Monday, December 1, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 2 New Entries: ဘယ်သူ့အတွက်လဲ! လူငယ့်အတွက်တဲ့

ဘယ်သူ့အတွက်လဲ! လူငယ့်အတွက်တဲ့

ခေါင်းစဉ်ကြည့်ပြီးတော့ လုပ်ပြန်လေပြီလို့တော့ အပြောမစောလေနဲ့။
အခုပြောမယ့်စာအုပ်အကြောင်းနဲ့ ဒီခေါင်းစဉ်အကြောင်း မနည်းရှာကြံပြီး ပေးလိုက်ရတာ။
စီးစီးပိုင်ပိုင်၊ ရှိတဲ့ ခေါင်းစဉ်မျိုးဆိုပါတော့။

ဟုတ်ပြီ။ အခုက စာအုပ်အကြောင်းပြောမှာ။
စာအုပ်နာမည်က “သူတို့ ဒီနေရာကို ဘယ်လိုရောက်လာကြသလဲ” တဲ့။
လှေကားထစ်များရာဇ၀င်လို့လည်းဆိုပါတယ်။ ဒီစာအုပ်ကို ကျွန်တောဖတ်တော့ ပြောင်းပြန်အတွေးနဲ့၊
လှေးကားထစ်များပေါ်မှ ရေညှိများကို နိုင်သလောက် ခွာချကြည့်တာမျိုးဆိုတဲ့အမြင်နဲ့ ဖတ်ခဲ့တာ။
ခေါင်းစဉ်တောင်အဲလိုပေးမလို့။ သိပ်ပြီးရိုင်းပြရာကျမဆိုးလို့ အဲဒီခေါင်းစဉ်ပယ်လိုက်တယ်။

အင်တာဗျူးတွေစုထားတာပါ။ မေးတဲ့လူတွေကတော့….

၁။ ကျော်ရင်မြင့်၊ ၂။ နေ၀င်းမြင့်၊ ၃။ မောင်ကိုကို(အမရပူရ)၊ ၄။မောင်အောင်နိုင်
၅။ စည်သူအောင်မြင့် နဲ့ ၆။ ကြည်လင်အေး

တို့ဖြစ်ပါတယ်။

ရိုးလ်မော်ဒယ်ဖြစ်လောက်တယ်လို့ သူတို့ယူဆပြီး မေးခဲ့တဲ့သူတွေကတော့….

၁။ ရွှေပြည်ဟိန်းဆရာတော်၊ ၂။ဗိုလ်မှူးချုပ် အေဘယ်(လ်)၊ ၃။ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
၎။ ဒေါက်တာခင်မောင်ဝင်း(အသည်းအထူးကု)၊ ၅။ စံ-ဇာဏီဘို၊ ၆။ ပန်းချီ မင်းဝေအောင်၊
၇။ ဒေါ်ဝင်းဝင်းတင့်( စီးတီးမတ်) ၈။ ဓာတ်ပုံဇော်မင်းယု၊ ၉။ အငြိမ်းစာပါမောက္ခ ဦးမော်သန်း၊
၁၀။ တယောဦးတင်ရီ၊ ၁၁။ ဒေါက်တာကျော်စော(စာပန်းအိမ်)၊ ၁၂။ ဦးအောင်ထိုက်( စိတ်တိုင်းကျ)
၁၃။ UD ဦးခင်မောင်ဝင်း၊ ၁၄။ KMD ဦးသောင်းတင်၊ ၁၅။ ဦးအုန်း(FREDA)၊ ၁၆။ ဦးကျော်မင်း၊
၁၇။ ဒေါက်တာတင်စိုး၊ ၁၈။ ကပ္ပတိန် သန်းအောင်လတ်၊ ၁၉။ ဦးဉာဏ်လင်း(YKKO)

တို့ဖြစ်ပါတယ်။ မျက်နှာဖုံးမှာတင်ထားတဲ့ စာရင်းက အဲလိုအစီအစဉ်အတိုင်းပါ။
ဘယ်လိုစံသတ်မှတ်မှုနဲ့ စာရင်းချလဲတော့ မသိဘူး။ အင်တာဗျူးကိုစဖွင့်တော့ စံ-ဇာဏီဘိုနဲ့ စပြီး
ဗိုလ်မှူးချုပ် အေဘယ်(လ်) နဲ့ပိတ်ပါတယ်။

အင်တာဗျူးမေးတဲ့ လူတွေထဲမှာ၊ ကျော်ရင်မြင့်ကလည်း အတွေ့အကြုံရှိပြီးသား၊ နေ၀င်းမြင့်ကလည်း
အောင်မောင်းဆိုတဲ့ကလောင်နဲ့ ပညာရှင်များနဲ့ တွေ့ဆုံခြင်းဆိုလား စာအုပ်တွေထွက်ခဲ့ဖူးတယ်။
မောင်ကိုကို(အမရပူရ)ကလည်း အုပ်စိုးခိုင် ကလောင်နဲ့ မြန်မာ့စီပွားရေးစွန့်ဦးတီထွင်သူများဆိုတဲ့
စာအုပ်နှစ်အုပ်လား၊ သုံးအုပ်လာမသိ၊ ထွက်ခဲ့ဖူးတယ်။(အဲနှစ်ယောက်က အရင်ကလောင်တွေနဲ့ မရေးပဲ
ပင်မကလောင်တွေနဲ့တက်လာကြတော့ ဘာများစိတ်ကူးပေါက်သွားကြသလဲလို့တွေးမိတယ်။
အရင်ကလောင်တွေနဲ့သာတက်ရင် သူတို့ပရိတ်သတ်ရှိတယ်ဗျ၊ အောင်မောင်းစာအုပ်တွေကိုရော၊
အုပ်စိုးခိုင်စာအုပ်တွေကပါ လူကြိုက်များပြီး ရောင်းရလေ့ရှိတယ်။) စည်သူအောင်မြင့်ကလည်း
မြန်မာ့ဓနမှာ လက်စွမ်းပြထားခဲ့သူ။ မောင်အောင်နိုင်နဲ့ ကြည်လင်အေးတို့ကလည်း
ခေသူတွေမဟုတ်( အထင်ပြောကြည့်တာပါ)လေတော့ အင်တာဗျူးမေးခွန်းတွေ ကောင်းမယ်ထင်ခဲ့ပါတယ်။
ဒါပေမယ့် မေးခွန်းတွေကတော့ သာမန်မေးခွန်းအဆင့်တွေလောက်ပဲ ရှိခဲ့ပါတယ်။
ဒီထက်ပိုကောင်းတဲ့ ပွိုင့်တွေဆွဲထုတ်ဖို့ သူတို့ ဘာကြောင့်မလုပ်နိုင်ခဲ့ကြတာလဲဆိုတာတော့ မေးစရာပါ။

အင်တာဗျူးပုံစံတွေမှာ တွေ့ရလေ့ရှိတာက မေးသူက ကြွားရင်ကြွား၊ ဒါမှမဟုတ် ဖြေသူက
ကြွားတာချည်းပဲ။ မျက်စိနဲ့တွေ့ခဲ့ရတာမဟုတ်တော့ ဟုတ်သလားမသိ မဟုတ်သလားမသိ၊
ပြောတော့လည်းယုံရတာပေါ့ဗျာ ဆိုသလိုမျိုးတွေရှိခဲ့ပါတယ်။ ဖြေသူဖက်က ဖုံးထားတာတွေ၊
ကွယ်ထားတာတွေ၊ ဇာတ်ကွက်နာအောင် ဆင်ပြောခဲ့တာတွေ ၊ဒါတွေကို မေးသူက
ချေဖျက်နိုင်စွမ်းရှိရမယ်။ ဖြေတဲ့သူနောက်ကြီး မျောပါသွားရင် အင်တာဗျူးမမည်ပဲဇာတ်သဘောအရ
ပုံပြောသူနဲ့ ပုံနားထောင်သူတွေဖြစ်သွားမှာပေါ့။ အဲတာကို အင်တာဗျူးသမားတွေက နပ်ရတယ်။
ပြန်ပြီးကောင်တာလိုက်မေးနိုင်စွမ်းရှိရတယ်။ ဟုတ်ပါ့မလာဗျာတို့၊ မညာနဲ့နော်ဆိုတဲ့ဟန်ပန်မျိုးနဲ့ပေါ့။

ဒီစာအုပ်မှာတော့ အဲတာတွေ သိပ်မတွေ့ရပါဘူး။ မေးသူတွေ မျောမျောပါသွားတာတွေကိုတော့
မကြာခဏတွေ့နေရတယ်။ ကောင်တာထောက်ရမယ့်နေရာမှာ မထောက်ပဲ ပြောသူဆုံးအောင်စောင့်ပြီး
ဘာမှဆက်မမေးတော့ပဲ နောက်မေးခွန်းတစ်ခုတက်လိုက်တာဗျိုးပေါ့။ နောက် မေးသူအားလုံးက
ပုံစံတစ်ခုကို အသေချပြီးလုပ်တဲ့အခါမှာ မေးခွန်းတွေအီပြီး ထပ်တလဲလဲ ကျော့နေတာတွေတွေ့ရတော့
စာဖတ်သူအတွက် ပျင်းစရာစာမျက်နှာတွေလည်း ရှိနေခဲ့တယ်။

နောက် ဖြေတဲ့သူတွေဖက်က တော်တော်များများဟာ ငယ်စဉ်ခါ ဘ၀နာခဲ့တာကို လူတိုင်းနီးပါး
ပြောခဲ့ကြတာ။ ရှာကြံပြောထားတဲ့ လူတစ်ချို့လည်းပါတာပေါ့။ လူတိုင်းကတော့၊ အောင်မြင်သည်ဖြစ်စေ၊
ရှုံးနိမ့်နေသည်ဖြစ်စေ၊ သူတို့ဖြတ်သန်းခဲ့တဲ့ တလျှောက် ဘ၀နာခဲ့တာတွေရှိခဲ့တာပါပဲ။
အောင်မြင်တဲ့အချိန်ရောက်မှ င့ါ တုန်းက ဘယ်လို ဘ၀နာခဲ့တာဆိုပြီး ပြောတတ်လေ့ရှိကြတာကလည်း
ဇာတ်ပေါင်းသော် ထိုသူကား ငါဘုရားဖြစ်လေ၏ ဆိုသလို ဇာတ်တော်တွေထဲက
အတိုင်းဖြစ်နေခဲ့တာတွေလည်း တွေ့ခဲ့ရတယ်။ ဘုရားကတော့ ဘုရားကိုးဗျ။ကြ

အဆိုးဆုံးကတော့ မေးတဲ့သူက မလိုအပ်ပဲ ကြွားဝါတာပဲ။ ဥပမာဆို- မောင်ကိုကို (အမရပူရ)။
ဒေါ်ဝင်းဝင်းတင့် အကြောင်းရေးတဲ့နေရာမှာ သူ့အဖွင့်က ကြွားရာရောက်ပြီး လူအမြင်ကတ်စရာဖြစ်တယ်။
သူဖွင့်ထားတဲ့အဖွင့်က ဒီလို။ တော်တော် မလှမပနဲ့ ရုပ်ဆိုးခဲ့တဲ့ အဖွင့်ဖြစ်သွားတယ်။

“ကျွန်တော် ရန်ကင်းစင်တာ Feel မှာ ဆင်းဒ၀စ် သွားသွားစာတတ်တယ်။
ဟမ်ဘာဂါ သွားသွားစားတတ်တယ်။ ခပ်ခြောက်ခြောက်လေး ကြော်ထားတဲ့ ထမင်းကြော်
သွားသွားစားတတ်တယ်။ ပြီးတော့ စတော်ဘယ်ရီဒိန်ချဉ်မှာသောက်တယ်။
မှန်လုံအအေးခန်းထဲမှာ ခပ်ကြာကြာထိုင်တယ်။ ဖီးလ်က မှန်တံခါးကို တွန်းဖွင့်ထွက်ပြီး
City Mart ကိုဝင်တတ်တယ်။ ကျွန်တော်က ဘာပစ္စည်းပစ္စယမှ အပိုမသယ်ဆောင်တတ်ပဲ
ဖရီးနေတတ်သူမို့ ပေါ့ပေါ့ပါးပါးပဲ City Mart ထဲက ပစ္စည်းတွေ လျှောက်ကြည့်နေတတ်တယ်။
ကျွန်တော်ကတော့ ဘောလ်ပင်တစ်ချောင်းသာ ၀ယ်လေ့ရှိပါတယ်”

ကဲ၊ အဲဒီလိုပဲရေးထားတာ။ ဘယ်လောက် မျက်စိစပါးမွှေးစူးစရာကောင်းသလဲ။
ပရော်ဖက်ရှင်နယ် အင်တာဗျူးသမားစစ်ရင် အဲဒီလို ဘယ်တော့မှ ဖွင့်လိမ့်မှာမဟုတ်ဘူး။
နောက်တစ်ယောက်က နေ၀င်းမြင့်။ ဇော်မင်းယုကို မေးတယ်။
မနောမယိဒ္ဓိဓာတ်ပုံပညာရှင်နှင့်တွေ့ဆုံခြင်းတဲ့။ ဘာလဲ မနောမယိဒ္ဓိ။ စာထဲမှာတော့
ပြန်ရှင်းထားပါတယ်။ ဒါပေမယ့် အဲလိုကြီးတပ်ဖို့တော့ မလိုအပ်ဖူးထင်တာပဲ။ လူငယ်တွေဖတ်မှာလေ။
သူတို့စိတ်ဝင်စားနိုင်မယ့် နာမည်ပေးမှုလေးလုပ်ထားရင် ပိုမကောင်းနိုင်ဘူးလား။

စာအုပ်ကို စီစဉ်သူက မိုးသန်းချစ်ပါတဲ့။ အမှာမှာတော့…

“လူငယ်တွေရဲ့ဘ၀ဦးတည်ချက်ကို ပြောင်းလဲစေတဲ့ အကြောင်းအရာ အချက်အလက်တွေကို
လူငယ်တွေကိုယ်တိုင်နဲ့ သူတို့ကို အုပ်ချုပ်နေတဲ့ မိဘတွေကိုယ်တိုင် သိနားလည်ထားဖို့
မသင့်ဘူးလား။ ဒါတွေဟာ မိဘတွေအနေနဲ့ ကလေးတွေကို ကိုယ်ဖြစ်စေချင်တဲ့ လမ်းကြောင်းကို
အတင်းအကျပ်ပုံသွင်းတာထက်ပိုပြီး အရေးမကြီးပေဘူးလား။ ဒီအချက်အလက်တွေကို
ရှာဖွေပြီး လူငယ်တွေနဲ့ လူငယ်တွေရဲ့ မိဘတွေကို တင်ပြလိုတဲ့ဆဒ္ဒဟာ ဒီစာအုပ်
ထုတ်ဝေရခြင်းရဲ့ အဓိကဦးတည်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်စာအုပ်ရဲ့
Target Audience တွေဟာ ၁၆-၂၅ ကြား လူငယ်များနဲ့ ၄င်းတို့ကိုအုပ်ချုပ်နေသော
မိဘများပဲ ဖြစ်ပါတယ်”

“ကျွန်တော့်အနေနဲ့ အသက် ၄၀- ၅၀ ၀န်းကျင်အရွယ် နယ်ပယ်ကဏ္ဍအသီးသီးမှာ အောင်မြင်နေတဲ့
ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့ ၁၆နှစ်သားဘ၀တုန်းက ရည်မှန်းချက်တွေ၊
သူတို့မိဘတွေရဲ့ ရည်မှန်းချက်တွေနဲ့ လက်ရှိသူတို့ရပ်တည်နေတဲ့ ဘ၀အကြား ကွာဟမှုကိုဖြစ်စေတဲ့
အကြောင်းအရာ အချက်အလက်တွေကို ရှာဖွေတင်ပြခြင်းဖြင့် ဒီနေ့လူငယ်အများစုနဲ့
သူတို့ရဲ့မိဘတွေကို တစ်စုံတစ်ရာသော အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်မိပါတယ်၊”

လို့၊ ပြောထားခဲ့တယ်။

စာအုပ်တန်ဖိုး ၄၅၀၀ကျပ်၊ ယခုစာအုပ်၏ အကျိုးအမြတ် ၁၀၀ ရာခိုင်နှုန်းကို
လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ မြင့်တင်ပြောင်းလဲမှု ကဏ္ဍများတွင် လှူဒါန်းသုံးစွဲသွားမည်။ တဲ့။
ဦးတည်ခဲ့တာက လူငယ်ပရိသတ်၊ စာတွေအသာထား၊ စာအုပ်ဈေး သိပ်ကြီးနေတယ်။
လူငယ်စုံအတွက် ရည်ရွယ်ရင် သေချာတယ်၊ လူငယ်တိုင်း ၀ယ်မဖတ်နိုင်ဘူး။
ဘာကြောင့် စာအုပ်ဈေးကို ထည့်ထည့်ပြောရတာလဲ။ ဖြစ်နိုင်ရင် ထည့်မပြောချင်ဘူး။
ဒါပေမယ့် ပြောဖို့လိုအပ်တယ်။ စာအုပ်ဈေးလေးကို နှစ်ထောင့် ငါးရာလောက်ထားနိုင်ရင်
ဝယ်နိုင်ပရိသတ်ပိုလိမ့်မယ်ထင်တယ်။ ဒါလည်း လှူဒါန်းခြင်းတစ်မျိုး မည်တာပဲ မဟုတ်လား။

လူကိုဦးတည်ပြီးမေးတဲ့ အင်တာဗျူးတွေဖြစ်လို့ ကိုယ်ရေးရာဇ၀င်ထည့်တဲ့အခါမှာ
အချက်အလက်တွေကို သာမန်ထည့်သွင်းမှုပုံစံမျိုးထက် စုံလင်အောင် ပိုလုပ်ပေးသင့်တယ်။
အမေးအဖြေထဲမှာ ပါမှာပဲ ဆိုပေမယ့်၊ အမေးအဖြေထဲမှာ မပါတာတွေရှိသလို တစ်ချို့အချက်တွေက
ကိုယ်ရေးရာဇ၀င်မှာ ထည့်မှ ပိုပြီးအားကောင်းသွားတာတွေရှိတယ်။

လူအမျိုးမျိုးဖြစ်လို့ အကြောင်းအရာအမျိုးမျိုး ဖြစ်နေတယ်။ ဖတ်တဲ့သူကတော့ ကြိုက်တဲ့ပုံစံ
ယူမှာပဲဆိုတဲ့ အမြင်ကတော့ ကောင်းပါတယ်။ အကုန်လုံးတော့မဟုတ်ဘူး။
ကောင်းနိုးရာရာ တစ်ချို့ကိုတော့ အောက်မှာ ပြန်တင်ပေးမယ်။ စဉ်ထားတာကတော့
စာအုပ်ထဲမှာ ဖော်ပြခဲ့တဲ့ စဉ်ပုံအတိုင်းပဲ ဖြစ်ပါတယ်။
နိုင်သလောက် သယ်သွားကြစေချင်ပါတယ်။

၁။

မိဘကတော့ တတ်နိုင်ရင် ကလေးတွေထဲမှာ ၀င်မပါတာကောင်းတယ်၊ မိဘစကားနားထောင်တဲ့
ကလေးတွေ တစ်သက်လုံးမကြီးပွားဘူး။ အောင်မြင်မှာလည်း မဟုတ်ဘူး။ မိဘစကားကို
မြေ၀ယ်မကျနားထောင်တဲ့ ကလေးတွေဟာ ငစနူတွေ၊ ငတုံးတွေ၊ အလကားလူတွေ။
မိဘစကားကို နားမထောင်တဲ့ ကလေးတွေက အာဂယောက်ျားတွေ။ ယောက်ျားလေးတွေပေါ့။
မိန်းကလေးကတော့ ကျွန်တော် မပြောတတ်ပါဘူး။
မိဘစကား နားထောင်တာ၊ မိဘပြောတဲ့အတိုင်းသာ လိုက်လုပ်ရင် ရှိခိုးစရာ ဘုရားတောင်
ကျွန်တော်တို့မရှိဘူး။ သိဒ္ဓတ္ထမင်းသား ဖအေက ဘုရင်ပဲ ဖြစ်စေချင်တာ။
မယားလေးနဲ့၊ သားတွဲလွဲလေးနဲ့။ ဘုရင်ကြီးဖြစ်စေချင်တာ၊ နန်းတော်ထဲမှာပဲ နေစမ်းပါ ငါ့သားရယ်။
ဟာ- ဖအေက အဲဒီလို လမ်းကြောင်းချပေးတာ။ Guide Line ချပေးထားတာ။ ၂၁နှစ်လောက်
မိန်းမပေးစား၊ ကလေးတွေဘာတွေယူခိုင်း၊ ပြဿနာ။ အဲဒီဖအေ့စကားသာ
နားထောင်လိုက်ရင်လေ ကျွန်တော်တို့ဗုဒ္ဓလည်းဖြစ်လာမှာ မဟုတ်ဘူး။ သူ့ဆန္ဒနဲ့ဖအေစကား
မိဘတွေ Guide Line နှစ်ခုကို ယှဉ်ထားတယ်။
ဆန္ဒကို ရဲရဲတင်းတင်း ထိုးဖောက်ရဲတယ်။ အရာရာကို စွန့်လွှတ်ရဲတယ်၊
ကိုယ့်လမ်းကြောင်းကိုယ် ရွေးချယ်ရဲတယ်။ အဲ့ဒီရွေးချယ်ရဲလို့ ၂၈နှစ်မှာ တောထွက်တယ်နော်ဆရာ။
အသက် ၂၈ နှစ်ကျမှနော်။ သူပုန်ကန်ရဲတာ။ သေချာတယ်ဆရာ။ အဲဒီ ၂၈ ကနေ ထွက်လာပြီးတော့
အကယ်၍သာ မိဘစကားနာယူနေရင် ကျွန်တော်တို့ စကြ၀တေးမင်းကို ဘုရားလို
ရှိခိုးရမှာ။ အဲ အခုသေချာတယ်ဆရာ။ ဗုဒ္ဓအစစ်ကို ကျွန်တော်တို့ရသွားတာ။
၂၈ နှစ်ကနေ ကျင့်တာနော်ဆရာ သူရဲ့ကျင့်ကြံမှု စိတ်ဓာတ်ကိုကြည့်ဆရာ၊ မာတယ်နော်ဆရာ၊
၃၅ ကျမှ ဘုရားဖြစ်တာနော်၊ အဲဒီတော့ ဒါကိုကြည့်လိုက်ရင် ဒါက အာဂယောက်ျားလမ်းကြောင်းက
ရှင်းပြီ။ လူငယ်တွေရဲ့ လမ်းကြောင်းကရှင်းနေပြီ။ မိဘတွေ ဘာဖြစ်ချင်လဲ။
မိဘတွေ ၀င်မပါနဲ့။ ကိုယ့်သားကို စကြ၀တေးမင်း မဖြစ်စေချင်နဲ့။ သူ့လမ်းကြောင်း သူသွားပါစေ။
မမှားအောင်ပဲဆရာ၊ မမှားအောင်ပဲ။ သူလိုချင်တာ ဖြည့်စွက်ပေးဖို့ပဲ။
တကယ်တန်းမိဘတွေရဲ့တာဝန်က ဒီကလေးရဲ့ အားနည်းချက်တွေ၊ သူ့မှာလိုအပ်တဲ့ အရာတွေဖြည့်စွမ်း
ပေးဖို့က အဓိက။ ဒါပေမယ့် ဒီကလေးက မိဘတွေရဲ့စကား နားထောင်တာတော့
ကျွန်တော်တို့ မလိုလားဘူး။ အဲဒါတွေ ထည့်ရေးလို့ ကောင်းပါ့မလားမသိဘူး။
စံ-ဇာဏီဘို

၂။

လူရယ်လို့ ဖြစ်လာရင် ကိုယ်မလုပ်ချင်တာ ကြုံရင်လည်း ရှောင်မသွားရဘူး။
ဒါ Challenge ပဲ၊ ပြဿနာပဲ၊ လူဟာ သာယာတာကို ကြိုက်တယ်၊ Animal ပဲ။
အမှန်အတိုင်းပြောရင် အသိစိတ်လေးတစ်ခုနဲ့ပဲ ထိန်းကြတယ်။ ဖောက်ပြန်ချင်တာအများကြီးပဲ၊
အဲဒီအသိစိတ်မှာ တာဝန်အရ လုပ်သင့်တဲ့ဟာမျိုးရှိရင် စိတ်မပါလည်း လုပ်ရမယ်။
Pressure ရှိရင် အဲ့ဒီ Pressure ဒဏ်ကို ခံနိုင်စေချင်တယ်။ အခက်အခဲရှိရင် ဒီဟာကြီးကို
ရှောင်သွားလို့ မရဘူး၊ တိုးရမယ်၊ စိတ်မပါဘူးဆိုတော့ စိတ်မပါတဲ့ဟာ မှန်သမျှဘယ်လို
လုပ်ရမလဲ၊ စိတ်မပါသည့်တိုင် လုပ်လို့ရတယ်။ အဲတာလေးကိုတော့ ငယ်ငယ်လေးကတည်းက
Train လုပ်စေချင်တယ်။
ကျွန်တော့်အတွေ့အကြုံအရ ဆိုရင် ဘ၀ဆိုတာ တစ်သမတ်တည်းမရှိဘူး။
Challenge တွေကြုံရမယ်။ ဒီအတွက် အခု မတော်ရင်လည်း ဘာမှစိတ်ပျက်ဖို့မလိုဘူး။
အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက ကျွန်တော်တို့ကျောင်းမှာ အတော်ဆုံးဆိုတဲ့ လူတွေဟာ
ဘ၀မှာ အားလုံးအောင်မြင်နေကြတာတော့ မဟုတ်ဘူး။ အညံ့ဆုံးဆိုတဲ့လူကလည်း
ဘ၀မှ အအောင်မြင်ဆုံးဖြစ်ရင်လည်း ဖြစ်နေတတ်တယ်။ Formula မရှိဘူး။
ငယ်ရွယ်စဉ် ၁၅ နှစ်၊ ၁၆ နှစ်ကျောင်းသားဘ၀မှာ ငါကအတော်ဆုံး၊ အကုန်နိုင်တယ်ဆိုတာမျိုး
မဟုတ်ဘူး။ ဒါတစ်ခုတည်းနဲ့ မပြီးဘူး။ မတော်တဲ့လူက သိမ်ငယ်နေဖို့မလိုဘူး။
အရေးကြီးဆုံးက Keep Improving ဖြစ်ဖို့ ကြိုးစားစေချင်တယ်။ အခုတော်နေတာကို
မကျေနပ်ပါနဲ့။ ယုန်နဲ့လိပ်ပြေးသလို ရွှေ့နေဖို့ အရေးကြီးပါတယ်။ လူငယ်တွေ ကြားမှာ
ပြိုင်ဆိုင်နေကြတာ လောလောဆယ် စာမှာပဲ ဖြစ်လိမ့်မယ်ထင်တယ်။ တကယ်တော့ ဘ၀မှာ
နောက်ထပ်ကြုံရမှာတွေက အများကြီး၊ အဲဒီတော့ တော်အောင်တော့ အမြဲကြိုးစားနေဖို့လိုပါတယ်။
ဦးသောင်းတင်(KMD)

၃။

လူငယ်လေးတွေမှာ အရေးကြီးဆုံးက စိတ်ဓာတ်ပါ။ စိတ်ဓာတ်ဖြူစင်ကောင်းမွန်ဖို့
အခြေခံလိုအပ်ပါတယ်။
သူရဲ့တကယ်ပျော်ရွှင်မှုအတွက် သူဘာလုပ်ရမယ်ဆိုတာ သူသိဖို့လိုပါလိမ့်မယ်။
သူ့ဘ၀ရဲ့ပျော်ရွှင်မှုကို သူရနေပြီဆိုရင် မိဘတွေဖက်ကလည်း ကိုယ့်ကလေးအပေါ်
ကျေနပ်ပေးရမှာပါ။
မိဘတွေဖက်က လုပ်ပေးမယ်ဆိုရင် ကိုယ့်သားသမီးရဲ့စိတ်ဓာတ်ကို
ပျိုးထောင်ပေးဖို့ပတ်ဝန်းကျင်ကောင်းထဲမှာ နေထိုင်စေဖို့နဲ့ အတွေးသစ်ပွားစေမယ့်
ပတ်ဝန်းကျင်ထဲမှာ နေထိုင်နိုင်ဖို့ကို ဖန်တီးပေးဖို့ပါ။
ဒေါ်ဝင်းဝင်းတင့်(City Mart)

၎။

ကျွန်တော့်အသက်အရွယ်အလိုက် လုပ်သင့်တာတွေကို ကြိုးစားလုပ်ခဲ့တယ်။
ကျွန်တော်ကတော့ဘ၀မှာ ကြုံရတာတိုင်းကို သည်းခံစိတ်နဲ့သွားခဲ့တာပါပဲ။
အဓိကကတော့ သန့်စင်အောင်နေဖို့ပါပဲ။ ကိုယ့်စိတ်ကိုယ် အချိန်တိုင်း သန့်စင်အောင်
ထားပါတယ်။ ဒေါသထိန်းဖို့ အမှားအနည်းဆုံးဖြစ်ဖို့ ဂရုစိုက်ပြီးနေထိုင်ပါတယ်။
ဒေါက်တာကျော်စော(စာပန်းအိမ်)

၅။

လူတစ်ဦးချင်းဟာ စိတ်ခံစားမှုရှိကြ သူတွေချည်းပဲ။ ဘ၀ကိုတန်ဖိုးအဖြစ် ရှု့မြင်ရာမှာ
ကွဲပြားနိုင်တယ်လို့ ခံယူလိုက်ရင် ပြဋ္ဌန်းစရာလည်း မလိုတော့ဘူး။
ပြဋ္ဌန်းခံစရာလည်း မလိုတော့ဘူး။ ကိုယ့်လမ်းကြောင်းကို ရဲရဲဆုံးဖြတ်၊ ရဲရဲလျှောက်၊
အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲရှိတယ်။ တစ်ခုတော့ရှိတာပေါ့။ မိဘတွေရဲ့ ပြဋ္ဌန်းမှုကိုလည်း
မခံယူချင်ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း မပြဋ္ဌန်းဘူးဆိုရင်တော့ ဟိုမရောက်၊ဒီမရောက်
ဖြစ်မှာပဲ။ လူငယ်ဆိုတာ သူတစ်ပါးက ပြဋ္ဌန်းတာကိုမခံချင်ရင် ကိုယ့်ကိုယ်ကို ခိုင်ခိုင်မာမာ
ပြဋ္ဌန်းဖို့တော့လိုမယ်။ ဒီခေတ်က မျက်စိပိတ်၊နားပိတ်ခေတ် မဟုတ်တော့ပါဘူး။
လုပ်စရာတွေများပါတယ်။
လူဆိုတာ တာဝန်သိခြင်း၊ ထိုတာဝန်ကို ယူနိုင်ခြင်း၊ ယူထားတဲ့တာဝန်ကို ဆောင်နိုင်ခြင်းဆိုတဲ့
စွမ်းရည်တွေရှိဖို့လိုတယ်။ ဒီနေရာမှာ တစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာရှိခြင်းဟာ
ကိုင်စွဲရမယ့်တရားအဖဖြစ်ရှိရမယ်။
ဓာတ်ပုံဇော်မင်းယု

၆။

ဘ၀မှာ ကိုယ့်ဘ၀၊ ၀ါသနာပါတာကို လုပ်တာကောင်းတယ်။ မယုံကြည်ပဲ ဘာမှမလုပ်ပါနဲ့။
အရေးကြီးဆုံးကတော့ ဘ၀ရဲ့ဟန်ချက်ပဲ။ ဟန်ချက်လွဲလို့ အအောက်ပြုတ်ကျသွားပြီဆိုရင်တော့
အဆိုးဆုံးအနေနဲ့ ရင်ဆိုင်ရမယ်။ ဒါကြောင့် အောက်ကို ပြုတ်မကျအောင် ဂရုစိုက်ပြီးလျှောက်။
လူဟာ သူနဲ့တန်တဲ့ဥစ္စာကို လုပ်လို့ရှိရင်သွားတာပဲ။ Knock Out ကျတာပဲ။ သူ့အဆင့်နဲ့မှီတဲ့
လစ်မစ်တော့ရှိတာပေါ့လေ။ အဲဒီလစ်မစ်ထက်ကျော်ပြီးLimit နားနီးအောင်တောင်
သူအမြဲတန်း လှုပ်ရှားရုန်းကန်နေရတယ်ဆိုရင် ကျွန်တော်ထင်တယ်၊
သူ down တာပဲ။
ဟိုဟာဖြစ်ချင်တယ်၊ ဒီဟာဖြစ်ချင်တယ်ဆိုတဲ့ မှန်းချက်တွေက အပေါ်ယံတွေပဲ။
Very Superficial ပဲ။ အခုကျွန်တော်ဝါသနာပါတဲ့ ဘောလုံးပွဲကြည့်မယ်။ စာသွားသင်မယ်။
ကိုယ်ဝါသနာပါတာလေး လုပ်လိုက်မယ်။ ဒီလိုပဲ ဟိုသွားလိုက်မယ်။ ဒီသွားလိုက်မယ် ဆိုတော့
ဒီဥစ္စာအနှစ်သာရက ဘာလဲဆိုတော့ တိရစ္ဆာန်နဲ့ဘာမှမထူးဘူး။
ဒါလေးတွေမှာ ကိုယ့်ဟာနဲ့ကိုယ်တော့ ဟုတ်လှပြီမှတ်နေတာပေါ့လေ။
အငြိမ်းစာပါမောက္ခချုပ်ဦးမော်သန်း

၇။

အကြွင်းမဲ့မှန်ကန်ခြင်းဆိုတာကို လက်မခံဘူး။ အမှန်တရားဆိုတာ အချိန်နဲ့အမျှ
ပြောင်းလဲသွားနေတယ်။ ဒါကို ငါယူတာမှမှန်တယ်လို့ အစွဲစွဲပြီး ငါလို့မယူရင်မှားတယ်ဆိုတဲ့
အမြင်မျိုး ဆရာတော့မမြင်ဘူး။
၁၀ ယောက်မှာ တစ်မျိုးမြင်ပြီး တစ်ယောက်တည်းက တစ်မျိုးဖြစ်နေလို့ ဘယ်ဟာမှန်သလဲ
ဆိုတာထက်၊ တစ်ယောက်က ဘာကြောင့်ဒီလိုမြင်သလဲ။ ၁၀ ယောက်ကကော
ဘာကြောင့်ဒီလိုမြင်သလဲဆိုတာ နားလည်အောင်လုပ်တာ ပိုအရေးကြီးတယ်။ ကိုယ်နဲ့
ဆယ်ယောက်နဲ့ အမြင်မတူဘူးဆိုရင် ဘာကြောင့်သူတို့ဒီလိုမြင်သလဲ။ သူတို့ဘာကြောင့်
ဒီလိုတွေးသလဲ၊ ငါကတော့ ဒီလိုတွေးတယ်၊ သူ့အတွေးကို ကိုယ်နားလည်အောင်
လုပ်နိုင်ရင် ကိုယ့်အတွက်အမြတ်ပဲ။
သူတို့က ဆယ်ယောက်မို့ သူတို့ကိုလက်ခံရမယ်၊ ကိုယ့်ယုံကြည်ချက်ကို စွန့်လွှတ်ရမယ်
မဟုတ်ဘူး။ မဟုတ်တာလုပ်ရင် ငါချမ်းသာနိုင်တယ်။ ဒါ ငါသိတယ်။ မလုပ်ဘူး။
အဲဒီ Choice ရှိစေချင်တယ်။ ဒါ ကိုယ့် Choice ကိုး၊ ဒါပေမယ့် မဟုတ်တာလုပ်ပြီး
ချမ်းသာနေတဲ့လူကိုလည်း ကိုယ်က သိနားလည်ရမယ်။ အဲဒါသူ့ Choice ပဲ။
ပါမောက္ခဒေါက်တာအောင်ထွန်းသက်

၈။

အခု လောလောဆယ် လူငယ်တွေ တော်တော်များများ ဘ၀ပျက်နေကြတာလည်း
ပတ်ဝန်းကျင်ကြောင့်ပဲ။ ဒါလည်း ပတ်ဝန်းကျင်တစ်ခုပဲ။ အဲဒီတော့ ကျွန်တော့်အမြင်ကို ပြောရရင်
ခုန ဗီဇရယ်၊ ကုသိုလ်ကံရယ်ဆိုတာကတော့ သူ့ရဲ့ သမာဓိ၊ ဘာဝနာ၊ ဒါတွေနဲ့
ဆိုင်မယ်ထင်တာပဲ။
လူ့လောကအတွက် အကျိုးပြုနိုင်ဖို့ဆိုတာ ပတ်ဝန်းကျင်ကလည်း အရေးကြီးတာပေါ့။
ကလေးတွေကနေ ကောင်းတဲ့လူကြီးတွေ ဖြစ်လာဖို့ဆိုရင် ပတ်ဝန်းကျင်က အရေးကြီးတာပေါ့။
စိတ်ဓာတ်မကျနဲ့၊ ရည်မှန်းချက်သတ်သတ်မှတ်မှတ်ထားပြီး အဲဒီရည်မှန်းချက်အတိုင်း
စိုက်လိုက်မတ်တပ် ကြိုးစားရင် ဖြစ်နိုင်ပါတယ်။
ဒေါက်တာတင်စိုး

၉။

မြန်မာသည် မည်သည့်နေရာရောက်နေသည်ဖြစ်စေ မြန်မာသာဖြစ်ပြီး မိမိနိုင်ငံကို
ပစ်ပယ်၍မရ။ ရောက်လေရာနေရာတွင် နိုင်ငံအကျိုး၊ လူမျိုးတိုးတက်ရာ တိုးတက်ကြောင်းကို
ကြံစည်လုပ်ကိုင်နေရမည်။
ကမ္ဘာအနှံ့တွင် အလွန်တော်သော မြန်မာများရှိသည်။ မည်သည့်အခြေအနေမဆို
ကိုယ့်တိုင်းပြည်ဖက်မှ ရပ်တည်ရမည်။ ကိုယ့်တိုင်းပြည်ပြန်လာဖြစ်လျှင်လည်း တိုင်းပြည်အတွက်
အကျိုးပြုရမည်။
လူငယ်များအနေဖြင့် အမှန်ကိုအမှန်အတိုင်း မြင်တတ်ရန်လိုသည်။
မိမိဖြစ်သမျှသည် မိမိလုပ်ဆောင်ချက်သာဖြစ်သည်။
What Happen to you, is the result of what you have done.
သာဖြစ်သည်။
ဗိုလ်မှူးချုပ်အေဘယ်(လ်)

ဟုတ်ကဲ့။ ကျွန်တော်ဖက်က ဒီလောက်မျှသာပါပဲ။

ငါတကယ်အိပ်ချင်နေပြီ

ငါတကယ်အိပ်ချင်နေပြီ။
ငါတကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုကို အားမနာတမ်း
ရှောရှောရှူရှူဝင်အောင် ဘယ်လိုပြောရမလဲ
အဲဒါခက်တယ်။ ဒီမှာအဲဒါ သိပ်ခက်တယ်
ငါတကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုအပေါ်
မင်းတစ်မျိုးတမည်ခံစားအဓိပ္ပာယ်ဖွင့်ဦးတော့မယ်
ငါသိတာပေါ့။ ကျီးကျီးချင်းသိသလို ငါသိတာပေါ့
တကယ်က ဘယ်လိုပစ်ခွာဖယိကျဉ်မှုမျိုးမှ မပါဘဲ
ရိုးရိုးပြောတာ။ တကယ်မျက်ခွံတွေလေးကျလာလို့
တကယ်အနားယူဖို့ လိုလာလို့ ငါ့ဘော်ဒီအတွင်းထဲက
ခေါင်းလောင်းသံတွေ ငါပြန်ဆိုလိုက်တာပါ
ငါတကယ်အိပ်ချင်ပြီကွာ။

လူဆန်း
၂၀၀၆
ရေးသူလူဆန်းကဗျာစာအုပ်မှ။

ကိုမိုးဆတ် ဖွထားလို့ ဖတ်ချင်နေသောသူများ ဆန္ဒပြည့်လိမ့်မယ်ထင်ပါကြောင်း။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.