Friday, October 24, 2008

[Freedom For All] 1 New Entry: ဖြစ်ကြောင်းရယ် ကုန်စင်

ဖြစ်ကြောင်းရယ် ကုန်စင်

၁၂ရက်တောင် ရှိသွားပြီလား။ ၇ရက်သားသမီးတွေ ၁၂ရက်လောက်စိတ်ချမ်းသာရလဲ နည်းတာမှတ်လို့။ ကုသိုလ်ရတယ်လို့ပဲ သဘောထားလိုက်ပါတယ်ဗျာ။ ကလူသစ်ခမျာ ခုမှ အသက်ရှုမှန်တာ ခင်ဗျ။


သမီးလေးက ဖျားနေလို့လေ။ တပတ်လောက် ဖျားနေတာ။ ပထမတော့ ရိုးရိုးအဖျားပါပဲ။ ပထမရက်ကတော့ သာမိုမီတာကိုတောင် မယုံသင်္ကာဖြစ်လိုက်သေးတယ်။ ဖျားတယ်သာဆိုတယ် ဆော့လိုက်တာမှ ဗြောင်းဆန်လို့။ ဆေးခန်းပြပြီးတော့ ဆေးတိုက်လိုက်မှ ပိုဆိုးသွားတာ။ ဆေးမတည့်လို့ မျက်နှာတွေ၊ ပေါင်တွေ၊ ကျောတွေမှာ အနီကွက်တွေ ထလာတာ။ ချက်ချင်းမသိသေးဘူး။ အပူကြောင့်၊ ဗိုင်းရပ်ကြောင့် ဖြစ်တာထင်နေတာ။ နောက်တခါဆေးခန်းထပ်ပြတော့မှ ဆရာဝန်က ဆေးမတည့်တာလဲဖြစ်နိုင်တယ်လို့ သံသယဖြစ်သွားတာ။ ယားယံတာတွေလဲ မဖြစ်တော့ အကဲမဖြတ်တတ်ဘူးဖြစ်နေတာ။ ဆေးပေးလိုက်တဲ့ ဆရာဝန်လဲ တော်တော်လန့်သွားတယ်။ သူ့အတွက် ကြည့်ခတောင်မယူတော့ဘူး။ ဆေးဖိုး ၅ကျပ်ပဲယူတော့တယ်။

ဆေးမတည့်တာအတွက်ပေးတဲ့ ဖြေဆေးရယ်၊ ကိုယ်ပူကျအောင်ပေးတဲ့ဆေးရယ် တိုက်နေရတော့ ဗြောင်းဆန်နေတဲ့ မမလဲ တခါထဲကို ငြိမ်ကြသွားတာပဲ။ အရင်ပြနေကျ ကလေးအထူးကုက ရက်ချိန်းကြိုယူရတာကိုး။ ရက်ချိန်းမယူပဲ သွားလို့ကတော့ စောင့်ပေတော့ တမေ့တမောပဲ။

ဒုတိယရက်ကစပြီး ကလူသစ်လဲ နာတော့တာပဲ။ သမီးလေးက ဆေးကြောင့် ပင်ပန်းသွားတယ်ထင်ပါတယ်။ လူပေါ်မှာပဲ ခွေပြီး ကပ်နေတော့တာ။ တော်ရုံအိပ်ချင်ရုံနဲ့ ကုတင်ပေါ်လဲ ချသိပ်လို့မရဘူး။ ကလူသစ်နဲ့ မဟေသီနဲ့ တလှည့်စီခွင့်ယူရတော့တာပေါ့။ သမီးလေး နိုးနေသရွေ့ကတော့ ကလူသစ်ပေါ်က မဆင်းတော့ဘူး။ ဘယ်သူမှခေါ်လို့မရဘူး။ နဂိုကထဲကလဲ အဖေကို ကပ်တာကိုး။ ချီပြီး လမ်းလျှောက်နေရတာ။ ထိုင်ပြီး ချီထားလို့လဲမရဘူး။ လမ်းလျှောက်၊ သူလက်ညိုးထိုးတဲ့နေရာမှန်သရွေ့ လိုက်ပို့။ သူကလဲ အဖျားကြောင့် စိတ်မကြည်တော့ ခုဟိုနေရာ လက်ညိုးထိုး၊ ခုဒီနေရာ လက်ညိုးထိုးနဲ့ ဘယ်နေရာကို သွားချင်မှန်းကို သူ့ကိုယ်သူ မသိတော့ဘူး။ အများအားဖြင့်တော့ ဧည့်ခန်းထဲ ပတ်ချာလည်နေတာပဲ။ မီးဖိုချောင်လက်ညိုးထိုးလိုက်၊ အိပ်ခန်းလက်ညိုးထိုးလိုက်နဲ့ ဘယ်မှမရောက်ပဲ လည်နေတာလေ။

ညဖက် သူအိပ်ချိန်လေးပဲ ခဏနားရတယ်။ အိပ်ယာကနိုးတာနဲ့ တန်းချီရတော့တာပဲ။ ဆေးကလဲ ၄နာရီ တခါလောက်တိုက်နေရတော့ အိပ်ရတယ်ကို မရှိပါဘူးဗျာ။ ဆေးတိုက်ပြီးတော့ ချွေးလေးဘာလေးထွက်အောင် Aircon ကိုလျော့ထား၊ Aircon ကမအေးတော့ သမီးလေးက အိပ်မရ။ ပတ်ချာကိုလည်နေတာပဲ။ တနေ့တနေ့ ၃၊ ၄ နာရီလောက်ပဲ အိပ်ရတယ်။ ကုတင်ပေါ်ချသိပ်မရလို့ ချီသိပ်ရပြီဆိုရင်တော့ ပြီးရောပဲ။ ဧည့်ခန်းထဲ ပတ်ချာလှည့် လျှောက်နေရတာ။ အိပ်ပျော်နေရင်တောင် ကုတင်ပေါ်ချလိုက်တာနဲ့ ပြန်ပြန် နိုးလာတာကိုး။ ၅ရက်လောက်ကြာမှ အပူကြောင့် ကန်ထွက်တဲ့ အကွက်တွေ၊ ဖုတွေက ထွက်တာဗျား။ နောက်ပြီး ၀မ်းက တနေ့ထဲ ၅ခါလောက်သွားလိုက်သေးတယ်။ ကလေးအထူးကုကို ရက်ချိန်းထပ်ယူတာ၊ အင်မာဂျင်စီရှိလို့၊ fully book ဖြစ်နေလို့နဲ့၊ တော်တော်ခွာချိန်းနေတာ။ အခြေအနေပြောပြတော့ တိုက်ဖို့ ဆေးနဲ့ ဓာတ်ဆားရည်ညွှန်လိုက်သဗျ။ အဲ့တာနဲ့ပဲ နဲနဲသက်သာသွားတာ။ တပတ်လောက်ကြာမှ သက်သာသွားတာ။

သမီးလေးလဲ ၁ကီလိုလောက် ၀ိတ်ကျသွားတယ်။ ကလူသစ်လဲ မျက်တွင်းဟောက်ပက်ပေါ့။ တပတ်လောက် အိပ်လို့ မရ၊ ထိုင်လို့မရ၊ လမ်းပဲ လှိမ့်လျှောက်နေရတာကိုးဗျ။ ကိုယ်ပူပျောက်သွားပေမဲ့ လူက အစားအသောက်မမှန်တော့ အားမရှိဘူးထင်ပါတယ်။ နောက်ရက်တွေလဲ ဆက်ပြီး ချီထားရတုန်းပဲ။ ထုံးစံအတိုင်း လက်ညိုးတညွန်ညွှန်နဲ့ လိုက်ပို့ခိုင်းတုန်းပဲ။ သမီးလေးက အားတော့ တော်တော်ကုန်သွားတယ်ဗျ။ လမ်းလျှောက်တာတောင် အရင်ကလို သွက်သွက်လက်လက် မလျှောက်နိုင်တော့ဘူး။ ဆော့လဲ မဆော့နိုင်တော့ဘူး။ ပုံမှန်ပြန်ဆော့ လာတာ ခုဆို ၂ရက်လောက်ပဲရှိသေးတယ်။ စားတာလဲ တော်တော်ပြန်စားလာပြီ။

ဖတ်ပြီးတော့ အပျိုကြီး၊ လူပျိုကြီးတွေ တော်တော်လန့်သွားကြပလားမသိဘူး။ မလန့်ပါနဲ့ဗျာ။ ဘယ်လိုတွေ၊ ဘယ်လောက်ပဲ ပင်ပန်း၊ ပင်ပန်း နောက်ဆုံး ကိုယ့်သားသမီးလေး မျက်နှာမြင်နေရရင်ကို မိဘဆိုတာ စိတ်တွေချမ်းသာ၊ ပင်ပန်းတာတွေ ပျောက်ရတာပါပဲ။

ကိုသားထူး ရေ၊ ခင်ဗျားတက်ထားတဲ့အကြောင်းအရာကို ဒီပို့စ်ထဲမှာသာ လှန်လှောရှာဖွေဖတ်သွားပေတော့ဗျာ။ လာရောက်လည်ပတ်သွားကြတဲ့၊ ကော်မန့်ပွတ်သွားကြတဲ့ လူကြီးလူကောင်းအပေါင်းကိုလဲ ကျေးဇူးတင်ပါတယ်ဗျား။ ကလူသစ်ကတော့ ပြည်ပသွားအပန်းဖြေအုန်းမှာမို့ ဒီလကုန်လောက်မှာ ပြန်ဘလော့ဂ်နိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါတယ်ဗျား။



You received this email because you are subscribed to the real_time feed for http://luthit.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.