Monday, December 1, 2008

[DeGoLar] 2 New Entries: ♠ Honesty & Anonymity (6)

♠ Honesty & Anonymity (6)

ဆက်ရေးဖို့အတွက် ရေးပြီးသားပို့စ်တွေ ပြန်ဖတ်ရတယ်၊ တခါတလေ ဘယ်ကဆက်ရမှန်း မသိဘူး။ ရေးခဲ့ပြီးတဲ့ လီခွန်းလင်းအကြောင်းက တဝက်တပျက်အဆင့်မှာပဲ ရှိသေးတယ်လို့ ထင်တယ်၊ ဒါကြောင့် ဒီလူ့အကြောင်း နည်းနည်းလေး ထပ်ကွန့်လိုက်အုံးမယ်၊ စိတ်ရှည်ရှည်ထားကြပါ။ (ကျေးတမာနဲ့ ပေဖူးလွှာ နောက်ခံတီးလုံးလွှင့်)

ရေးခဲ့သလိုပဲ အဲဒီလူက ဘက်စုံရတယ်၊ နိုင်ငံအများကြီး သွားဖူးတယ်၊ အဲ၊ ထူးခြားတာက သူနေမယ်ဆို ကြိုက်ရာနေရာမှာ နေလို့ရပါလျက်နဲ့၊ သူ့ကို ငွေတွေပုံအောပေးပြီး အကျအန ကျွေးထားမွေးထားမယ့် ကုမ္ပဏီကြီးတွေ နိုင်ငံတကာမှာ ရှိနေပါလျက်နဲ့ နောက်ဆုံး ဘယ်နေရာမှာ အခြေချသလဲ ဆိုတော့ သူ့မွေးရပ် ထိုင်ဝမ်ဆိုတဲ့ နိုင်ငံတောင် မမည်တဲ့ ကျွန်းကလေးပေါ်မှာပါ၊ အဲဒါတောင် အကြီးဆုံး အတိုးတက်ဆုံးဖြစ်တဲ့ ထိုင်ပေမြို့မရွေးပဲ သူဇာတိ ကောင်းရှုံမြို့ကိုပဲ ရွေးချယ်ခဲ့တယ် (အော့စဖို့ဒ်မလိုပါ၊ ဘော့စတွန်မလိုပါ၊ တကယ်နေတဲ့ နေရာကသာ အကောင်းဆုံးပါ)။ အဲဒီကျွန်းလေးက သူ့လိုလူမျိုးကို ဆွဲဆောင်ထားနိုင်တာ သတိပြုစရာပဲ၊ စင်္ကာပူမှာ အဲသလောက်ထိ ဆွဲဆောင်အား မရှိနိုင်ဘူးလို့ ကျနော်ထင်တာပဲ၊ ဘာဖြစ်လို့လဲ၊ ရှင်းပါတယ်၊ အဲသလောက်မှ လွတ်လွတ်လပ်လပ် ပွင့်လင်းလို့ မရပဲကိုး။ အထူးသဖြင့် လီမျိုးတွေကြီးစိုးတဲ့ (အဟွတ် အဟွတ်) ဆက်ဖတ်ပါ။

သိတဲ့အတိုင်း အင်တာနက်ပေါ်မှာ အတိုင်းအတာတခုထိ ပွင့်လင်းနိုင်တယ်၊ အကြောင်းက မည်သူမည်ဝါ ဆိုတာ လှစ်ဟပြစရာ မလိုလို့ပဲ။ အင်တာနက်မှာ အများတကာ အသိအမှတ်ပြုထားတဲ့ မောင်ဖြူဆိုတဲ့ ယောက်ျားကြီးက လက်တွေ့ဘဝမှာ မနီဆိုတဲ့ မိန်းခလေး ဖြစ်နေနိုင်တယ်။ မနီ မပြောရဲ မတွေးရဲတဲ့ ကိစ္စတွေကို မောင်ဖြူက ပြောတယ်၊ တွေးတယ်၊ ဒါပေမဲ့ အဲဒါက ရိုးသားမှုကို လျစ်လျူရှုထားတာပဲ။ ပုံပြင် ဝတ္ထုလိုမျိုး ရေးနေတာမဟုတ်ပဲ ကိုယ့်အဖြစ်အပျက်တွေ မှတ်သားဝေမျှနေတဲ့ ဘလော့ဂ်လို ဇာတ်ခုံတစ်ခုမှာ အမည်နာမတွေကို အခြေအနေအရ ပြောင်းထားတာ အဆန်းမဟုတ်ပေမယ့် ပင်ကိုယ် အတွေးအခေါ်၊ အမူအကျင့်၊ အနေအထားတွေကိုပါ လုံးဝ ပုံပြောင်းထားရင် သူ/သူမနဲ့ interact လုပ်နေသူကို လှည့်စားရာရောက်တယ်၊ လက်တွေ့မှာ ဒီလူက ရှိမှမရှိတာ။ အဲဒါကြောင့် ချက်ရွမ်းတို့ဘာတို့မှာ သူစိမ်းနဲ့ စကားပြောတဲ့အခါ သူ့ရဲ့ အချက်အလက်တချို့ကို သိပြီးတော့မှ ပြောဆိုကြတာဟာ ဒီလိုလူတစ်ယောက် တကယ်ရှိတယ်လို့ ပိုသေချာချင်လို့ပဲ။

လူမှန်ရင် အတ္တတော့ ရှိတတ်စမြဲပဲ၊ ငါ ရှင်သန်နေဆဲပါလား၊ ငါ လုပ်ချင်တာ လုပ်နိုင်ဆဲပါပဲလား၊ ငါ အရာရောက်နေဆဲပါလား ဆိုတဲ့ ငါစွဲမျိုးလည်း အနည်းနဲ့အများ ရှိတတ်ကြတာပဲ။ တချို့တွေက ကိုယ့်ကိုကိုယ် ရုပ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ အနာတရဖြစ်အောင် တမင်လုပ်ယူပြီး ရှင်သန် နေသေးကြောင်း ပြကြတယ်၊ တချို့တွေက ပတ်ဝန်းကျင်ကနေ သတိထားမိအောင် ထူးထူးခြားခြား နေပြတယ်၊ ဝတ်စားပြတယ်။ ဘယ်လိုပဲလုပ်လုပ်၊ ဒါတွေဟာ အတွင်းစိတ်က ကွက်လပ်ကြီးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြည့်ဆည်းနေတာပဲ။ ကျနော် သတိထားမိသလောက် မြန်မာပြည်မှာ ဒီလို လက္ခဏာမျိုးကို အောက်က ပုံစံတွေနဲ့ အများဆုံး ဖော်ပြတတ်ကြတယ်။

၁။ ရောက်လေရာမှာ နာမည်ရေးခြစ်ထားတတ်တာ (စေတီပုထိုး၊ ပန်းခြံ စသည်)
၂။ စတိတ်ရှိုးလို ပွဲမျိုးတွေမှာ စင်အောက်ကနေ သံသေးသံကြောင်နဲ့ အော်ဟစ်တတ်တာ
၃။ ကိုယ်ပိုင်မဟုတ်ပဲ သူများပစ္စည်းနဲ့ အငှားကြွားတတ်တာ
၎။ သူတပါးရဲ့ ဆိုးချက်တွေ၊ အားနည်းချက်တွေကိုပဲ ဖိပြောတာ၊ အတင်းပြောတာ

အဲဒီထဲမှာ အငှားကြွားတာက အခုလောလောဆယ် ဖြစ်သွားတဲ့ ဘလော့ဂ်ကိစ္စပေါ့၊ ခက်တာက သူများအင်္ကျီ ငှားဝတ်တာမဟုတ်ပဲ ပိုင်ရှင်ကို အသိမပေးတဲ့အပြင် ကိုယ့်အပိုင်လို့ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တော့ ပိုဆိုးသွားတယ်။ အစကတည်းက ကျနော်သူ့ကို သူရေးနေသလိုပဲ အပြင်မှာ ဖြစ်လိမ့်မယ်လို့ ယုံထားတယ် (လူတစ်ယောက်ကို မယုံကြည်တာက တော်တော်လေး စိတ်ပင်ပန်းတယ်၊ ဒီကိစ္စမှာ အကယ်၍များ ယုံထားသလို မဟုတ်ခဲ့ရင် ဘာမှလည်း နစ်နာမှာမဟုတ်တော့ ယုံပါတယ်)၊ ဖြစ်လည်း ဖြစ်နိုင်တာပဲ၊ တတ်နိုင်သူတွေ ယူအက်စ်နဲ့ ယူကေကို လူးလာခတ်သွားနေတာ မဆန်းဘူးလေ၊ မြန်မာပြည်ထဲက ကြီးကြီးမာစတာနဲ့ ပတ်သက်တာကိုလည်း လက်ခံထားတယ်၊ အဲဒါက သူမ အပြစ်မဟုတ်ဘူး၊ လူဆိုးတစ်ယောက်နဲ့ အမျိုးတော်စပ်သူက ဘယ်တော့မှ လူကောင်းတစ်ယောက် မဖြစ်နိုင်တော့ဘူးလား၊ ကျနော်ကတော့ အဲသလို မတွေးပါဘူး (ဒီမှာ ပြောနေတာက မြန်မာပြည်ထဲက လူဆိုးကြီးကြီးမာစတာ တစ်ယောက်ယောက်နဲ့ ပတ်သက်နေတဲ့ လူသားတစ်ယောက်ပါ၊ ဘယ်သူ ဘယ်ဝါရယ်လို့ မဟုတ်ပါ၊ ကြဉ်သင့် မကြဉ်သင့်က နောက်တကိစ္စပါ၊ သူ နောက်ဆုံး တင်သွားတဲ့ပို့စ်က လမ်းညွှန်ပေးသွားပါတယ်)။ ဆိုလိုတာက ကျနော့်လို လူတစ်ယောက်အနေနဲ့ကတော့ ကိစ္စနှစ်ခုကို ခွဲမြင်ပါတယ်၊ တစ်စုံတစ်ယောက်နဲ့ ပတ်သက်နေတာက ကျနော့်စိတ်ထဲမှာ သိပ်ကြီးတဲ့ကိစ္စ မဟုတ်ခဲ့ပါဘူး၊ အထူးသဖြင့် ရပ်တည်ချက် ထင်ရှားတဲ့ ကျနော်တို့လို လူတွေနဲ့ အရောဝင်ချင်စိတ် ရှိနေကတည်းက အတွေးအခေါ်ချင်း နီးစပ်တယ်လို့ ယူဆမိတယ်။ ကျနော့်အနေနဲ့ အပြစ်မြင်တာကတော့ မရိုးသားမှုပါပဲ။

ရေးလေဝေးလေဖြစ်မှာစိုးလို့ ခေါင်းစဉ်နဲ့ပြန်နွှယ်မယ်။ မြန်မာပြည်မှာ ပွင့်လင်းချင်ရင် ဘာမဟုတ်တဲ့ ကိစ္စလေးတွေပဲ ပွင့်လင်းခွင့်ရတယ်၊ တိုင်းပြည်နဲ့ချီတဲ့ အရေးကြီးကိစ္စတွေ ဆိုရင်တော့ ပွင့်လင်းလို့ မရတော့ဘူး၊ identity ဆိုတဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို စွန့်လွှတ်မှသာလျှင် လွတ်လွတ်လပ်လပ် ပွင့်လင်းခွင့်ရတယ်။ ဒါကြောင့် မောင်ကကြီး မခခွေး တို့တတွေ ပွင့်လင်းချင်ရင် အရင်ဆုံး လူတွေကြားထဲ အငွေ့ပျံရတယ်၊ အဲလိုမှ မဟုတ်ရင်တော့ ရင်တထိတ်ထိတ်နဲ့ နေမလား၊ အရာသိပ်မထင်တဲ့ ကိစ္စတွေနဲ့ပဲ ပွင့်လင်းသွားမလား ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပေတော့။ ဒီတလော အားလုံးသိတဲ့အတိုင်း ရိုးသားမှု၊ ပွင့်လင်းမှု စတဲ့အမှုတွေနဲ့ ထောင်ဒဏ် ဘယ်လောက် ဘယ်လောက် ဆိုပြီးတော့ကို ချလိုက်တယ်၊ ဒါက မြန်မာပြည် ပတ်ဝန်းကျင်ကြီး တစ်ခုလုံးရဲ့ အနေအထားပဲ။ ရှင်းရှင်းပြောရရင် မရိုးသားနဲ့၊ မပွင့်လင်းနဲ့၊ နာမည်မကြီးချင်စမ်းပါနဲ့၊ ဒါပါပဲ။ အဲဒါတွေရဲ့ အကျိုးဆက်ကတော့ မြန်မာပြည်သူပြည်သားတွေ အငုပ်စိတ် တအားဝင်တယ်၊ နာမည်ကလေး ကြီးချင်ရင် ဟုတ်တိပတိ နေရာမျိုးမှာ မကြီးရဲကြပဲ စတိတ်ရှိုးမှာ အော်လိုက်မလား၊ အုတ်ခုံပေါ်မှာ မီးသွေးခဲနဲ့ ခြစ်လိုက်မလား၊ ဒါလောက်ပဲ တတ်နိုင်တော့တယ်၊ ပတ်ဝန်းကျင်က ဒါလောက်ပဲ လက်ခံတာကိုး။

ဒါကြောင့် ဒုတိယ ဦးသန့် ကို အတော်လေးမျှော်ရပါအုံးမယ်။

ထိုင်ဝမ်မှာတော့ ဒုတိယ Richard Branson ရှိခဲ့ရင် လီခွန်းလင်းဖြစ်နိုင်ပါတယ်။
--
အောက်မှာ ခေါင်းစဉ်နဲ့မဆိုင်ပေမယ့် လတ်တလောအဖြစ်အပျက်နဲ့ဆိုင်တာ ထပ်ရေးလိုက်ပါမယ်။
--
အပေးအယူ၊ ဟုတ်တယ်၊ အပေးအယူ။ ဘလော့ဂ်ပေါ်မှာ စိတ်ကူးယဉ်ပြီး ဖြစ်ချင်တာတွေ ရေးချတာက အချိန်ပေးပြီး စိတ်ကျေနပ်မှု ယူထားတာ၊ မရှိတာကို ရှိသယောင်ယောင် သူများဆီကယူပြီး ရေးတင်တာ ခိုးမှုမြောက်သွားတယ်၊ ဒါက အပေါ်မှာပြောပြီးသားကိစ္စ၊ အခု ကျနော်ပြောချင်တာက အပေးအယူ။ စိတ်ကူးယဉ်တယ်၊ စိတ်ကျေနပ်တယ်၊ ဒါပဲ။ လက်တွေ့မှာ မမြင်ရတဲ့ မိန်းခလေးဆိုသူကို စိတ်ကူးယဉ်ပြီး ကော်မန့်ဖြစ်ဖြစ် တခြား ပုံစံနဲ့ဖြစ်ဖြစ် နှစ်လိုကြောင်း ပြတဲ့သူတွေလည်း အတူတူပါပဲ၊ စိတ်ကူးယဉ်တယ်၊ စိတ်ကျေနပ်တယ်။ တကယ်တမ်း ဒီအဖြစ်အပျက်မှာ ပုံတွေခိုးယူတဲ့ အကျည်းတန်တဲ့ အကြောင်းအရာမျိုး ရှိမနေရင် သိပ်ကောင်းမယ်လို့ ကျနော်တွေးဖူးတယ်၊ အပေးအယူ တည့်နေတာပဲလေ၊ နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှု ရသွားကြပြီး တပါးသူကို ထိခိုက်ခြင်း မရှိဘူး၊ ဘယ်လောက်ကောင်းသလဲ။ အင်တာနက်ကိုယ်၌က ရာနှုန်းပြည့် ယုံလို့မရတဲ့ ပလက်ဖောင်းတစ်ခု၊ ပေးတဲ့သူက စိတ်ကူးနဲ့ပေးပြီး ယူတဲ့သူက စိတ်ကူးနဲ့ ယူသွားတာ ဘာမှမဖြစ်ဘူး မဟုတ်လား၊ တစ်စုံတစ်ယောက်က ထိပ်သီးကျောင်းကြီးတစ်ကျောင်း တက်လိုက်ရပြီး တစ်စုံတစ်ယောက်က အဲသလိုကျောင်းက ကျောင်းသူတစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်သွားတယ်၊ အားလုံး လေထဲမှာပဲ၊ ဘယ်လောက်ဆန်းသလဲ (ဩဇာအာဏာရှိသူနဲ့ တကယ်ပဲ ပတ်သက်နေရင် လက်တွေ့မှာ အဲဒီထက်ပိုပြီး ကြွယ်ဝချမ်းသာနိုင်တာ မမေ့ပါနဲ့၊ သိပ်မကောင်းတဲ့ ပုံတွေကို ရှာကြံတင်ပြီး ကိုယ့်အဆင့်အတန်းကိုယ် နှိမ့်ချထားတာလို့ မှတ်ပါ၊ သဘောပြောတာပါ၊ ညှင်းညှင်း)။ ဘယ်သူဖြစ်ဖြစ်ပါ၊ အမေဇုန်တောထဲမှာနေပြီး ဝေါစထရိအကြောင်း၊ အီဖယ်မျှော်စင်အကြောင်း၊ မဟာတံတိုင်းအကြောင်း စတာတွေကို စိတ်ကူးယဉ်ပြီး ဆွဲဆောင်မှုရှိအောင် ရေးပြနိုင်ရင် အရည်အချင်း ရှိတယ်လို့ ဆိုရမှာပဲ (ဆွဲဆောင်မှုရှိတာနဲ့ ကောင်းတာနဲ့ ညီမျှခြင်းချလို့ မရသလို ကောင်းတယ်ညံ့တယ် ဆိုတာကလည်း ဖတ်သူပေါ်မှာပဲ မူတည်ပါတယ်)။

Banksy ဆိုတဲ့ အင်္ဂလန်က အနုပညာရှင်ကို လူတွေမတွေ့ဖူးပေမယ့် ပုံတွေကို သူလက်ရာလို့ ယုံကြတယ်၊ လူကိုမမြင်ဖူးပဲ ဒီပုံတွေက ဒီလူ့လက်ကထွက်တာလို့ ယုံကြတာဟာ သူ့အရည်အချင်းက anonymity ကို ဆွဲကိုင်ထားတဲ့ သူ့ရဲ့ ရိုးသားမှုနဲ့ identity ကို ထိန်းသွားတာပဲ။
--
ရပ်သင့်ပြီထင်လို့ ဘရိတ်အုပ်လိုက်ပါတယ်။ ရေးသွားတာတွေကို ကွဲလွဲနိုင်ပါတယ်။

♠ It's my life (2)

ဒီနေ့နားရက်၊ အိပ်ယာထပြီး ထမင်းထွက်စားတယ်၊ ပြီးတော့ ကြမ်းတိုက်ဖို့ ပိတ်စလိုဟာ အုပ်ပြီး တိုက်ရတဲ့ တုတ်တံသွားဝယ်တယ်၊ တရုတ်ပြည်ကပစ္စည်း၊ အပိုင်းအဆစ်တွေ ပြန်ဆက်ရတာမျိုး၊ သူပြောထားသလို ဝက်အူရစ်အတိုင်း လှည့်မဆက်ပဲ ကြိုးနဲ့သီပြီး နံချပ်ကူ လုပ်ကစားလို့ ရသေးတယ်၊ နောက်ပြီး ပြား ၇၀ တန် ပက်စီလိုက် တစ်လုံးတိတိ အဆစ်ဝယ်ခဲ့တယ်။ နောက် ကော်ဖီတီယန် မန်ဘာကဒ် အနီရောင်ကနေ သုံးထားတာ ၂၀ ဘိုး ကျော်သွားပြီဖြစ်လို့ အပြာရောင် ပြောင်းလိုက်တယ်။ ခရက်ဒစ်ကဒ် အကြွေးဆပ်တယ်၊ စီတီးဘဏ်ကို ပြီးခဲ့တဲ့လအတွက် တစ်ထောင်တိတိ ဆပ်လိုက်ရတယ်၊ အဓိက ကုန်ထားတာက လေယာဉ်လက်မှတ်တွေ၊ ကျားလေကြောင်း စင်္ကာပူ ဘန်ကောက်ကို အခွန်ပြီး ၁၃၀ ဆိုလို့ မအောင့်နိုင်ပဲ ဝယ်ခဲ့တာ၊ နောက်နှစ်အတွက် ပရိုမိုးရှင်း လျှော့ဈေးတဲ့။ ဂျက်စတား ရန်ကုန် စင်္ကာပူ ကိုတော့ သူများအတွက် ဝယ်ပေးထားတာ၊ အဲဒီနှစ်မျိုးတင် တော်တော်များနေပြီ၊ ကျန်တာတွေက ဟိုဟာနည်းနည်း ဒီဟာနည်းနည်း ပေါင်းလိုက်တော့ ထောင်ကျော်သွားတယ်၊ အကြွေးဆပ်တဲ့ စက်ကနေထွက်လာပြီး လမ်းဘေးအနုပညာသည် မျက်မမြင် အိန္ဒိယအမျိုးသမီးကို တစ်ကျပ်လှူလိုက်တယ်၊ ဆောင်းနှင်းဖွေးဖွေး တောင်တန်းများကြားမှာ ဆိုတဲ့ ရှမ်းပဲပုတ်သီချင်း ဆိုနေတာ၊ ခေသူတော့မဟုတ်ဘူး။ နောက်ဆုံးပိတ်အနေနဲ့ စာကြည့်တိုက်မှာ စာအုပ်တစ်အုပ် ငှားပြီးပြန်ခဲ့တယ်။

အိမ်အပြန်လမ်းမှာတွေးနေတာက အိမ်ရောက်ရင် အခန်းရှင်းမယ်၊ ကြမ်းတိုက်မယ်၊ အွန်လိုင်းကနေ ပြီးခဲ့တဲ့ လတွေက ဆပ်ထားတဲ့ အကြွေးစာရင်း ပြန်စစ်မယ်၊ ပြတင်းပေါက်ဘေးမှာ ကုလားထိုင်ချ၊ ငှားလာတဲ့စာအုပ်ကို ပက်စီသောက်ရင်း ထိုင်ဖတ်မယ်၊ ဖတ်လို့ပျင်းလာရင် ကိုနဗနစာတွေကို ကော်ပီခြင်း စာစီခြင်းအလုပ်ကို ဆက်လုပ်ရမယ်၊ ဟိုးအရင် တစ်ယောက်သော ex-gf ရဲ့ မောင်လေး လက်ဆောင်ပေးထားတဲ့ ခဲတံဗူးရှာတွေ့ရင် ပုံဆွဲမယ်၊ ပြီးရင် tamron lens ဈေးပေါပေါနဲ့ ရောင်းသူရှိမရှိ လိုက်ကြည့်မယ်၊ Cape No.7 သီချင်းခွေကို mp3 ပြောင်းပြီး creative player ထဲထည့်မယ်၊ ဖန်ခွက်အကွဲကို လွှင့်ပစ်ရမယ်၊ ခြေသည်းညှပ်ရမယ်၊ အင်္ကျီလျှော်ရမယ် (စက်နဲ့ပါ)၊ ကွန်ပြူတာ အထဲက ရှုပ်ပွနေတဲ့ ဓာတ်ပုံတွေကို ပြန်ရှင်းရမယ်၊ စသဖြင့် စသဖြင့် စုံနေတာပဲ။ သို့သော် အိမ်ပြန်ရောက်ပြီး လုပ်ထုံးလုပ်စဉ်အတိုင်း ကွန်ပြူတာ ပါဝါခလုပ်ကို နှိပ်လိုက်ပြီးတာနဲ့ အဲဒါတွေအားလုံး မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်၊ စက်ဖွင့်နေတဲ့ မိနစ်ပိုင်းလေးမှာ ကြမ်းကို ခပ်ကြမ်းကြမ်း တိုက်လိုက်တာကလွဲလို့ တခြားဟာ ဘာမှမလုပ်ဖြစ်သေးပဲ ပို့စ်တစ်ပို့စ် အငမ်းမရ တင်နေမိတယ်။ ဟိုးတလောက ဘာမှမရေးဖြစ်တော့ analytics မှာ ပြနေတဲ့ လာကြည့်သူဦးရေ curve ကြီးက ချိုင့်ဝင်ပြီး ပစောက်ပုံ ဖြစ်သွားတယ်၊ အဲသလို မလှမပဖြစ်တာ စိတ်ထဲမှာ မကောင်းဘူး၊ ဒါကြောင့် အခုလို စိတ်လွတ်လက်လွတ် ရေးလို့ရချိန်မှာ ဘာမှမလုပ်ပဲ တစ်ခုခု ထိုင်ရေးနေတာ၊ ဒါလည်း အရသာတမျိုးဗျ၊ အဟဲ။

ဒါနဲ့၊ အလုပ်က US နဲ့ နွှယ်တဲ့ manufacturing industry ထဲမှာဆိုတော့ အများသူငါလိုပဲ ထိပါတယ်၊ လခ လျှော့တဲ့အထိ မဖြစ်ပေမယ့် ကျန်နေတဲ့ ခွင့်ရက်တွေကို ဖြုန်းခိုင်းပါတယ်၊ အဲဒါတွေက ငွေပြန်လဲလို့ရတယ်၊ ဒါကြောင့် ကုမ္ပဏီက ဖြုန်းပစ်ခိုင်းတာ။ နောက်လထဲမှာ ယူချင်တဲ့ရက်အတိုင်း ခွင့်ရခဲ့ရင် ရက်အတော်များများ ဆက်တိုက်နားရမယ်၊ ကောင်းပါတယ်။ နောက်နှစ်ဆို အခုထက်ဆိုးမယ်လို့ ပြောသံတွေ ကြားနေတယ်၊ တကမ္ဘာလုံးနဲ့ ချီပြီး ဖြစ်နေတော့ စိတ်ကြိုပူလို့လည်း ဘာမှမထူးဘူး၊ ဖြစ်ခါမှ ဖြစ်ရောပေါ့၊ ခုတော့ အေးအေးပဲ နေပါတယ်။ ဒီတလော ဘာတန်ကျွန်းဖြစ်ဖြစ် ဘင်တန်ကျွန်းဖြစ်ဖြစ် သွားဖြစ်မယ်ထင်တယ်၊ သိပ်သွားချင်လို့ မဟုတ်ပါဘူး၊ စတုတ္ထလေးလပတ် ဘတ်ဂျက်နဲ့ ကိုက်ညီတာ အဲဒီနှစ်နေရာပဲ ရှိနေတယ်။ ဘလော့ဂ်မှာတော့ ရေးစရာ အကြွေးတွေက စီးတီးဘဏ်နဲ့အပြိုင် များသထက် များလာတယ်၊ အကြွေးပတ်လည် ဝိုင်းနေတဲ့လူကို ဒီကိုလာဟုခေါ်သည် လို့ပဲ ပြောရမယ်ထင်တယ်။ အို ရှုပ်တယ်၊ ဒီနေ့တော့ အခန်းရှင်းဖြစ်အောင် ရှင်းမှဖြစ်မယ်၊ မှင်ကုန်သွားလို့ အနားပေးထားတဲ့ ပရင်တာကိုလည်း အလုပ်ပြန်ပေးမှဖြစ်မယ်၊ အေဖိုး အရွက်ရေ ၁၉၀ နှိပ်နိုင်တဲ့ အမည်းရောင်မှင်ကို ဟိုးတနေ့က ၂၅ ကျပ်ခွဲနဲ့ ဝယ်ခဲ့ပြီးပြီ၊ တစ်ရွက်ကို ၀.၁၃၄ ကျတာပေါ့၊ ဒါမျိုးတွေရေးတော့ အရှည်ကြီးကတဆင့် သိကျွမ်းခဲ့တဲ့ မောင်ပေသီးကို သတိသွားရတယ်၊ အာဂလူပါပဲ၊ နောက်ကြုံမှ သူ့အကြောင်း မေးမြန်းပြီး ရေးပါအုံးမယ်။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.