Wednesday, December 10, 2008

[DeGoLar] 1 New Entry: ♠ A Shan-ny Post

♠ A Shan-ny Post

၁၊ ဒီနေ့မိုးရွာတယ်၊ ဖွဲဖွဲပါ (ဒါပေမဲ့ တနေ့လုံး)။

ဒီမိုးကြောင့်သာ မဟုတ်ရင် အခုဒီပို့စ်က ဟင်ဒါဆင်တံတားအကြောင်း ဖြစ်လိမ့်မယ်၊ ဒါမှမဟုတ် လည်ပတ်စရာ တစ်ခုခုအကြောင်း ပုံနှင့်တကွ ဖြေဆိုတဲ့ပို့စ် ဖြစ်လိမ့်မယ်၊ အခုတော့...

၂၊ ခေါက်ဆင့်ခို aka မုန့်တီကြော် စားတယ်၊ နဲနဲပါ (ဒါပေမဲ့ ၄ ပန်းကန်)။

မစားခင် ဘွိုက်ဇ်ဆီက ဖုန်းဝင်လာတယ်၊ ပူးကောင်အိမ်မှာ စားကောင်းသောက်ဖွယ်တွေ ချက်ထားလို့ စားဖော်လာညှိတာ၊ သူတစ်ယောက်တည်း သွားရမှာ ရှက်လို့ထင်ရဲ့။ သို့သော်လည်း ကိုယ်က ဟိုးအဝေးတနေရာကို ရောက်လို့နေပြီလေ။ နာတာပဲပေါ့။

၃၊ အခန်း 15% ရှင်းတယ်၊ စားပွဲလောက်ပဲရှင်းသွားတာလေ၊ ညှင်းညှင်း။

LCD panel တွေ ညီညီညာညာ တန်းစီနေတယ်၊ အငယ်ကောင်က ကိုယ့်နဲ့အကပ်ဆုံး၊ အကြီးကောင်က စိတ်ကောင်းဝင်နေတုန်း လင်းပြနေတာ၊ အလတ်ကောင်ကိုတော့ ခုလေးတင်မှ ထုတ်လာတာ၊ ထိုင်ဝမ်ကို ခွဲခွာခါနီး ကျောင်းနေဖက် အတန်းဖော်တွေ စုပေါင်းပေးတဲ့ အမှတ်တရ လက်ဆောင်ထဲကတစ်ခု။ ပုံတွေ ပြောင်းပြောင်း သွားတတ်တဲ့ အီလက်ထရောနစ် ဓာတ်ပုံအယ်ဘမ်ပါ၊ ပစ္စည်းဟောင်းတွေ ပြန်ဖွတော့ ထွက်လာတာ၊ ပါဝါကြိုး တပ်ထားမှ ဖွင့်လို့ရတော့ အမြဲလိုလို ကြိုးတွေနဲ့ ရှုပ်ပွနေတဲ့ စားပွဲခုံပေါ် သိပ်မထားဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ကြိုးတွေကို အကျအန ရှင်းလိုက်ပြီး သူ့ကိုပါ တင်ထားလိုက်တယ်။ အဲဒါကို လက်ဆောင်ပေးတဲ့အခါ အထဲမှာ သတိရစရာ ပုံတွေကို အတန်းဖော်တွေက ထည့်ထားပြီးသား၊ အဲဒီ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ပုံတွေကို ပြန်ကြည့်ရင်း လူက ထိုင်ဝမ် ပြန်ရောက်သွားတယ်။

အင်း၊ ဒီနေ့၊ မိုးရွာတဲ့နေ့ပဲ။

Bonus :

(က)
ခေါက်ဆင့် (ကျိုင်းတုံရှမ်းခေါက်ဆွဲ) + ပဲပုတ်ချက် ဆိုတဲ့ပို့စ်ကို ကိုအန်ဒီ ဘလော့ဂ်မှာ တွေ့တွေ့ချင်းပဲ တိုက်ဆိုင်တယ်လို့ ထင်ခဲ့တယ်၊ ကျနော့်ကိုလည်း ဒီနေ့ (ရက်ကူးသွားပြီဆိုတော့ တကယ်တမ်းပြောရင် မနေ့ကပေါ့) ခေါက်ဆင့်သွားစားဖို့ အစ်မက မှာထားတယ်လေ။ သို့သော် ခေါက်ဆင့်ခို ဆိုတဲ့အတိုင်း ခို ထားတာပါ၊ ရှမ်းလို ကြော်တာကို ခို လို့ပြောတယ်။ ခေါက်ဆင့်ကတော့ မုန့်တီနဲ့ဆင်တဲ့ ခေါက်ဆွဲအလုံး။ လုပ်နည်းကို အတိအကျမသိဘူး (စားနည်းကိုတော့ ကောင်းကောင်းသိဒယ်)၊ သိသလောက်ကတော့ ခေါင်ဆင့်ကို နနွင်းနဲ့နယ်ပြီး ကြော်တယ်၊ ပြီးရင် ပဲပုတ်ရည်နဲ့ သုပ်လိုက်တယ်၊ နောက်ဆုံး မြေပဲမှုန့်၊ ငရုတ်သီးမှုန့် စတာတွေနဲ့ နယ်ပြီး ဆလပ်ရွတ်ဖြူး စားပါတယ်။ ကျိုင်းတုံရဲ့ typical မနက်စာပါပဲ။

(ခ)
ခို ဆိုလို့ နောက်ကိစ္စတစ်ခုကို သတိသွားရတယ်။ ကျနော်ငယ်ငယ်က ကျိုင်းတုံမှာ ခေတ်အရမ်းစားတဲ့ ၃၆ ကောင်လို့ခေါ်တဲ့ လောင်းကစားကိုပါ။ ကျနော် စိတ်ဝင်စားပြီး သွားကြည့်ခဲ့တဲ့အခေါက်မှာ ခို (အဟမ်း၊ ငြိမ်းချမ်းရေးကို ကိုယ်စားပြုသောခို၊ ဤနေရာတွင် ခေါင်ဆင့်ခိုကို မေ့လိုက်ပါလေ) ဖွင့်တယ်၊ ခိုထိုးတဲ့လူ အလျော်ရပြီး ကျန်တဲ့ ၃၅ ကောင် ထိုးတဲ့လူက အရှုံးပေါ့။ ၃၆ ကောင်က မဖွင့်ခင် ဒိုင်ကနေ အတိတ်စိမ်း ပေးရတယ်၊ အဲဒီအပတ်ရဲ့ အတိတ်စိမ်းက "လေယာဉ်ပျံကွင်း" တဲ့ခင်မျ။ ဖွင့်လည်းဖွင့်ရော လူတွေက ကွိစိကွစိနဲ့ ခေါင်းချင်းရိုက်နေတာပေါ့၊ လေယာဉ်ပျံနဲ့ ခိုနဲ့ ဘာများ ပတ်သက်သလဲဆိုပြီး။ နောက်တော့မှ အဘိုးကြီး တစ်ယောက်က ရှင်းပြတယ် (သူကဒိုင်လား မသိပါဘူး)၊ ကျိုင်းတုံလေဆိပ်ကို သွားတဲ့လမ်းမှာ တံတား ခပ်သေးသေး တစ်စင်း ရှိတယ်၊ အဲဒါကို လေယာဉ်ပျံကွင်းတံတားလို့ပဲ ခေါ်ကြတယ်၊ တံတားကို ရှမ်းလို ခို လို့ပဲ ခေါ်သဗျ၊ အဲဒါကြောင့် အဲဒီအပတ် ခို ပေါက်ပါတယ်တဲ့၊ ဘယ်လောက်ဆန်းကြယ်သလဲ။ တချို့က ပြန်ချေပသလိုနဲ့ ထောက်ခံတယ်၊ ဟာ၊ လေယာဉ်ပျံကွင်းမှာ လေယာဉ်ပျံတွေ တွေ့ရတယ်လေ၊ လေယာဉ်ပျံက အဖြူရောင်နဲ့၊ တောင်ပံနဲ့၊ ခိုလည်း အဲဒီအတိုင်းပဲ၊ ဒါကြောင့် ခိုဖြစ်တာကွ ဆိုပဲ။

၃၆ ကောင် အကြောင်းကို ကိုနဗန ဆီမှာလည်း ရေးဖူးပါတယ်၊ ဖတ်ကြည့်ပါ။

(ဂ)
ရှမ်းသံနေသံထားကို မြန်မာစာလို ခို့ ခို ခိုး ဆိုပြီး သုံးသံထဲနဲ့ ရေးပြလို့မရဘူး၊ ရှမ်းစကားမှာ အသံ အနိမ့်အမြင့် ဘယ်နှမျိုးရှိလဲ မသိပေမယ့် တရုတ်စာ မန်ဒရင်းရဲ့ အသံ ၄ သံ (အတိအကျဆိုရင် ၅ သံ) နဲ့ ကွက်တိ ရေးလို့ထွက်တယ်၊ ဒါကြောင့် ရှမ်းတွေ တရုတ်စကားပြောရင် မြန်မာတွေထက် ပိုပီသတယ်၊ ထိုနည်းတူ တရုတ်တွေ ရှမ်းစကား ပြောသင်ရင်လည်း မြန်မာတွေထက် အသံထွက်ရတာ ပိုလွယ်တယ်။ ဒီပို့စ်ကတော့ ငါ့မြင်းငါစိုင်းပို့စ်ပဲ၊ ဘယ်တွေရောက်သွားလဲ မသိတော့ဘူး။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.