Friday, October 24, 2008

[Poem Cottage] 1 New Entry: အော်သံ

အော်သံ

တစ်ကယ်လို့
မြစ်တွေက စကားပြောတတ်တယ်ဆိုပါစို့
ကျောက်တုံးတွေကို ထိုးခွဲ
ဘယ်လောက်ခက်ခက်ခဲခဲ
စီးဆင်းခဲ့ရတဲ့အကြောင်း
ပြောပြကြလိမ့်မယ်..

ပင်လယ်ဟာလည်း သူ့အာခေါင်ကိုဆွဲဖွင့်
လမိုက်ညတိုင်း ဆွေးမြေ့ကြေကွဲစွာ
သူ့ရဲ့ EOS နတ်ဘုရားမကို တမ်းတရင်း
အော်သံပေးတတ်ရဲ့..

ရှေ့တန်းကပြန်လာတဲ့ စစ်သူရဲတစ်ယောက်လို
တစ်ခါတစ်လေတော့လည်း
နွေးထွေးစွာ ဆီးကြိုမယ့် အောင်ပွဲစံအပြုံးပန်းတစ်ပွင့်ကို
ငံ့လင့်မိတယ်..

ငါမြတ်နိုးစုံမက်ခဲ့ဘူးတဲ့ ဓားတစ်လက်ရေ
ရှေ့တန်းစစ်မျက်နှာပြင်မှာ
တစ်ခြားစစ်သည်တစ်ပါးနဲ့ အဆင်ပြေပါရဲ့လား?
မင်းမပါတဲ့ စစ်ပွဲတွေမှာတော့ သိပ် လက်,မတွေ့ လှဘူး..
သွေးစေးကပ်နေတဲ့ငါ့လက်ထဲ မင်းရှိရင်
ဘယ်လောက်ကောင်းလိုက်မလဲ..
တိုက်ပွဲတိုင်းနိုင်ကောင်းပါရဲ့..

ဝရမ်းပြေးတစ်ယောက်ရေ
'အိမ်' တစ်လုံးကို ငတ်မွတ်ဖူးပါရဲ့လား?
သင့်ကို ကျွန်ုပ် ကိုယ်ချင်းစာတတ်ခဲ့ပြီလေ..
နေဆယ်စင်းကန္တာရထဲက လူတစ်ယောက်လို
အရိပ် ဆိုတာကို
သေကောင်ပေါင်းလဲ ငတ်တယ်..

လိုချင်တာကို ရယူနိုင်ချင်းဟာ
သူရဲကောင်းတစ်ယောက်ဆိုရင်
လိုချင်ရက်နဲ့ စွန့်လွှတ်နိုင်ခြင်းဟာ
စစ်ဘုရင်ကြီးတစ်ပါးပဲလေ…
ဘာပဲဖြစ်ဖြစ် ငါရဲ..ရင့် ခဲ့တယ်…
မင်းမရှိတဲ့ သီဟာသနဟာလည်း
ဖုန်းဆိုးမြေတစ်ခုသာသာပါပဲလေ..
စကားလုံးတွေနဲ့ ဖြေသိမ့်နေခြင်းမဟုတ်တာတော့
မင်းသိအောင် ရှင်းမပြတော့ပါဘူး..

You received this email because you are subscribed to the real_time feed for http://mrdewaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.