Wednesday, December 10, 2008

[:: My Little World ::] 1 New Entry: အခန်းရှင်းခြင်း

အခန်းရှင်းခြင်း

ညက သန်းခေါင်ကျော် အိပ်မပျော်တာနဲ့  မရှင်းတာ ကြာပြီဖြစ်တဲ့ အခန်းကို ရှင်းတယ်။ ဘယ်အိပ်မလဲ တစ်နေကုန် အိပ်ထားတာကို။ ဒီအားလပ်ရက်သုံးရက်မှာ တနင်္ဂနွေညနေပိုင်း အပြင်ခဏထွက်တာ ကလွဲရင် အိမ်မှာနေပြီး အိပ်တယ်။

အခန်းထဲမှာ အဓိက ရှုပ်ပွနေတာက စာအုပ်တွေ၊ စာရွက်တွေ၊ ကွန်ပြူတာ ပစ္စည်းတွေနဲ့  အ၀တ်စင်ပေါ်က အ၀တ်တွေ။ အရုပ်တွေ Pooh ရုပ်တစ်ရုပ်ကလွဲရင် ကျန်တာတွေ အထုတ်နဲ့ ထည့်သိမ်းထားလို့ ၊ မဟုတ်ရင် အရုပ်တွေနဲ့ တင် အခန်းမှာ အတော်ရှုပ်နေ လောက်တယ်။ စရှင်းတဲ့အခါ အ၀တ်တွေက စရှင်းတယ်။ ဖုန်းတွေ ပေကုန်မှာစိုးလို့ ။ အ၀တ်တွေကို လျှော်ပြီးသားတွေဆိုတော့ ချိတ်နဲ့ ချိတ်ပြီး ဗီဒိုထဲ ထည့်လိုက်တယ်။ မီးပူတော့ နောက်မှ တိုက်တော့မယ်။ ပထမဆုံး အခန်းထဲမှာ ရှင်းသွားဖို့ က အရေးကြီးတယ်။ ဗီဒိုထဲက နောက်နေ့ မှ ထပ်ရှင်းမယ်။ အ၀တ်တွေပြီးတော့ ကွန်ပြူတာ ပစ္စည်းတွေရှင်းတယ်။ ဖြုတ်လို့ ရမမျှ အကုန်ဖြုတ်ပြီး ဖွင့်ထားတဲ့ ကွန်ပြူတာပုံးကြီးကို နည်းနည်း ပြန်တပ်လိုက်တယ်။ ပြီးတော့ ကျန်တဲ့ ပစ္စည်းတွေကို အိတ်တစ်အိတ်ထဲ စုပြီးထည့်လိုက်တယ်။ ကွန်ပြူတာကို ဆက်ပြီး ကလိမယ် စိတ်ကူးထားတော့ ရှိသမျှ ပစ္စည်းတွေ အကုန်သိမ်းလိုက်လို့  မဖြစ်ဘူးလေ။

ပြီးတော့ စာအုပ်တွေရှင်းတယ်။ ဖတ်မယ့် စာအုပ်တွေကလွဲရင် တခြားစာအုပ်တွေ အားလုံးကို နေရာတကျ ပြန်ထားလိုက်တယ်။ စာအုပ်တွေ ရှင်းတာ မြန်ပါတယ်။ ကြာတာက စာရွက်စာတမ်းတွေ ရှင်းတာ။ စာရွက်တွေ မရှင်းခင် သိမ်းထားတဲ့ ဖိုင်တွဲတွေ အရင်ထုတ်တယ်။ ပြီးတော့မှ အပြင်မှာ ဒီအတိုင်းရှိနေတဲ့ စာအိတ်တွေ အားလုံးကို ပြန်စစ်တယ်၊ မလိုတာတွေကို ပစ်၊ လိုတာတွေကို စနစ်တကျဖြစ်အောင် သိမ်းရတယ်။ ဖုန်း နဲ့  ခရစ်တစ်ကတ် Bill တွေ အားလုံးကို သူ့ နဲ့  သက်ဆိုင်တဲ့ ဖိုင်တွဲတွေထဲမှာ လအလိုက်စီပြီး ပြန်ထည့်သလို၊ တခြား စာရွက်စာတမ်းတွေ ကိုလည်း သက်ဆိုင်ရာဖိုင်တွဲထဲမှာ အစီအစဉ်တကျ ထည့်သိမ်းတယ်။ အဲဒါမှ လိုတဲ့အခါ ပြန်ရှာလို့ လွယ်မှာ။ ဖတ်ဖို့ ဆိုပြီး ပရင့်ထုတ်ထားတာတွေကလည်း ဟိုတစ်စ ဒီတစနဲ့  အတော်များတယ်။ မလိုတော့ဘူး ထင်တာအားလုံး ပစ်ပြီး ဖတ်ဖို့ လိုတာတွေ တကယ်ဖတ်ဖြစ်အောင် အိပ်ရာဘေးက ခုံပုလေးပေါ် စီပြီးတင်လိုက်တယ်။ အားလုံးလည်းရှင်းပြီးရော ပစ်စရာ စာအိတ်ခွံ တွေနဲ့  စာရွက်တွေကတင် ကျွတ်ကျွတ်အိတ် ၂ လုံး စာလောက်ရတယ်။ အမှိုက်ထုတ်ကို သွားပစ်ပြီး၊ ခုနက ထုတ်ထားတဲ့ ဖိုင်တွဲတွေအားလုံး သူ့ နေရာသူ ပြန်ထားလိုက်တဲ့အခါမှာ အခန်းက အတော်လေးရှင်း သွားတယ်။

ကျွန်မက အခန်းရှင်းတာတွေဘာတွေ လုပ်ဖို့  ၀ါသနာက မပါ။ (အိမ်ကတော့ ပြောတယ် အဲဒါ ၀ါသနာ မပါတာ မဟုတ်ဘူး၊ အပျင်းထူတာတဲ့) စိတ်ကူးပေါက်မှသာ ထရှင်းတာ။ ကိုယ့်ဘာသာရှုပ်ထားလို့ ၊ သူများ လာရှင်းပေးမယ်ဆိုလည်း မကြိုက်ဘူး။ ကိုယ့်ပစ္စည်း သူများကိုင်တာကိုလည်း မကြိုက်ဘူး။ ကိုယ့်အခန်း သူများဝင်တာလဲ မကြိုက်ဘူး။ အိမ်မှာထဲက အိမ်ကကောင်မလေးတွေကို ဘယ်တော့မှ ကျွန်မအခန်းကို ၀င်မရှင်း ခိုင်းဘူး။ ကြမ်းတိုက်၊ တံမြက်စည်းလှည်းမယ်ဆို အခန်းထဲမှာရှိနေတဲ့ ပစ္စည်းတွေကို မူလနေရာမပျက် ပြန်ထားခိုင်းတယ်။ အထူးသဖြင့် စာအုပ်တွေ ထားတဲ့နေရာမရှိပဲ နေရာလွဲနေရင် စိတ်တိုလာရော။ အမေကတော့ ၀င်ရှင်းပေးတာ၊ သိမ်းပေးတာ လုပ်ပေးတယ်။ မောင်နှမတွေထဲမှာ အစ်ကိုနဲ့  မောင်လေးက သူတို့ အခန်းကို သန့် ရှင်းနေအောင် ထားသလောက် ကျွန်မ နဲ့  ညီမလေးက ရှုပ်နေလည်း မရှင်းပဲနေတတ်တယ်။ ညီမလေးထက်စာရင်တောင် ကျွန်မက ပိုဆိုးမယ် ထင်တယ်။ ပစ္စည်းတွေ ရှုပ်ပွနေအောင်သာ ထားတာပါ၊ ညစ်ပတ်နေရင်တော့ ကျွန်မ လည်း မနေတတ်ပါဘူး။ ဒါတွေ ရေးရင်း အိမ်ကို သတိရသွားတယ်။

အခုနေတဲ့ အခန်းက အရင်နေခဲ့တဲ့အခန်းတွေ ထက်စာရင် ပိုကျဉ်းတယ်။ အရင်က အခန်းတွေဆို မရှင်းပဲနေတဲ့ အချိန်တောင်မှ အခန်းထဲ ခြေချစရာ နေရာကျယ်ကျယ် ရှိသေးတယ်။ အခု တစ်ခါတစ်ခါ ရှုပ်လိုက်ပြီဆို လူတောင်နေစရာ မရှိဘူး။ အခန်းက အဲယားကွန်းမပါတော့ ပူတယ်။ ထောင့်ခန်း မဟုတ်တော့ ပြူတင်းပေါက်ဖွင့်လို့  အဆင်မပြေဘူး။ ပြူတင်းပေါက်ကို ဖွင့်၊ လိုက်ကာတင်ပြီး၊ အခန်းတံခါးမကိုပါ ဖွင့်ထားမယ်ဆို လေနည်းနည်းရမယ် ထင်တယ်။ ကျွန်မကလည်း ကိုယ်နေတဲ့ အခန်းထဲဝင်တဲ့ တံခါးကို ဘယ်တော့မှ ဖွင့်မထား တတ်ဘူး။ အကျင့်တစ်ခု ဖြစ်နေတယ်။ ပူတော့ မီးပူတိုက်လို့  အဆင်မပြေဘူး။ ကြိုးစားကြည့်တယ်။ မီးပူတိုက်နေတုန်းနဲ့  မီးပူတိုက်ပြီး ပူတာကို လုံးဝ မခံနိုင်ဘူး။ အ၀တ်တွေလျှော်ပြီး ခြောက်သွားပြီဆို ဒီအတိုင်းလည်း ဗီဒိုထဲ မထည့်ချင်၊ မီးပူတိုက်ရမှာလည်း လန့် နဲ့  အခန်းထဲမှာ ရှုပ်နေရော။ ပူတော့ တော်ရုံတန်ရုံ အခန်းထဲမှာ လှုပ်လှုပ်ရှားရှားလည်း မလုပ်ချင်ဘူး။ ဟင်း.. အိမ်ကို ဖုန်းဆက်ရင် အမေက မေးတတ်တယ်။ ရှုပ်တုန်းပဲလားတဲ့။ ရှုပ်တုန်းပဲဆို အဖေက အိမ်ထောင်ကျရင် ယောက်ျား ရိုက်မယ်တဲ့။ ရိုက်မှာမဟုတ်ဘူး မလွန်ဆုံး ဆူယုံလောက်ရှိမှာ လို့ ပြန်ပြောလိုက်တယ်။ တကယ်ဆို ဟိုတစ်ယောက်က ဒီလိုကိစ္စတွေကို ဆူမှာ မဟုတ်ဘူးဆိုတာ အသေအချာ ပြောပြီသား။ စာမဖတ်ဘဲ အပျင်းထူနေမှသာ ဆူမှာ။ ပြောသာပြောတာ ခုတလော ဘာစာမှလည်း မဖတ်ဖြစ်ပါဘူး။

ရှုပ်တဲ့အကြောင်းတွေပြောပြီး၊ ရှင်းတဲ့အကြောင်းတွေလည်း ပြောအုံးမှ။ အဲဒီလိုတွေ ရှုပ်ထား တတ်ပေမယ့်၊ ရှင်းရင်လည်း အတော်လေး မြန်ပါတယ်။ ညက အခန်းရှင်းတာ ပစ္စည်းတွေ သိမ်းတာ၊ အ၀တ် ၄-၅ ထည်ကို လက်နဲ့ လျှော်၊ ရေချိုးတာ အားလုံးမှ ၁နာရီခွဲ လောက်ပဲ ကြာတယ်။ ဘာလုပ်လုပ် လျှပ်စီးလျှပ်နေသလိုပဲ။ အခန်းက ၆၀% လောက် ရှင်းသွားတယ်။ ပစ္စည်းတွေ၊ စာအုပ်ထုတ်တွေ နည်းနည်းရွှေ့ ဖို့ ရှိတယ်။ ညက သူများတွေ အိပ်ချိန်ဆိုတော့ အသံတွေ အရမ်းမြည်မှာစိုးလို့  မရွှေ့ လိုက်ရဘူး။ နောက်ရက်တွေ ညနေပိုင်း အလုပ်ပြန်ချိန်တွေမှာ နည်းနည်းစီ ထပ်ရှင်းမယ်စိတ်ကူးတယ်။ ဗီရိုထဲက အ၀တ်တွေလည်း အားလုံးကို မီးပူတိုက်ဖို့  ကြိုးစားကြည့် အုံးမယ်။ ရာသီဥတု ပူရင်တော့ မလုပ်နိုင်ဘူး။ ခုရက်ပိုင်း ရာသီဥတု အေးပါစေ ဆုတောင်းနေတယ်။ မဟုတ်ရင် နည်းနည်းရှင်းနေတဲ့ အခန်း၊ လုံးဝ ရှင်းလင်းတဲ့ အဆင့်မရောက်ပဲ ပြန်ရှုပ်သွားလိမ့်မယ်။


Photo Source : www.professionalorganizerorangecounty.com

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.