Wednesday, December 10, 2008

[ဆုံဆည်းရာ] 4 New Entries: ၀န်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ရာထူးမှ နှုတ်ထွက်မည်

ဝန်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ရာထူးမှ နှုတ်ထွက်မည်

မဇ္ဈိမ၊ ဒီဇင်ဘာလ ၉ ရက် ၂၀၀၈

ချင်းမိုင် (မဇ္ဈိမ)။ ။ အနည်းဆုံး ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန် တဦးသည် လက်ရှိရာထူးများမှ အနားယူပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အမတ်များအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း အစိုးရ သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သစ်တော၊ ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ မွေးမြူရေး၊ အမှတ် (၁) စက်မှု၊ ပို့ဆောင်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ၀န်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း သည် မဝေးလှသော အနာဂတ်တွင် အစိုးရအဖွဲ့ဝင် ရာထူးများမှ နှုတ်ထွက်မည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရပ်ကွက်များက ပြောသည်။

အတိုက်အခံများနှင့် ဝေဖန်သူများ အပြင်းအထန် ကန့်ကွက်ထားသော်လည်း စစ်အစိုးရက နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်လမ်းပြမြေပုံ ချမှတ်ထားကာ ၂၀၁၀ ခုနှစ်တွင် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးလည်း ပါရှိသည်။င်းတွေက ကြိမ်းသေနိုင်တဲ့ နေရာတွေမှာ ၀င်ပြိုင်လာကြလိမ့်မယ်" ဟု ပြောလိုက်ရင်း လက်ရှိ အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းအနေဖြင့် မန္တလေးတွင်လည်းကောင်း၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် မြစ်ကြီးနားတွင် ၀င်ပြိုင်နိုင်ဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရမှသည် အရပ်သားအနည်းငယ် ရောစွက်လာမည့် အစိုးရပုံစံသစ် ဖြစ်ပေါ်လာရေး ဖန်တီးမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါဝင်ခွင့် မရအောင် ကန့်သတ်မှုများ ပြုလုပ်ဖွယ်ရှိသည်ဟု သူက ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းဆန်ထားသည်။ ထို့အပြင် ပါတီခေါင်းဆောင်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သူမကိုပါ နေအိမ်၌ အကျယ်ချုပ်ချထားသည်။

နှုတ်ထွက်မည်ဆိုသော ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန်၏ စာရင်းကို အောက်တွင် ဖော်ပြထားသည်။

၁။ ဗိုလ်မှူးချုပ် သိန်းအောင် (၀န်ကြီး၊ သစ်တောရေးရာဝန်ကြီးဌာန)

၂။ ဗိုလ်ချုပ် စောထွန်း (၀န်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

၃။ ဗိုလ်ချုပ် စောလွင် (၀န်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

၎။ ဗိုလ်မှူးချုပ် မောင်မောင်သိမ်း (၀န်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)

၅။ ဦးအောင်သောင်း (၀န်ကြီး၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန)

၆။ ဗိုလ်ချုပ် သိန်းဆွေ (၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန)

၇။ ဗိုလ်ချုပ်ဌေးဦး (၀န်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

၈။ ဗိုလ်မှူးချုပ် သိန်းဇော် (၀န်ကြီး၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)

၉။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (မြို့တော်ဝန်၊ ရန်ကုန်)

အာဘီဆစ် ၀ိဇ္ဇာဇီဝ ထိုင်းဝန်ကြီးချုပ်ဖြစ်ဖို့မှန်း ထိုင်းနိုင်ငံရေး လွန်ဆွဲပွဲမှာ အမတ်တွေ ဈေးကောင်း

ခေတ်ပြိုင်-ဂျွန်တင်အောင်/ ၉ ဒီဇင်ဘာ ၂၀၀၈

ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီက အစိုးရ ဖွဲ့နိုင်မည့် အမတ်အရေအတွက် ရပြီ ဖြစ်သည့် အတွက် လွှတ်တော် အထူး အစည်းအဝေး ခေါ်ရန် တောင်းဆို လိုက်သဖြင့် ထိုင်းနိုင်ငံရေး လောကတွင် အာဏာလွန်ဆွဲပွဲ ပြင်းထန်လာသည်။

ဒီမိုကရက်ပါတီသာ လွှတ်တော်တွင် မျှော်မှန်းသည့်အတိုင်း မဲအရေအတွက် အပြည့်ရလျှင် ဒီမိုကရက်ပါတီ ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ် ဖြစ်လာနိုင်သည်။ အမတ်အရေအတွက် (၃၇) ဦး ကိုင်ထားပြီး မကြာခင်က အဖျက်ခံရသည့် ၀န်ကြီးချူပ်ဟောင်းဆွန်ချိုင်း၏ People Power ပါတီထောက်ခံမှုမှ ခွဲထွက်သည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက်ပါတီကို ဘက်ပြောင်းလိုက်သည့်အတွက် အစိုးရဖွဲ့နိုင်ရန် အလားအလာ များလာခြင်းဖြစ်သည်။

သို့သော် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် People Power ပါတီ အဖျက်မခံရမီကပင် ထိုပါတီဝင် အစိုးရအဖွဲ့ထဲမှ အမတ်အချို့က ပွေထိုင်းပါတီထောင်ပြီးဖြစ်သည်။ တချိန်က တပ်ဆင်၏ ထိုင်းရပ်ထိုင်းပါတီ အဖျက်ခံရပြီးမကြာခင် People Power ပါတီကို ပြည်ပရောက်တပ်ဆင်၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ပြီး စမတ် ၀န်ကြီးချုပ်ဖြစ်လာသည်။ ထို့ကြောင့် စမတ်ကို တပ်ဆင်၏ ရုပ်သေးဝန်ကြီးချုပ်ဟု အစွပ်စွဲခံရခြင်းဖြစ်သည်။ စမတ်ပြုတ်ပြီးမကြာခင် တပ်ဆင်၏ ယောက်ဖ ဆွန်ချိုင်း ၀န်ကြီးချုပ်ဖြစ်လာသည်။ ဆွန်ချိုင်းပြုတ်ပြီးနောက်ပေါ်ပေါက်လာသည့် ပွေထိုင်းပါတီသည်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပါတီဖြစ်လာပြန်သည်။

ဒီမိုကရက်ပါတီက အစိုးရဖွဲ့ရန် ခြေလှမ်းပြင်နေသော်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပွေထိုင်းပါတီက အတိုက်အခံဘက် ဘက်ပြောင်းသွားသည့်အမတ်များ ပြန်လာရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေသည်။ အချို့ ထိုင်းအရှေ့မြောက် မဲဆန္ဒနယ်များ၌ ယင်းသို့ ဘက်ပြောင်းသည့် အမတ်များ၏ နေအိမ်ကို ပိတ်ဆို့ရန် ရွာသားများအား ခိုင်းစေထားသည်ဟုလည်း အမတ်အချို့က ပြောသည်။

တပ်ဆင်နှင့် တရားဝင် ကွာရှင်းပြီးဆိုသည့် တပ်ဆင်၏ ဇနီးဟောင်း ပွန်ဂျမင်သည် မကြာခင်က ဘန်ကောက်ပြန်ရောက်လာပြီးနောက် ပွေထိုင်းပါတီကို ကြိုးကိုင်နေသည်ဟု အစွပ်စွဲခံရသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီကို ဘက်ပြောင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုဝင် အမတ်များကို ပြန်ခေါ်ရန် စည်းရုံးသော်လည်း မအောင်မြင်ဟု ထိုင်းမီဒီယာများက ရေးသည်။

အတိုက်အခံ ဒီမိုကရက်ပါတီနှင့် ပွေထိုင်းပါတီတို့ အမတ်များကို အလုအယက် ငွေဖြင့် ဆွဲဆောင်နေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ အမတ်ဈေးကောင်းလာသည်ဟု ဆောင်းပါးရှင် ဆော့ပွန် အွန်ကာရာက The Nation သတင်းစာတွင် ရေးသည်။ ဒီမိုကရက်ပါတီသာ အစိုးရဖွဲ့ခဲ့လျှင် တပ်ဆင်အနေဖြင့် နောက်ထပ် ထောင်ဒဏ်များ ရင်ဆိုင်ရနိုင်သည့်အတွက် တပ်ဆင်ဘက်ကလည်း ပွေထိုင်းပါတီ အစိုးရဖွဲ့နိုင်ရန် အလျော့ပေးမည်မဟုတ်။

ယခုရက်ပိုင်းအတွင်း အမတ်တဦးကို မည်မျှငွေပုံ ပေးရပေးရ အတိုက်အခံပါတီနှင့် ပွေထိုင်းတို့ အပြန်အလှန် အာဏာလွန်ဆွဲနေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ ငွေသာအဓိကဟု ဆော့ပွန် အွန်ကာရာက ထောက်ပြသည်။ ထိုင်းနိုင်ငံရေး အကျပ်အတည်းတွေ့လေ အမတ်များ ငွေရှာ၍ကောင်းလေဟု လည်း ဝေဖန်ထားသည်။ မည်သည့်ပါတီ အစိုးရဖွဲ့ဖြစ်မည်ဆိုသည့် နောက်ဆုံးအဖြေအပေါ် ငွေက လွှမ်းမိုးထားဆဲ ဖြစ်သည်ဟုလည်း ရေးထားသည်။

ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီအနေဖြင့် လောလောဆယ် အမတ်နေရာ (၂၄၂) နေရာ အပိုင်ရထားသည်ဟုဆိုသော်လည်း ၀န်ကြီးချုပ်နေရာအတွက် လွှတ်တော်ထဲမဲခွဲချိန်တွင် မဲအရေအတွက် ထိုမျှရမရဆိုသည်မှာ မသေချာဟု အကဲခတ်များက တွက်သည်။

ဝန်ကြီးဦးအောင်သောင်းကို အမျိုးသမီးများ ဒူးတုပ် ယပ်ခတ်ပေးကြရ

NEJ/ ၉ ဒီဇင်ဘာ ၂၀၀၈

စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း ကျောက်ဆည်စက်မှုဇုန်သို့ စက်ရုံတည်သည့်အချိန် သွားသည့်အခါတိုင်း ဦးအောင်သောင်းကို ယပ်ခတ်ပေးမည့် အမျိုးသမီးနှစ်ဦးအား လက်အောက်ခံအရာရှိများက အသင့်ရှာပေးထားရသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောကြားသည်။

ကျောက်ဆည်စက်မှုဇုန် ရှင်းလင်းဆောင် စည်းဝေးခန်းမရှိ နှစ်ယောက်ထိုင် ဆက်တီကုလားထိုင်ကြီးပေါ်တွင် တဦးတည်း ထိုင်နေသည့် ဝန်ကြီး ဦးအောင်သောင်းအား အမျိုးသမီးငယ်နှစ်ဦးက ရှေးခတ်ဘုရင်များအား ခတ်ပေးသည့် အရိုးရှည်ယပ်ကြီး တခုစီကိုင်ပြီး ဆက်တီကုလားထိုင် တဖက်တချက်မှ ပုဆစ်တုပ်၊ ဒူးတုပ်အနေအထားဖြင့် ယပ်ခတ်ပေးကြရသည်ဟု မျက်မြင် သက်သေများက ပြောသည်။

လောလောဆယ်တွင်မူ နေပြည်တော်စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ အထည်အလိပ် လုပ်ငန်းမှ ဝန်ထမ်း အမျိုးသမီးငယ် တဦးက ဝန်ကြီး ဦးအောင်သောင်းအား လက်သည်းခြေသည်း ညှပ်ပေးရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးဦးအောင်သောင်းသည် နေပြည်တော်မှာတကြိမ်၊ မန္တလေးမှာတကြိမ် လွန်ခဲ့သည့်လ အတွင်း (၂) ကြိမ် သတိလစ်မေ့မြောသွားခဲ့သည်။

လှိုင်သာယာ အစိုးရဘဏ် မီးလောင်

NEJ/ ၉ ဒီဇင်ဘာ ၂၀၀၈

ပြီးခဲ့သည့် ဒီဇင်ဘာ (၆) ရက်နေ့က လှိုင်သာယာမြို့နယ်၌ အစိုးရဘဏ် မီးလောင်မှုဖြစ်ပွားပြီး (၁၅) သိန်းဖိုးခန့် ဆုံးရှုံးသွားသည်။

အဆိုပါနေ့သည် စနေနေ့ဖြစ်ပြီး ဘဏ်တွင်ရှိသော အစောင့်က ရေနွေးတည်ရာမှ စတင်မီးလောင်ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါမီးကို ရှို့မီးဟု အချို့က သံသယရှိသည်။

"ရုံးပိတ်ရက်လည်းဖြစ်နေတယ်။ ဒီအစောင့်က လျှပ်စစ်ရေနွေးအိုးနဲ့ ရေနွေးတည်ရာက လောင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ သံသယဖြစ်တယ်" ဟု လှိုင်သာယာမြို့နယ် ဘဏ်အနီးနေထိုင်သူ အသက် (၅၀) ခန့် ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။

မီးလောင်ချိန်မှာ ယင်းနေ့ ညနေ (၅) နာရီ (၂၅) မိနစ်ခန့်တွင်ဖြစ်ကြောင်း၊ မီးလောင်စဉ် လှိုင်သာယာမှ မီးသတ်ယာဉ်များအပြင် ရွှေပြည်သာ၊ အင်းစိန် မီးသတ်ယာဉ်များလည်း လာကြောင်း သိရသည်။

"လာလိုက်တဲ့ မီးသတ်ကားတွေ အစီး (၂၀) လောက်ရှိတယ်။ ရဲတွေဆိုတာလည်း အယောက် (၁၅၀) ကျော်လောက်ရှိတယ်။ လူတွေကတော့ သူတို့ပြောတဲ့ လျှပ်စစ်ရေနွေးအိုးက လောင်တယ်ဆိုတာ မယုံကြည်ဘူး" ဟု လှိုင်သာယာ တာဝန်ကျ ရဲတဦးက ပြောသည်။

မီးသတ်ဦးစီးဌာနသို့ ပေးပို့ထားသော စာရင်းများအရ အဆောက်အအုံတခုလုံးနီးပါး လောင်းကျွမ်းသွားပြီး ဆုံးရှုံးမှုတန်းဖိုးမှာ ကျပ် (၁၅) သိန်းဟု သိရသည်။

အဆိုပါ မြန်မာ့စီးပွားရေးဘဏ်သည် လှိုင်သာယာမြို့နယ် (၈) ရပ်ကွက် ညောင်တုန်းလမ်းဘေးတွင် တည်ရှိသည်။

မီးလောင်မှုကြောင့် ဘဏ်တာဝန်ရှိသူကို အရေးယူထားကြောင်း သိရသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.