Wednesday, December 10, 2008

[အတွေးရပ်ဝန်း] 2 New Entries: အမှတ်တရ ဒီဇင်ဘာ

အမှတ်တရ ဒီဇင်ဘာ

ဒီလိုနဲ့ပဲ မြို့ပြရဲ့ ရင်ခွင်ထဲကို ပြန်လည်တိုးဝင်ခဲ့ရပြန်ပြီပေါ့။ စိတ်ထဲမှာ နှစ်ရက်ဆိုတဲ့ အချိန်က ပုံမှန်ထက်ကို အကုန်မြန်နေသလိုပါပဲ။ တကယ်တမ်းတော့လဲ မွန်းကြပ်မှုတွေနဲ့ ရှင်သန်နေခဲ့ရတဲ့ နေ့ရက်ပေါင်းများစွာနဲ့ နှိုင်းယှဉ်လိုက်ရင် ၂ ရက်တာ အချိန်ကာလဆိုတာ မျက်စိတမှိတ်စာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီ မျက်စိတမှိတ်စာ အချိန်တိုလေးအတွင်းမှာပဲ အရာအားလုံးကို မေ့လျော့စွာနဲ့ ပျော်ရွှင်ခဲ့တယ်။ အင်တာနက်.. အီးမေးလ်.. ဘလော့… အားလုံးနဲ့ ဝေးတဲ့နေရာမှာ ကိုယ့်လိုပဲ ဒီခရီးကို ထွက်လာတဲ့သူတွေနဲ့ တပျော်တပါး ဆုံတွေ့ခဲ့ကြတယ်။

တောင်တက်ကားပေါ်ကနေ မော့ကြည့်လိုက်တော့ အနက်ရောင်ကောင်းကင် နောက်ခံမှာ ကြယ်လေးတွေက ဟိုတစ်စ ဒီတစ်စ.. အလင်းမှုန်တွေ ကြဲပက်ထားသည့်အတိုင်း.. ပြိုးပြိုးပျက်ပျက် လင်းလက်နေတဲ့ ကြယ်လေးတွေကြားမှာ ထူးထူးခြားခြား ရွေ့လျားနေတဲ့ ကြယ်လေး.. ကြယ်ကြွေတာကို မြင်ဖူးပေမယ့် ကြယ်လေးတစ်ပွင့် တရွေ့ရွေ့သွားနေတာမျိုးကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပါပဲ… ဒီလောက်လှတဲ့ ကောင်းကင်ကြီးကိုတော့ မေ့လို့ရတော့မှာ မဟုတ်ပါဘူး…။

သစ်ပင် ၀ါးပင် ရနံ့လေး ပျံ့ပျံ့သင်းနေတဲ့ သဘာဝလေအေးလေးကို မက်မက်မောမော ရှူရှိုက်ခဲ့တယ်.. မီးခိုးနံ့တွေ ရောထွေးနေတဲ့ မြို့ပြလေထုကို မသက်မသာ ရှူသွင်းရတိုင်း လွမ်းနေဦးတော့မှာပါပဲ။ ပတ်ဝန်းကျင်တစ်ခုလုံး အအေးဓါတ်တွေ လွှမ်းခြုံထားပေမယ့် ရင်ထဲမှာ အပျော်တွေနဲ့ နွေးထွေးနေခဲ့တာ.. နိမ့်တစ်ချီ မြင့်တစ်လှည့် အတက်အဆင်းလမ်းတွေ လျှောက်ခဲ့ရပေမယ့် ပင်ပန်းတယ်လို့ မထင်ခဲ့တာ.. ခဏတာ ပိုင်ဆိုင်ခွင့်ရထားတဲ့ အချိန်လေး ကုန်ဆုံးသွားမှာစိုးလို့ အိပ်စက်ဖို့တောင် နှမြောနေမိတာ.. အားလုံးဟာ အမှတ်ရစရာတွေပါပဲ…။

ဘ၀ဆိုတာကလဲ ပျော်စရာ .. ၀မ်းနည်းစရာ.. စိတ်လှုပ်ရှားစရာ.. အမှတ်တရပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာပဲ မဟုတ်လား… အခိုက်အတန့် ရခဲ့တဲ့ ပျော်စရာအချိန်တွေကို ပြန်တမ်းတရင်း ရှေ့ခရီးကို မနားတမ်း ဆက်ကြရဦးမယ်.. ဘ၀ကပေးမယ့် နောက်ထပ် အမှတ်တရတွေကိုလဲ လက်ခံဖို့ ပြင်ဆင်ထားရမယ်.. ပျော်စရာပဲဖြစ်ဖြစ်၊ ၀မ်းနည်းစရာပဲဖြစ်ဖြစ်ပေါ့… အခုလက်ရှိမှာတော့ ဒီဇင်ဘာရဲ့ အမှတ်တရ နေ့ရက်လေးတွေကို လွမ်းဆွတ်စွာနဲ့ပဲ အလုပ်တွေကြားမှာ စိတ်ကိုနှစ်မြုပ်ထားတာ အကောင်းဆုံးဖြစ်မယ်ထင်ပါရဲ့…။

( ဒီဇင်ဘာရဲ့ ပျော်စရာ ခရီးစဉ်တစ်ခုအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။ )

ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းတယ်

သမ္မတနစ်ဆင်ဟာ
သူ့ရန်သူတော်စာရင်းမှာ
သူနာမည် ပထမဆုံးရေးခြစ်ခဲ့ရသလို
ဒီနေ့မှာငါ့ကိုယ်ငါမုန်းတဲ့အကြောင်းတွေ
ရေးခြစ်ခဲ့ရပြီ။
ပထမဆုံးငါဟာအလွန်အမင်းမာနကြီးတတ်တာပဲ
တချို့အချိန်တွေမှာ အဲဒီမာနက
သိပ်အသုံးကျပြီး
တချို့အချိန်တွေမှာ မိုက်မဲလွန်းရာကျတယ်..
အဲဒီအတွက် ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းတယ်
ထင်ပေါ်ကျော်ကြားလိုတဲ့ငါဟာ
တစ်ခါတစ်ခါ လူရာမ၀င်ချင်ပြန်ဘူး
အဲဒီ ဒုတိယအချက်အတွက်လည်း
ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်
မသေချာတဲ့ စိတ်ကူးတွေနဲ့
ငါ့လောင်းကစားလုပ်ပစ်ခဲ့တဲ့ဘ၀ကြောင့်
ငါ့မိခင်ရဲ့မျော်လင့်ချက်တချို့ကြေပျက်ခဲ့ရတယ်
အဲဒီအတွက်လည်း ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်
ကမ္ဘာကြီးကို ချစ်မြတ်နိုးစွာအလုပ်အကျွေးပြုလိုပြီး
ဆာလောင်နေတဲ့ ခွေးအတစ်ကောင်လို
ကမ္ဘာကြီးကို ဆူဆူညံညံ မာန်မဲခဲ့တာလည်းငါပဲ
အဲဒီအတွက် ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းတယ်
ကိုယ်ကိုယ်တိုင်လဲပြိုမတတ်ဆိုပေမယ့်
အားနည်းတဲ့ဘက်က ရပ်တည်ချင်ခဲ့တာလည်းငါပဲ
အင်အားနည်းလွန်းလို့ ငါဖေးကူချင်တဲ့သူတွေက
ငါ့ကိုပြန်ထူပြီး ဟားတော့ အရှက်ရခဲ့တဲ့အတွက်လည်း
ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းမိတယ်
အမှန်တရားအတွက် ဓားတစ်လက်ဆိုပြီး
တစ်ခါတစ်ရံ တရားပျက်ခဲ့တာလည်းငါပဲ
ငါ
ငါ
ငါ…ငါ
အဲဒီငါတွေအထပ်ထပ်ကလည်း
ငါ့ကိုယ်ငါမုန်းတဲ့အချက်ပဲ…
ငါကပုထုဇဉ်စစ်စစ်ပါ
အဲဒီအတွက်ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းပြီး
ကျန်တစ်ဝက်က ငါ့ကိုယ်ငါချစ်တတ်သေးတယ်
အထက်ပါစကားလုံးတွေက
ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းမိတဲ့အကြောင်းများဆိုပါတော့..။

မိုးလှိုင်ည

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.