Monday, December 1, 2008

[Htoo Myat] 1 New Entry: Triple A (open source game)

Triple A (open source game)

Screen shot : TripleA

Open source software ဆိုတာဟာ အရင်ကတော့ အခမဲ့ ဖြန့်ဝေထားပြီး အသုံးပြုသူတွေ ကလည်း ပိုပြီး တိုးတက် ကောင်းမွန်အောင် ပြုပြင်လို့ ရအောင် မူလ ရင်းမြစ်ကိုပါ တခါတည်း မျှဝေထားတဲ့ Software လေးတွေ လို့ သိရတယ်။ အဲဒီတော့ ဂိမ်းလည်း မ၀ယ်နိုင်၊ ဆွဲချဖို့ကလည်း အင်တာနက်က မမြန် ဆိုတော့ကာ ဂိမ်းပိစိတွေ ဆော့ဖို့ လိုက်ရှာရာကနေ အခု Open source software တောင် ရှိပါတယ် ဆိုမှတော့ Open source game တွေရော မရှိနိုင်ဘူးလား ဆိုပြီး လိုက်ရှာမိပါတယ်။ အဲဒါနဲ့ ဒီဂိမ်းကို တွေ့ပါတယ်။

Triple A ဟာ ဒုတိယ ကမ္ဘာစစ် နောက်ခံ မဟာမိတ်နဲ့၊ ၀င်ရိုးတန်း နှစ်ဖွဲ့ တိုက်ကြတာကို အခြေခံထားတဲ့ ဂိမ်းပါ။ အံစာတုံးနဲ့ တိုက်ခိုက်ပုံကို အခြေခံပြီး Board Game တစ်ခုလို အလုပ်လုပ်ပါတယ်။ Real Time Strategy မဟုတ်ပါဘူး။ အလှည့်ကျ စံနစ်ပါ။ ကျနော်ကတော့ တခြား ထပ်လုပ်ထားတယ်လို့ ထင်ရတဲ့ မြေပုံတွေကို သိပ် မကြိုက်လို့ မကစားဖြစ်ပါဘူး။ Classic မြေပုံက မြောက်ပိုင်း အလာစကာ ဒေသနဲ့ ရုရှား မြောက်ပိုင်းမှာ မြေပုံဆွဲတာ အချိုးမကျလို့ မကစားဖြစ်ပါဘူး။ စစခြင်း ဖွင့်လိုက်တာနဲ့ ပေါ်လာတဲ့ Revised ဆိုတဲ့ မြေပုံပဲ ကစားဖြစ်ပါတယ်။

အဲဒီ ကစားလို့ ကောင်းတဲ့ မြေပုံမှာတော့ ဂျာမန် + ဂျပန် နဲ့ အမေရိကန် + ဗြိတိန် + ရုရှား ဖြစ်နေပြီး ဂျာမန် တပ်တွေ ရုရှားထဲ စ၀င်လာမဲ့ အချိန်ကနေ စပါတယ်။ သုံးတပ် နှစ်တပ် မမျှပေမဲ့ ဂျပန်နဲ့ ဂျာမန် နှစ်တပ်လုံးက စတာနဲ့ ရုရှားကို ပုံပြီး တိုက်ကြတဲ့အတွက် ခဏလေးနဲ့ ရုရှား ပျောက်သွားပါလိမ့်မယ်။ ကစားသူက ကိုယ်ကြိုက်တဲ့ ဖက်ကို ယူလို့ရပါတယ်။ ရုရှားနဲ့ ကျနော် အကြိမ်ကြိမ် စမ်းကြည့်ခဲ့ဖူးပါတယ်။ လုံးဝ မခုခံနိုင်ခဲ့ပါဘူး။ ဂျပန် ယူတဲ့ တစ်ခေါက်ပဲ ရန်သူ အားလုံး ကုန်တဲ့အထိ နိုင်ခဲ့ဖူးပါတယ်။

အမေရိကန် တစ်ခေါက် ယူတဲ့ အလှည့်ကျတော့ ကျနော် ဂျပန်ယူတုန်းက ဗျူဟာအတိုင်း ပင်လယ်ကို အပိုင်ကိုင်ထားနိုင်ဖို့ ရေတပ်ကြီးကြီး အဓိကထား ဆောက်ပါတယ်။ ထိန်းလည်း ထိန်းထားနိုင်ခဲ့ပါတယ်။ ကျနော့် ရေတပ် အင်အားကြောင့် ဂျပန်က သူ့ ပင်မ ကျွန်းကနေ အာရှတိုက်ကို နောက်ထပ် စစ်သား မပို့နိုင်တော့တဲ့အထိ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ရုရှ စောစော ကျသွားပြီး ကျနော့်မဟာမိတ် ဗြိတိန်က ရေတပ် ကောင်းလို့သာ ကံသီလို့ သူ့ကျွန်း ပါမသွားပဲ ဥရောပ တစ်တိုက်လုံးကို ဂျာမန်လက်ထဲ အပ်ထားလိုက်ရတာ ကျနော် ဂျပန်ကျွန်းကို ၀ိုင်းမိလို့ ဂျာမန်ကို စတိုက်မယ်လို့ ကြံတော့ ဂျာမန်တပ်တွေက ၁၀၀ ကျော်တွေ ဖြစ်ကုန်ပါပြီ။ နောက်ဆုံးမှာ သူ ရေတပ် ထုတ်မရလို့ မရှုံးနိုင်ပေမဲ့ ဘယ်လိုမှ မနိုင်နိုင်တော့ဘူး ဆိုတာကို သဘောပေါက်လို့ ရပ်လိုက်ပါတယ်။

အီတလီပါ ပါတာ ဆော့ချင်ရင်တော့ Pact of steel ဆိုတဲ့ မြေပုံကို choose game မှာ ၀င်ရောက် ရှာဖွေပြီး ဆော့နိုင်ပါတယ်။ ပြင်တတ်မယ်ဆို သူ့ဖိုင်ထဲက နံပါတ်တွေနဲ့ မူလ မြေပုံတွေရဲ့ နမူနာတွေကြည့်ပြီး open source ဂိမ်း ဖြစ်တဲ့အလျောက် ပြုပြင်နိုင်ပါတယ်။

ထုံးစံအတိုင်း ကစားသူက လွဲလို့ နောက်ကကြည့်သူတွေ သေလုမြောပါး ပျင်းတဲ့ Strategy game ပါ။ Strategy game တွေပဲ ပိုဆော့လေ့ ရှိတဲ့ သူတွေနဲ့သာ ကိုက်ပါလိမ့်မယ်။ install လုပ်စရာ မလိုပါ။ ဖိုင်ကို ဖြည်လိုက်ပြီး TripleA icon ကို နှိုပ်ပြီး ဂိမ်းကို ကစားနိုင်ပါတယ်။ အသေးစိတ်တော့ မရေးတော့ပါဘူး။ အချိန်နည်းနည်းလေး ပေးပြီး ကိုယ့်ဟာကိုယ် ကစားကြည့်ရင် နားလည်လာပါလိမ့်မယ်။

သူ့ ကိုယ်ပိုင် အင်တာနက် စာမျက်နှာမှာ သွားရောက်ဆွဲချပါ။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.