်းကို စစ်ဗိုလ် တယောက် ရောက်လာခဲ့ဘူးတယ်။ ဖြစ်ပုံက ဒီလိုပါ။ ကျနော်တို့ သပိတ်စမှောက်တော့ ၀ိဇ္ဇာဘာဂီ ဘုန်းကြီးကျောင်းမှာ စခန်းချတဲ့ ကျောင်းသားသမဂ္ဂ သပိတ်စခန်းနဲ့ ပူးပေါင်းပါတယ်။ အဲဒီ အချိန်မှာ ကျောင်းသားသမဂ္ဂ ဆိုတာ အလွန်အလုပ်ရှုပ်တဲ့နေရာ ဖြစ်နေတယ်လေ။ အဲဒီတော့ ကျနော်တို့ အလုပ်သမားတွေက မနီးမဝေးက "နန်းတော်ရာ" ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ သပိတ်စခန်း ဖွင့်ကြ တယ်။ သပိတ်ကို စခန်းတာဝန်ခံ ကော်မတီငါးဦးက အုပ်ချုပ်ပါတယ်။ ခေါင်းဆောင် ငါးဦး (ဒါမှမဟုတ်) ငါးဦး ကော်မတီ ဆိုပါတော့။ သပိတ်စခန်းမှာ အမြဲနေ ၀န်ထမ်းအင်အားက တရာကျော် ရှိပြီး ဆန္ဒပြတဲ့နေ့ကျမှ ကျနော်တို့နဲ့ လာပူးပေါင်းပြီး ကိုယ့်အိမ်မှာပဲ ကိုယ်နေတဲ့ ၀န်ထမ်းတွေလည်း ရှိသေးတယ်။
သပိတ်တာဝန်ခံ ငါးဦးက ထိန်ဝင်း (ယခု ပြည်ပတွင် အလုပ်လုပ်နေသူ)၊ ဇော်ဝင်း (မြန်မာပြည်တွင်း တနေရာ)၊ ၀င်းမြင့်စိုး (ယခု- ကနေဒါ)၊ ထွန်းသိန်း (ယခု-ယူအက်စ်အေ) နဲ့ ယခုစာရေးသူ ကျနော် တို့ပါပဲ။ သပိတ် အရှိန်ရလာတော့ ကျနော်တို့ တာယာစက်ရုံသမဂ္ဂကပဲ ဦးဆောင်ပြီး မြို့နယ် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးတွေ လုပ်ကြတယ်။ မြို့ပေါ်က တခြားဝန်ထမ်းတွေကို လိုက်စုစည်းတဲ့အလုပ်ကို ကျနော်နဲ့ ထွန်းသိန်း တို့က လုပ်နေတော့ သပိတ်စခန်းကို သိပ်ဂရုမစိုက်နိုင်ဘူးဆိုပြီး နောက်ထပ် ခေါင်းဆောင် ၂ ဦး ကို ထပ်ရွေးဖြစ်တယ်။ အဲဒါ ကြည်ဌေး (ယခု - ယူအက်စ်အေ ဖို့ဝိန်း) နဲ့ ကိုကြည်ခင် (ဘယ်ရောက်နေမှန်း မသိ) တို့ပါပဲ။
သပိတ်မှောက်နေတုံးတရက် မနက်ပိုင်း ကျနော်တို့ လဘက်ရည်ဆိုင် ထိုင်နေတုံး သပိတ်စခန်းကို စစ်တပ်က ဗိုလ်ကြီးတယောက်ရောက်နေတယ် ဆိုတဲ့ သတင်းစကား ရောက်လာတယ်။ ဒီနေရာမှာ စကားဖြတ်ပြောချင်တာတခုက … လဘက်ရည်ဆိုင်ထိုင်တဲ့ ကိစ္စပါ။ သပိတ်မှောက်နေတုံးရော.. သပိတ် မဖြစ်ခင်ကပါ လဘက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှု ကျနော်တို့မှာ စီးဝင်နေပါပြီ။ စစ်တပ် အာဏာသိမ်းလို့ တောထဲပြေးကြတဲ့အထိတောင် ကေအင်ယူရဲ့ မဲတရေ စခန်းက မရှိမဲ့ရှိမဲ့ လဘက်ရည်ဆိုင်လေးမှာ ကျောင်းသားတွေ တရုံးရုံးနဲ့ပေါ့။ မြန်မာပြည်မှာက ကိုယ့်အိမ် ဧည့်သည်လာရင်တောင် လဘက်ရည်ဆိုင်မှာပဲ ဧည့်ခံကြသလို… မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံး သမိုင်းဝင် အဖြစ်အပျက်ဟာလည်း လဘက်ရည်ဆိုင်က စခဲ့တယ်လေ။ ကျနော်တို့ ငယ်ငယ်က ကိုယ့်အိမ်မှာပဲ ကော်ဖီဖျော်သောက်ပြီး ဧည့်သည်လာရင် လည်း အိမ်မှာပဲ ဖျော်တိုက်ကြပေမယ့် ကျနော်တို့ အရွယ်ရလာတော့ ခေတ်ရဲ့ ကျပ်တည်းမှုကြောင့် နို့ဆီ၊ သကြားဆိုတာ ဇိမ်ခံပစ္စည်း ဖြစ်သွားခဲ့ရပါတယ်။ လဘက်ရည်တခွက်မှာမယ်၊ ရေနွေးကြမ်း တအိုးချခိုင်းမယ်၊ မုန့်တွေဘာတွေလည်း သိပ်မစားဖြစ်ကြဘူး၊ မုန့်စားရင် လဘက်ရည်အရသာ ပျက်တယ်၊ သူငယ်ချင်းတွေနဲ့ လေကန်မယ်၊ ချဲတွက်မယ်။ အဖော်တွေမရှိလဲ လဘက်ရည်ဆိုင်မှာ မဂ္ဂဇင်းတအုပ် ၀တ္ထုတပုဒ်နဲ့ အချိန်ဖြုန်းခဲ့တဲ့ ကာလတွေလည်း အများကြီးရှိခဲ့ဘူးပါတယ်။
စစ်ဗိုလ်ဇာတ်လမ်း ပြန်ဆက်ရရင်… အဲဒီ ဗိုလ်ကြီး က သထုံမှာရှိတဲ့ ထောက်ပို့ တပ်ကပါ။ သူ့ တာဝန်က ကရင်ပြည်နယ်မှာ ရှိတဲ့စစ်တပ်တွေကို ရိက္ခာပို့ပေးရမယ်။ သူ့တပ်မှာရှိတဲ့ စစ်ကားစီးရေ နဲ့ မလုံလောက်ရင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး (အာတီစီ) က တီအီးကားတွေ ငှားသုံးနေကျပဲ။ ဒါပေမယ့် လောလောဆယ် အစိုးရကို သပိတ်တိုက်ပွဲဝင်နေတဲ့အထဲမှာ အာတီစီက ကားသမားတွေ လည်း ပါနေတယ်လေ။ အဲဒီတော့ ကားသမားတွေကလည်း မမောင်းနိုင်ဘူးတဲ့။ ယာဉ်မောင်းမပါပဲ ကားတွေ ပေးလိုက်ဖို့ကိုလည်း အာတီစီ စခန်းတာဝန်ခံက သဘောမတူပြန်ဘူး။ နောက်ဆုံးတော့ ကြံရာမရအဆုံး ဗိုလ်ကြီးဟာ အာတီစီက အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ် ၂ ဦးနဲ့အတူ ကျနော်တို့ သပိတ်စခန်းကို ရောက်လာတော့တာပါပဲ။ ကျနော်တို့လည်း သပိတ်စခန်းကို စစ်ဗိုလ်ရောက်လာတယ်ဆိုတော့ ဘာလုပ်ရမှန်း မသိဖြစ်ကုန်တယ်။
ဗိုလ်ကြီးကတော့ ဘုန်းကြီးကျောင်းထဲအထိ ၀င်မလာပါဘူး။ အလုပ်သမားကိုယ်စားလှယ် ၂ ယောက်က အကျိုးအကြောင်းပြောပြတာ ကျနော်တို့ နားထောင်ပြီး စစ်လက်နက် ပစ္စည်း မဟုတ်ပဲ စားနပ်ရိက္ခာတွေပဲ ဆိုရင် ခွင့်ပြုတယ်ဆိုတဲ့ စာကို သပိတ်စခန်းက ထုတ်ပေးလိုက်ပါတယ်။ စစ်အာဏာလည်း သိမ်းရော ဗိုလ်ကြီးက ဘာဖြစ်လဲတော့ မသိ၊ ကျနော်တို့ သပိတ်အဖွဲ့တွေတော့ တောထဲကို ထွက်ပြေးခဲ့ရပါလေရော… တောထဲကို မသွားခင် သထုံမြို့ကို ထိန်းဖို့ ၀င်လာတဲ့ တပ်က တပ်ရင်းမှူး ဗိုလ်မှူးမြင့်အေးက ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျနော်တို့ကို အလက (၁) ဘီစီ ကျောင်းမှာ ခေါ်တွေ့ပြီး တောမခိုသင့်တဲ့အကြောင်း ရှင်းပြပါသေးတယ်… ဒါပေမယ့် ကျနော်တို့က ရှေ့ဆက်ရမယ့် ခရီးအတွက် စီစဉ်နေကြပါပြီ။ အဲဒီ အကြောင်းတွေကိုတော့ ကြုံရင် ပြောပြပါအုံးမယ်။ ။

You received this email because you are subscribed to the real_time feed for http://thetoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.