Me, The Job-hopper …..
ငယ်စဉ် ကလေးဘဝတုန်းကတော့ "ကျောင်းနေပျော်၍ စာတော်ရမည်" တဲ့ ….။ အလုပ်ခွင်ထဲ ရောက်တော့ ဘယ်လို ဆောင်ပုဒ်မျိုးများ ရှိပါလိမ့်…။
အလုပ်ထဲမှာ ပျော်ပြီး ကိုယ့်အလုပ်ကို ကျေနပ်အားရ ဖြစ်နေသူ တစ်ယောက် အကြောင်း ဖတ်လိုက်ရတယ်။ Channel News Asia က Raffles Lighthouse မီးပြတိုက် အကြောင်း ရေးထားတာပါ။ ပင်လယ်ထဲမှာရှိတဲ့ ဒီမီးပြတိုက်ကို ရောက်အောင် စကာင်္ပူမှ ၄၅မိနစ်ကြာ မော်တော်ဘုတ် စီးရတယ်လို့ ဆိုတယ်။
မီးပြတိုက်စောင့် Gaharudin Abdul Ghani ဟာ ဒီအလုပ် တစ်ခုတည်းကို စွဲစွဲမြဲမြဲ နှစ်ပေါင်း သုံးဆယ်ကြာ လုပ်လာတယ်တဲ့။ သူ အသက်၂၄နှစ်ကတည်းက လုပ်လာတာ အခုအသက် ၅၄နှစ်ရှိပြီ။ သူ့ကို စကာင်္ပူ မြို့ပေါ်မှာ အလုပ်ပေးရင်တောင် မလုပ်ချင်ပါတဲ့။ သူ့အလုပ်မှာ ပျော်ပြီး ဒီနေရာကိုပဲ ကြိုက်တယ်တဲ့။
မကြာခဏ အလုပ်ပြောင်းတဲ့ ကျမ၊ ခုလဲ ထပ်ပြောင်းဘို့ ကြိုးစားနေဆဲ…။ စဉ်းစားစရာတွေ ဝင်လာတယ်။ ဘာကြောင့်များ အလုပ်တွေ တစ်ခုပြီး တစ်ခု ပြောင်းလာသလဲ။ ဆန်းစစ်မိတယ်။ အကြောင်းရင်းတွေကတော့ အများသား။ Boss ကြောင့်၊ လောဘကြောင့်၊ ဒေါသကြောင့်၊ ……ကြောင့်၊ …..ကြောင့်၊ …… အကြောင်းကို စုံလို့။
Boss မကောင်းလို့ အလုပ်ပြောင်းတယ်။ Boss ကောင်းပြန်တော့ လခပိုလိုချင်လို့ ပြောင်းတယ်။ လခ ပိုရပြန်တော့ ဘောနပ်စ် ပိုရတဲ့ အလုပ်ကို ပြောင်းချင်တယ်။ လခရော ဘောနပ်စ်ပါ တူရင်လည်း ပိုသက်သာတဲ့ အလုပ်ကို ပြောင်းချင်တယ်။ ဖိနှိပ်ခံရတယ် ထင်လို့ ဒေါသကြောင့် ပြောင်းချင်တယ်။
မီးပြတိုက်စောင့်ကြီးလိုပဲ ကိုယ်ဝါသနာပါ၊ စိတ်ချမ်းသာတဲ့ အလုပ်တစ်ခုကိုပဲ စွဲစွဲမြဲမြဲ လုပ်ချင်လိုက်တာ။ လောဘ၊ ဒေါသတွေ ကုန်သွားရင်တော့ ပျော်ရွှင် ကျေနပ်ဖွယ်ကောင်းတဲ့ အလုပ်တစ်ခုကို ရှာတွေ့မယ် ထင်ပါရဲ့……။
You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.