Sunday, December 28, 2008

[မင်းဒင်] 1 New Entry: အကယ်ဒမီချစ်သူများ

အကယ်ဒမီချစ်သူများ



အကယ်ဒမီ ချစ်သူများ

(မင်းဒင် ရေးသည်။)

မျှော်လင့်ခြင်း ၂၀၀၈ ကား အဆိုးတည်းဟူသော အထင်အမှတ်တို့  ဖြင့်သာလျှင် ပြွမ်းတီးလျက် မကြာမတင် ကုန်ဆုံးပေရော့မည်။ အဟံအဝေရော ၊ ဟောမိ အစချီလျက် တကမ္ဘာလုံးမှာ များသတ္တာ ချမ်းသာ ကိုယ်စိတ်မြဲပါစေ ဆုခြွေမိ ချိန်တည်း။

.......................................
ဤအချိန် ၊အနှီ အချိန်တွင် ဘလော့ဂ်လောက၌ နောက်ဆုံးပေါ် ထူးခြားဖြစ်စဉ်တရပ်သည် ကွန်ပြူတာအားလုံးပေါ်သို့  လွှမ်းမိုးဖြတ်သန်း တိုက်ခတ် လေသော နာဂစ်ကဲ့ သို့ ရှိလေ၏ ။ ယင်းကား ဘလော့ဂ်ဂါ အကယ်ဒမီရွေးပွဲဟူသတည်း။
နိုင်ငံတကာရောက် မြန်မာခေတ်ပညာတတ် တချို့ ၏ အားထုတ်မှုဟု ဆိုလေသည်။ ၂၀၀၈ ခုနှစ်အတွင်း လက်ကမြင်းခဲ့ကြသော ဘလော့များစွာတို့  အနက်မှ ဘာသာရေး၊ ပညာရေး၊ နည်းပညာ၊ နိုင်ငံရေး၊ ပရဟိတ၊ မြန်မာစာပေ၊ ရသစာပေ၊ ကဗျာ နှင့် အစုအဖွဲ့ ဟူ၍ ဆုအမျိုးမျိုး ရွေးချယ် အပ်နှင်းမည် ဆိုပါ၏။ မြန်မာ ရုပ်ရှင် အကယ်ဒမီရွေးပွဲကို အားကျနည်းမှီလျက် ဇာတ်ပို့  ဇာတ်ရံ ၊ သရုပ်ဆောင် ၊ ဓာတ်ပုံ၊ အကောင်းဆုံး ဇာတ်ကား အစရှိသည်ဖြင့် ခွဲခြားပုံနှင့်  ဆင်လေစွ။ ဖတ်သူတို့ က ရွေးရမည် ဆိုပါ၏။ ရည်ရွယ်ချက် များကိုလည်း မြန်မာအစိုးရမင်းများ၏ ဦးတည်ချက်လေးရပ်နှင့် ခပ်ဆင်ဆင် တွေ့ ရပြန်ချေသည် တမုံ့ ။
....................................
ဘလော့ဂါ အကယ်ဒမီ မုန်တိုင်းကား ပြည်တွင်းရုပ်ရှင် အကယ်ဒမီကိုပင် လွှမ်းမိုး ချေဖျက် တော့ မည့် ဟန် ပါတကား။ ငါ့သွေး၊ ငါ့ဓား၊ ငါ့ ဧရာဝတီ ကို လည်း သတိမရ။ လူမင်း ၊ကျော်သူ၊ စိုးမြတ်သူဇာ၊ မျိုးသန္တာထွန်း တို့ ပင်လျှင်၊ ဟိုးဝေးဝေးက နှင်း ဖြစ်လျှက် မှုန်ဝါးစွာ ကျန်ခဲ့  ယောင်တကား။
နာမည်ကျော်ဘလော့ဂါများကား အကယ်ဒမီအရွေးခံရလျှင် ဘလော့ပေါ်တွင် ချက်ချင်းဓာတ်ပုံတင်နိုင်ရန် တိုက်ပုံနှင့်လိုက်ဖက်လေမည် လား။ ဥရောပ ဝတ်စုံဖြင့် စမတ်ကျ လေ မည်လား။ အကယ်ဒမီ ဘန်းကို မည်သူကိုင်လေမည်နည်း။ ၂၀၀၈ မစ်စ်ယူနီဗာ့စ် မယ်အီဂျစ်ပေလော။ မြန်မာ ဘီယာ ကြော်ငြာ မယ်၊ ထမီရင်လျားသနပ်ခါးပါးကွက်ကျား လေးများပေလော။ ကျေးဇူးဥပကာရ စကား မည်သို့ မြွက်ကြားသော် သင့်လေမည်နည်း ၊ စိတ်ကူးအသီးသီး ယဉ်နေကြပေ ရော့မည်။
ထို့ တမူလည်း ကိုယ်ကြိုက်ရာ အားသန်ရာ မဲပေးကြရုံမက ရပ်နီးရပ်ဝေး မျက်နှာကျက်စိမ်း၊ မှန်သမျှ ထံ ဖုန်းနှင့် တနည်း ၊စက်ဖြင့်တသွယ် မဲ အဆွယ် ကြီိး ဆွယ်နေကြသူများလည်း ဒုနှင့်ဒေး ပင် ရှိကြလေမည်။
ဤသည်လည်း အပြစ်ဆိုဖွယ်ရာတော့ မဟုတ်ချေ။ အဘယ်ကြောင့်နည်းဟူမူ ကျွန်ုပ်ကဲ့ သို့  ဘလော့ဂါ သက်ကြီးပူဇော်ပွဲတွင် ဧကန်မုချ မသွေ ပါဝင် နိုင်ပေထသော ၊တိုက်ကြက်ကလေး သဖွယ် နုပျိုသေးလင့်ကစား။သက္ကရာဇ် အဝှာဆောင့်နေသူ အိုကြီးအိုမ ပင်လျှင် ဖူးခက်မှရောင်းရင်း ဘိသိတ် ဆရာ၊ ဆရာလင်း ၏ မောင့်ကြက်သရေ ခေါင်းပေါင်း တပါတ်နွမ်းနှင့် အဘိုးအမွေ ခေါက်ရိုးကြေ၊ ဘန်ကောက်ပုဆိုးကို မျက်စောင်းထိုးမိသေးသည် မဟုတ် တုံ လော။(ဤကား စကားချပ် )
..............................

ကျွန်ုပ်ကား အဆိုပါ ဘလော့ဂါ အကယ်ဒမီ ရွေးပွဲကို ကြံ့ ဖွံ့ တို့  ရုဒ်မက်ကို ကြိုဆိုသည့် အလား လှိုက်လှဲစွာ ဒိုင်ဗင်ထိုး ဝမ်းစမိုးလေ၏။ အကြောင်းမူ ကျွန်ုပ်ကား ဇာတ်ပိုးပါသော ဘုန်းကြီးသည် ဆိုင်းဝိုင်းနှင့် တည့်တည့်တိုးသကဲ့သို့ သော ကိန်းကြောင့်ပေတည်း။ ကျွန်ုပ်ကိုယ်တိုင် ပင်လျှင် "မဲပေးတဲ့  နေရာ ကြွကြပါအုံး " ဆိုမိသည်ကိုလည်း ဝန်ခံရမည်ဖြစ်ချေ၏။ ဘဝတဏှာ၊ လောကီအစွဲကြီးလေစွ တကား .... ကိုယ့်ကိုယ်ကို တရားချ ရသည်အထိပင်။
သို့ တစေ .. ကျွန်ုပ်၏ ပျော်ရွှင် ဝမ်းမြောက်မှုကား ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ် ကဲ့  သို့  တာရှည်မခံခဲ့ချေတကား။ သခင်မျိုး ဒို့ မြန်မာတို့ ၏ နောက်ဆက်တွဲ ကလော်သံ ဆဲသံတို့ ကြောင့် ညစ်ညူးရပြန်ချေပြီ တည့်။
........................................
ဤနေရာတွင် အနည်းငယ် ရှင်းပါအံ့။
ယခုရွေးပွဲကား ဒုတိမြောက်ပေါ်ထွက်လာသော အုပ်စုဖြစ်၏။ သူ့ အရင် တဖွဲ့ ပေါ်လာသည် နှင့်  ဘလော့ဂ် အချို့ အရွေးခံစာရင်းတွင် ပါမလာခြင်းနှင့်  စပ်လျဉ်း ၍ ၎င်းစီဘောက်တွင် အယုတ္တ အနတ္တ ဝင်ဆဲကြခြင်းဖြင့် ခြေဆင်းတီးလုံး စလေ ၏။ ရိုဟင်ဂျာသွေး ဆိုသော မောင် ၏ဆဲချက် ယုတ်ချက်မှာ ပြင်းထန်လွန်းလှရကား ကျွန်ုပ်စိတ်တွင် စွဲထင်နေသော တိုင်းပြည်ပျောက်နေသည့် ရိုဟင်ဂျာတို့  အပေါ် ရှိနေသည့် ဂရုဏာတရားပင် ခန်းခြောက် မတတ် ဖြစ်ချေ၏။ ရိုဟင်ဂျာသွေး၏ ဆဲချက်မူရင်းတို့  ကား ကျွန်ုပ် ရှက်နိုးလှသည် ဖြစ်၍ ရေးမထွက်ပြီ။
အတိုက်အခံဘလော့ ဂါ အချင်းချင်း အော်သံဆဲသံ၊ ပွက်ပွက်ညံနေချိန်တွင် အစိုးရမင်းများ ဘက်သို့  ယိမ်းလေသော ဘလော့တခုမှာ ထိပ်ဆုံးတွင် အမှတ်အများဆုံးဖြင့် မြို့ မေတ္တာကို ရနေလေချေ ပြီတကား။ သတိပြုစရာ အချက်မဟုတ်တုံလော။
.............................................
ပထမအဖွဲ့ ထက်ပို၍ စည်းစံနစ်ကျ လေဟန်ရှိသော ဒုတိယမြောက် အကယ်ဒမီ ရွေးပွဲ နောက်တပွဲ စပြန်လေရာ ဆဲပွဲ အော်သံတို့ ပိုမို ဆူလောင်လာ ပြန် ချေ၏။ အကောင်းဆုံးအဆဲသမားကား ညီတော်မောင် ၊ ငြိမ်းဇေဦး ခေါ် တုတ်ကြီး ခေါ် မောင်မွှေး တည်း။ မဖွ ရရင် မနေနိုင်တာကလွဲလို့ အားလုံးကောင်း သူ ပေတကား။ မြန်မာ့ သတင်း သမဂ္ဂ မှ ဂုဏ်သရေရှိ လူကြီးမင်း ကိုယ်တိုင် သမားတော် ဇီဝက ဘလော့ မှာ ကွန်မင့် ဖြင့် ပြန်ရှင်းနေရပြန်သည် တကား ။
....................................
စိတ်သည် "နွားရိုင်းနှင့်တူသည် " ဆိုသည်မဟုတ်လော။ သတိ ဟူသောကြိုးဖြင့် ချည်ခြင်း ငှာ အစဉ်သဖြင့် မစွမ်းသာချေ။ ဤ ဘလော့ဂါ အကယ်ဒမီ ရွေးပွဲကြောင့် ပေါ်ထွက်လာခဲ့သော ကလော်သံ၊ ဆဲသံ ၊ အမူအကျင့်တို့  သည်ပင် မြန်မာ့စတိုင်ပေလော ။ ပြည်ပရောက် မြန်မာဦးရေ တစ်ရာတွင် ရာနှုန်း ကိုးဆယ်ကျော်သည် အတိုက်အခံ ရပ်ဝန်း မှ ဖြစ်ရကား အတိုက်အခံတို့ ၏ စရိုက်ကို စောကြော လိုလာ ပြန်ချေသည်။
....................................
ဤနေရာ၌ မိုက်မလင်းနိုင်ဘု အစချီ၊ ပျဉ်းမနား မင်းတရားကြီး နှင့် သူ၏ ရဲမက်များ ထေရုပ္ပတ္တိမှာမူ ကျော်ဇောကိတ္တိ ဖြစ်ပြီးသည့်အလျောက် စောကြောလို သည့် စာရင်းတွင်မသွင်းလိုတော့ပြီ။ ကျွန်ုပ်သိလိုသည်ကား ကျွန်ုပ်မော်ကြည့် ရသော ဒီမိုကရေစီ သူရဲကောင်း အများစုတို့  အကြောင်း သာတည်း။
..................................
ရင်ဝယ်ဖွဲ့ လေသော ပဟေဠိကို ဖွင့်ဆိုနိုင်လိုငြား နီးရာ ဖန်သားမိတ်ဆွေ တို့ ထံ ရင်ဖွင့်မိပြန်လေ၏။ မြန်မာတို့ မည်သည် ဤသို့ ပေလော ဟူသော အမေး စကား ပင် အဆုံးမတိုင်သေး ၊ဂျာမဏီရောက် မြန်မာလူငယ် တဦး၏ ဖွင့်ဆို ညည်းတွား ရှင်းပြသည်ကား ဤသို့ တည်း။

"ဒီမှာရှိတဲ့ အများစုလည်း ဒီလိုပါပဲဗျာ။ ဥရောပရောက်လာတဲ့  မောင်မြန်မာတွေက အသိုက်အဝန်းကျဉ်းပြီး လုပ်စရာမရှိတာနဲ့  စားကောင်းသောက်ကောင်း ဒီမိုကရေစီအမည်ခံနေတာ။ နေ့ တိုင်းပြောတာက ဒီမိုကရေစီ။ လုပ်တော့ သောက်တလွဲချည်းပဲဗျ။ တချို့ ဆို ဒီမိုကရေစီ ဘက်တော်သား ဖြစ်ချင်လွန်းလို့  နအဖ ဘက်တော်သားတွေ ဥရောပနဲ့ အမေရိက ကိုထိုးဖောက်နေတယ် ပြောလိုပြော။သန့် စင်ရေး လုပ်ရမယ် ဆိုပြီး ဥရောပမှာကြံ့ ဖွံ့  အသင်းဝင်တွေကို လာရှာနေတဲ့ သူတွေလည်း ရှိသေးတယ်ဗျာ၊ အမှန်တော့ သူများကို လိမ်ရာက ကိုယ်တိုင်လိုက်ယုံပြီး သူတို့ ကိုယ် သူတို့  ဗိုလ်ချုပ်အောင်ဆန်းထက် တော်တယ်ထင်နေကြတယ်ဗျာ။ အံ့ရော။"ဆိုလေ၏။ အကယ်ဒမီတို့ ပင်တည်း။
.......................................
ဘန်ကောက်မြို့ နေ အယ်ဒီတာမင်း တဦးထံ ရင်ဖွင့်ပြန်လေရာ သူ၏ သြဝါဒကား တမျိုးကွဲ၏။

" မဲဆောက်က မောင်တွေက ဆူးတောင်တွေ တကားကားနဲ့ ချည်းပဲဗျာ။ပြောလိုက်ရင် ပျဉ်းမနား မင်းတရားကြီး မကောင်းကြောင်းတွေချည်းပဲ။ လုပ်နေတာကလည်း မင်းတရားကြီး လက်ကွက်နဲ့ တထပ်တည်းဗျ ။ တကယ်တော့ လွန်ခဲ့တဲ့  ခြောက်နှစ်ဝန်းကျင်က ကျနော် ခင်ညွန့် မုန်းကြောင်း နေ့  တိုင်းပြောနေတာ၊ ကျနော့်ဆရာတယောက် ကြားတော့ မင်းဟာ ခင်ညွန့် ကို မုန်းနေတာ မဟုတ်ဘူး ။ တိတ်တခိုး အားကျနေတာ ။ ဒါကြောင့် သူ့  အကြောင်း မင်းခေါင်းထဲ အချိန်ပြည့်ရောက်နေတာ လို့ ဝေဖန်ခဲ့တာ မှန်ချက်ကတော့ ဒက်ထိပဲဗျာ။ အမှန်က အာဆင်နယ် ဂျာစီဝတ်ပြီး မန်ယူ စိတ်ဓာတ် နဲ့  ဝင်ကစား နေကြတာဗျာ။ ဆော့ ကရတ္တိ ကထာတွေကို ရွတ်နေတဲ့  မက္ခရာဗယ်လီတွေ ဗျ။" ဟူပြန်၏။ .... သြချလောက်သော အကယ်ဒမီ များ ပေ တကား။
...................................
သူပြောငါပြောနှင့်တော့ ကာလာမသုတ်အရ လက်မခံထိုက်ချေ။ ကျွန်ုပ်အနီးဝန်းကျင်ကို စောင်းပါး ရပ်ခြေ ကြည့်ပါဦးအံ့။
ဖူးခက် ရွှေမြို့ တော်တွင် ကျွန်ုပ်ဆုံခဲ့ဘူးသော တယောက်သောမောင်ကား တမူထူး၏။ သူသည် ရဲဘော်ဗိုလ်မိုးသီး လက်မွန်မဆွ ထူထောင်အပ်သော တပ်သို့  ၁၉၉၉ ဝန်းကျင်တွင် မဲဆောက်ရောက်လာသူ ဖြစ်၏။ မူဟန်ကား ချေဂွေးဗားရား ကဲ့သို့ တည်း။ အစဉ်တဖွဖွ ရွတ်သည်ကား ကျနော်က ကိုးလေးလုံးမှာ"အပြတ်ဆော်လာခဲ့တာ "ဟူသတည်း။ သို့ တစေ ထိုကာလက အစိုးရမင်းများဘက်မှ ကိုးလေးလုံးတိုက်ပွဲ အကျအဆုံး သတင်းကိုမူ ကျွန်ုပ်စိုးစဉ်း မျှ မကြားမိချေ။ မကြာချေ။ အမေရိကန် အလှူ့ ဒကာတဦး နှင့် ဆုံမိလေရာ မျက်စေ့နောက်လောက်အောင် ပူဇာစ ပူဇနေယျာနံ လိုက်သည် မှာ သူ၏ မွေးသဖခင်ကိုပင် ထိုအလှူ့ ဒကာလောက် လေးစား ဟန်မရှိချေ။ ထို့ ထက်ဆိုးသည်ကား သူကိုယ်တိုင် ဖွင့်ဆိုရှင်းပြချက်အရ သူသည် သူ့  နောက်တော်ပါ တို့ အပေါ် အမျက်ထွက်သည့် အခါတွင်ကား မိုက်တိုင်စန် နည်းဖြင့် ရှင်းသည် ဟူ၏။ ဤကား ကျွန်ုပ်၏ ကိုယ်တွေ့  အာဇာနည် လက် သစ်ကလေးအား မြင်သာရန် ပုံခိုင်းရလျှင် ဆက်ဒမ်ဟူစိန်က နတ်သျှင်နောင် ရတုကို ဌာန်းကရိုဏ်း မကျစွာ ရွတ်သကဲ့ သို့ တည်း။ အကယ်ဒမီ ထိုက်လှ ပါပေ၏။
............................



စင်္ကြဝဠာအကြောင်းကို သိလိုလျှင် အက်တမ်ကို ခွဲစိတ်ရသည် မဟုတ်လေလော။ တကောင်းအဘိရာဇာအနွယ်ဝင်တို့ ၏ စိတ်သဘောသည် အသို့ ပေ နည်း ။ အချို့ ကို ခွဲခြမ်းစိတ်ဖြာသင့်သည် မဟုတ်လော။
ကျွန်ုပ်သည် ငယ်ဘဝကကြုံခဲ့လေသော ရန်ကုန်မြို့ တော်မှ အောင်မှတ်နှင့် မအုံးမြင့် ဇာတ်လမ်းသို့  အတွေးဆက်ပြန်လေသည်။ အောင်မှတ်ကား အသက်သုံးဆယ် ဝန်းကျင်ဖြစ်၏။ လက်ငုတ်လက်ရင်း အလုပ်ကား ဖိုးတွမ်တီးတည်း။ တရံတဆစ်မျှ အောင်မှတ် မှန်ရာလုပ်သည်ကို မကြားမသိရ ဘူး ချေ။ သို့ သော် လူပုံချော ဖြစ်၏။ ကြော့၏။ သူ့ ဝတ်ဟန်ဆင်ဟန်ကို ကျွန်ုပ်တို့  ပင်လျှင် အားကျခဲ့သည်လည်း အမှန်ပင်။ သူကား အများဗိုလ်လူ အော့ကြောလန်သူတည်း။ အော့ကြောလန်သူများ စာရင်းတွင် မအုံးမြင့်သည် တစ်နံပါတ်စွဲ၏။ အဘယ်ကြောင့်နည်း ဟူမူ အနှီ အောင်မှတ်သည် ကလေး သုံးယောက်မိခင် မုဆိုးမ အသစ်ကလေး ဒေါ်ဝင်းကြည်နှင့် ညိနေလေရာ မအုံးမြင့်သည် ဒေါ်ဝင်းကြည်၏ သမီးဖြစ်သောကြောင့်တည်း။ မအုန်းမြင့်သည် အောင်မှတ်ကို ဖိနပ်ကြိမ်းလည်း ကြိမ်း၏။ မကြားဝံ့အောင် ကလော်ဆဲ သည်လည်း ရှိ၏။
ပုံပြင် မမှတ်ပါလေနှင့်။ နောင်သုံးနှစ်မျှအကြာ အောင်မှတ်သည် မအုန်းမြင့်နှင့် ညားလေသတည်း ဟူလို။ မုန်းပါတယ်မောင့်ကို ဆိုခဲ့လေသည့် မအုန်းမြင့်သည် အောင်မှတ်ကို အဘယ်အချိန်က တိတ်တခိုး နှစ်သက်နေခဲ့ လေသနည်း။ အကယ်ဒမီ မအုန်းမြင့်ပေတကား။
..........................................
တလံမျှသော ခန္ဒာကိုယ်တွင် အမှန်တရား ရှာရန် ဗုဒ္ဓဟောတော်မူသည် မဟုတ်လော။ ဆက်၍ ဆန်းစစ်ပါဦးအံ့။
ကျွန်ုပ်ကား ဒီမိုကရေစီဇော၊ စိတ္တဇရောဂါ စွဲကပ်နေသူဖြစ်ချေ၏။ တွေ့ ရာ မြင်ရာ ကိစ္စမှန်သမျှ မြန်မာ့ဒီမိုကရေစီရေး ဆွဲဆွဲတွေးတတ်လေ၏။ တော်သလင်း ရာသီခွေးတို့ ဘာသာ ဘာဝ ဖြစ်လေ့ရှိသည့် မေထုံကိစ္စ၊ ဂရာဝါသ မြင်ကွင်း မျိုးကို မြင်လျှင်ပင် မြန်မာပြည် မလွတ်မြောက်နိုင် ခြင်းမှာ ထို့ နည်းတူပေလော။ ခြံတွင်းမြေ၌ ပျိုးချအပ်သော ဘူးမျိုးစေ့တို့ ၊ အပင်မပေါက် လျှင်သော်မှ မြန်မာ့ ဒီမိုကရေစီရေးသည် ဤနည်းနှင်နှင်ပေလော .. တွေး တောတတ်သူတည်း ။ အရိယာ မဖြစ်သေးရကား ရောဂါသည်းချိန် ဥရောပသူ ခြေတံပေါင်တံ ရှည်တို့ ကို မြင်ပြန်လျှင်လည်း ဒီမိုကရေစီ ရတဲ့နေ့  ဒါမျိုး တွေ ဒို့ မြေမှာ ရိုက်သတ်တောင် မကုန်နိုင်ဟူ၍ ၎င်း.... ဇွတ်ဆွဲတွေးမိပြန်ရာ ရံဖန်ရံခါ ချောင်သလို ဂေါက်သလို ဟုပင် အထင်ခံရသည် အထိ ဖြစ် ချေ၏။
..........................................
ဆန်းစစ်ချက် အဖုံဖုံ အပေါ်မှီတည်လျက်၊ ထိုထိုဤဤသော ဝေးရပ်နီးနေ မြန်မာမိတ်ဆွေတို့ အကြောင်း တိုက်ပွဲဝင် ရဲရည်တက် တို့ အကြောင်း သိရလေရာ ကျွန်ုပ်မှာ များစွာ အထင်သေး စိတ်ပျက်လေ၏။ မြန်မာပြည် ဒီမိုကရေစီရေး ၌လည်း လွန်စွာတွန့် ဆုတ်အားလျော့လေ၏။
ထိုညတွင် ကျွန်ုပ်သည် နာမည်ကျော် ဘလော့ဂါ ကို (....) အမည်ရှိလူငယ်ကို အိပ်မက်ထဲ တွင် ဆုံလေ၏။ ယင်းသူုငယ်ကား အကယ်ဒမီပြိုင်ပွဲတွင် ကျွန်ုပ်နှင့် ဘတပြန်ကျားတပြန် ဖြစ်နေသူဖြစ်ရကား ကျွန်ုပ်သည် ကို(....) ကိုတွေ့ လျှင်တွေ့ ချင်း မြင်ပြင်းကပ်လှစွာဖြင့် "ဘောက်မဲ့ ကြောင့် ကျွန်ုပ်နှင့် ယှဉ်ရပါမည်နည်း " ဟူ၍ အကြောင်းမဲ့  ရန်စကားဆိုလေ၏။ ကို(....)မှာ လူငယ်ပင် ဖြစ်လင့်ကစား ကျွန်ုပ်၏ စွမ်းအားရှင် ဒီဇိုင်း၊ ဘလိုင်းရမ်းကားမှုကို အံ့သြမှင်တက်မိရာမှ ၊ သဘောထားကြီးလှစွာ ခွင့်လွှတ်စကား ဆိုလေရကား ကျွန်ုပ်မှာ ကျွန်ုပ်အမှား ကို ရုတ်ခြည်းပင် သတိရကာ အရှက်သည်း လှစွာ ဖြင့်  အိပ်ရာမှ နိုးလေ၏။
နိုးလျှင်နိုးချင်း ကို(....) ထံသို့  ဖုန်းဆက်ကာ အိပ်မက်ထဲတွင် သင့်အား ရမ်းကားမိသည့် အတွက် အခွင့်လွှတ်ရေးအတွက် တောင်းပန်သမှု ပြုရန် စဉ်းစားမိ ပါသော်လည်း အူကြောင် ကြောင် နိုင်လေမည် ထင်သောကြောင့်  ငေးငူလျက်သာ ရှိစဉ် ..ကျွန်ုပ်၏ ဝသီအတိုင်း ဒီမိုကရေစီ နှင့်  ဆက်စပ် မိ ပြန်လေရာ ရုတ်ခြည်း အတွေး တခု ထွက်ပေါ်လာပြန်လေ၏။
................................
ဤသည်ကား .......
ထိုသည်ကား ......
ယင်းသည်ကား ....
စိတ်ကူးယဉ် လံကြုပ်လမ်းညွှန် မြေပုံကိုဇာတ်အိမ်တည်လျက် ၊လူအမြောက်အများကို ဖမ်းဆီးထောင်ချခန်း၊ ရိုက်နှက်သတ်ဖြတ်ခန်းများ၊ သိန်းချီသော ဒုက္ခသည်များကို စတေးခန်း တို့ ၌ ကင်မရာ ထရိတ်မပါ သဘာဝအတိုင်း ကျနစွာ ထည့်သွင်းရိုက်ကူး ထားလေသော ...

မြန်မာစစ်မင်းများ ရေးဖွဲ့ ညွှန်း ရိုက်ကူးလေသော ..........

နှစ်ပေါင်း နှစ်ဆယ်မျှ အခန်းဆက်ပြသကာ၊ ပြသလေရာ ရုံတော် မင်္ဂလာတိုင်း၌ ကလေးနှင့် ခွေးတို့ သာ ကြိတ်ကြိတ်တိုးလေသော ........

ရုပ်ရှင်တကာ့ ထိပ်ခေါင် " ရွှေပြည်တော် မျှော်သထက်ဝေး"

ဇာတ်ကားမဟာ၊ စူပါ ဘိုင်စကုပ်ကြီးတွင် ကျွန်ုပ်တို့  အားလုံး "အကယ်ဒမီ ရွှေစင်ရုပ်ထု" တပြုံတမကြီး ပိုက်နေမိကြလေသလော ဟူ၏။

နိဂုံးချုပ်အားဖြင့် ...
( နှစ်သစ်ဦး တွင် ရွှေစင်ရုပ်တုကိုယ်စီဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိကြလျက် နောင်နှစ်များတွင် လည်း ဆက်လက်ဆွတ်ခူးနိုင်စေရန် ကျွန်ုပ်မှာ သူခိုးက လူပြန်ဟစ် ဆိုဘိသကဲ့  သို့  လက်ဦးမှု ယူကာ ရှေ့ ဆုံးမှ ဆုတောင်းအပ်ပေကြောင်း)

You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.