Friday, October 24, 2008

[Padauk Myay] 2 New Entries: ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးကို အခြေခံမဟာဗျူဟာရှုထောင့်များဖြင့် စဉ်းစားခြင်း

ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးကို အခြေခံမဟာဗျူဟာရှုထောင့်များဖြင့် စဉ်းစားခြင်း

မောင်စူးစမ်း

(မြန်မာ့နိုင်ငံရေးအခြေအနေကို သူဖြတ်သန်းလာတဲ့နိုင်ငံရေးအတွေ့အကြုံနဲ့ နှိုင်းယှဉ်သုံးသပ်ရေးသားထားတဲ့ ဆရာ မောင်စူးစမ်းရဲ့ ဆောင်းပါးဖြစ်ပါတယ်။ (၂၀.၁၀.၂၀၀၈) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာကို ထပ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ဦးဝင်းတင် ထောင်ကလွတ်လာပြီးနောက်ပိုင်းမှာ အရင်တုံးက NLD မှာ လက်တွဲလုပ်ခဲ့တဲ့ ဆရာမောင်စူးစမ်း၊ ဆရာမောင်ဝံသတို့ကို သူနဲ့ အတူလက်တွဲဖို့ ခေါ်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒါ့ကြောင့် ဦးဝင်းတင် ရပ်တည်ချက်နဲ့ ဆရာမောင်စူးစမ်း ရပ်တည်ချက် ကွဲလဲ နေတာကို ဘယ်လိုအဖြေရှာမလဲဆိုတာ စိတ်ဝင်စားမိပါတယ်။)

ထူးခြားမှုလေးပါး

ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှု၌ မျဉ်းပြိုင်မရှိ။ နှိုင်းယှဉ်ရန် မရှိ။ တူညီချက်မရှိပေ။ no parallel၊ no comparison၊ no analogy ဟု ဆိုရမည်။ တသီးတခြား ထူးခြားမှု unique ရှိသော ဖြစ်ထွန်းမှုဖြစ်သည်။ ပို့စ်မော်ဒန်စကားနှင့် ပြောလျှင် local ဒေသ အလွန်ဆန်သည်။ သဘောမှာ မြန်မာ့နိုင်ငံရေးကို အကဲခတ်လျှင် သီးခြားထူးခြားချက်တို့ကို အခြေခံရန် လိုခြင်းဖြစ်သည်။ specificity based ဟု ပြောရမည်။ အစစ်အမှန် ယထာဘူတကျရမည်။

မြန်မာ့ခေတ်ပြိုင် နိုင်ငံရေးဖြစ်ထွန်းမှုသည် ရိုးရိုးစင်းစင်းသမာရိုးကျ ဖြစ်ထွန်းသည်မဟုတ်။ ဆန်းဆန်းပြားပြား ဖြစ်ထွန်းသည်။ ရှုပ်ရှုပ်ထွေးထွေးဖြစ်ထွန်းသည်။ အပြတ်အတောက်တွေများသည်။ အကွေ့အကောက်တွေ များသည်။ ဤအချက်ကို သက်သေ ထူပါဟုဆိုလျှင် (၄)ချက်ဖြင့် ပြောဆိုနိုင်သည်။

(၁)လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့နိုင်ငံရေး ခေတ်ပြိုင်ဖြစ်ထွန်းမှုတွင် သမ္မတ၊ ၀န်ကြီးချုပ်တွေ ဇာတ်သိမ်း မကောင်း ခဲ့ကြပေ။ လွတ်လပ်ရေးမရမီ ကြားကာလသမ္မတဖြစ်သူ ဒေါက်တာဘဦးမှလွဲ၍ မည်သည့်သမ္မတ၊ မည်သည့် ၀န်ကြီးချုပ်မှ ခပ်အေးအေးဖြင့် နိုင်ငံရေးဇာတ်ခုံပေါ်မှ ဆင်းသွားရသည်ဟူ၍ မရှိခဲ့ပေ။

(၂)ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီသည် ဒွန်တွဲနေရာမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်တွင် ဇီဝိန်ချုပ်သွားသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး၌ ဒွန်တွဲရှိခဲ့သော ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ သည် တစ်ပါတည်း ဒွန်တွဲပြန်မပေါ်ခဲ့ပေ။ ၂ ခုကြား အဆက်အစပ်ပြတ်သွားသည်။ ဈေးကွက်စီးပွားရေးက အရင် ပေါ်သည်။ ဒီမိုကရေစီ ကျန်ရစ်ခဲ့သည်။ ယခုမှ ဒီမိုကရေစီကို ပြန်စသည်။ တွဲဖြုတ်ပြီးမှ ပြန်ဆက်ရသည်။

(၃) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီက Winning Party not become ruling party ဟုဆိုရမည်။

(၄) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် စစ်ဘက်စပွန်ဆာဖြင့် ပေါ်ပေါက်ရသည်။ ခေတ်သစ်တွင် ဖြစ်ပေါ်လေ့ ရှိသည့်အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် လူထု၏ စိတ်ပြဌာန်းချက်ကို ထင်ဟပ်သည်။ the will of the people ဆိုသည်ထက် the will of the powerful ဖြင့် ပေါ်ရသည်။

မဟာဗျူဟာရှုထောင့်

ဆိုခဲ့ပါ ထူးခြားချက်တို့ကို မျက်မှောက်ပြုနေရသည့်အတွက် မြန်မာနိုင်ငံ၏ ခေတ်သစ်ဖြစ်ထွန်းမှုကို ဘယ်လို မဟာဗျူဟာ ရှုထောင့် Strategic Perspective ဖြင့် ကြည့်မလဲဟု ပြဿနာပေါ်သည်။ အချို့က မြန်မာ့နိုင်ငံရေး၏ ခေတ်သစ် ဖြစ်ထွန်းမှုကို မဟာဗျူဟာ ရှုထောင့်မှ ကြည့်ရန်မလို။ ရေတိုပေါ်ပင် ပေါ်ပြူလာ Populist နည်းဖြင့် ချဉ်းကပ်ရုံဖြင့် လုံလောက် သည်ဟု ပြောသည်။ အချို့က မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုကို လောကအလုံးစုံ မှန်ကန်သောစံ (ယူနီဗာဆယ်စံ)တို့ဖြင့် ချိန်ထိုး ကြည့်ရမည်ဟု ဆိုသည်။ အချို့က ဒီမိုကရေစီပုံစံသည် ယူနီဗာဆယ် ဖြစ်သည်ဟု ယူဆသည်။ ပို့(စ်)မော်ဒန်က ဒီမိုကရေစီကို Local ဒေသ လက္ခဏာအဖြစ် သုံးသပ်သည်။ ယူနီဗာဆယ် အခြေခံမူကြီးတို့သည် များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံတို့၌ ဖြောင့်ဖြောင့်မဖြစ် ကောက်ကွေးကုန်သည်။ ထိုင်းနှင့် ပါကစ္စတန်နိုင်ငံရေးတို့ကို ဥပမာယူကြည့်နိုင်သည်။

ကတ္တား၊ ကမ္မ

စာရေးသူသည် နိုင်ငံရေးသမားအနေဖြင့်လည်းကောင်း၊ ဂျာနယ်လစ်အနေဖြင့်လည်းကောင်း၊ အခြေခံ မဟာ ဗျူဟာအရေး Basic Strategic issues တို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်၍ သိပ်အလှမ်းမဝေးသည့် ကာလကိုပင် ရည်ညွှန်းလိုသည်။ စာရေးသူသည် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်၌ အမျိုးသားစီမံကိန်းဌာနတွင် အထူး အရာရှိဖြစ်ခဲ့သည်။ ထိုစဉ်က ထုတ်ဝေသော လုပ်သားနေ့စဉ် သတင်းစာ တွင်လည်း ပင်တိုင်ဆောင်းပါးရှင် ဖြစ်ခဲ့သည်။ ထိုစဉ်က တော်လှန်ရေးကောင်စီက ဆိုရှယ်လစ်လမ်းစဉ်ကို ရွေးချယ်ထားပြီးပြီဖြစ်ရာ စာရေးသူအဖို့ အခြေခံမဟာဗျူဟာ အရေးနှစ်ရပ်နှင့် ရင်ဆိုင်ရသည်။

(၁) ဆိုရှယ်လစ်စနစ်သည် မြန်မာနိုင်ငံအတွက် သမိုင်း၏ ကန့်သတ်ချက် Historical Necessity ဟုတ်၊ မဟုတ်။

(၂) အာဏာရှိလျှင် အခြေအနေ မမှည့်ဝင်းစေကာမူ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နိုင်၊ မနိုင်တို့ ဟူ၍ ဖြစ်သည်။

စာရေးသူက ဆိုရှယ်လစ်စနစ်သည် မြန်မာနိုင်ငံအတွက် သမိုင်းလိုအပ်ချက် မဟုတ်ဟု တင်ပြခဲ့ရသည်။ အာဏာသိမ်းရန် အတွက် အဆင်ပြေအောင် သုံးစွဲခြင်း Convenience သာ ဖြစ်သည်။ Necessity နှင့် Convenience မှာ ခြားနားသည်။ Necessity ဆိုသည်မှာ နိယာမသဘောဆောင်၍ သမိုင်းကပေးသော တာဝန်အဖြစ် ဆောင်ရွက်ရခြင်းကို ဆိုလိုသည်။ Convenience မှာ အခြေအနေအရ အဆင်ပြေအောင် ဆောင်ရွက်ရခြင်းကို ဆိုလိုသည်။

ဒုတိယအချက်၌ အာဏာရှိလျှင် လူ့အဖွဲ့အစည်းကို ပြောင်းပစ်နိုင်သည်ဟူသော အယူအဆကိုလည်း စာရေးသူက ဝေဖန်ခဲ့ရသည်။ ဒဿန၌ ကတ္တား Subject နှင့် ကမ္မ Object ရှိသည်။ သဒ္ဒါကို မှီးသော ဒဿနအမြင်ဖြစ်သည်။ နိုင်ငံရေး ဒဿန၌ ကတ္တားဆိုသည်မှာ ဆောင်ရွက်သူ actor ကိုဆိုလိုရာ အကျယ်ပြောလျှင် ခေါင်းဆောင်မှုနှင့် ပါဝါအာဏာတို့ကို ရည်ညွှန်းသည်။ အာဏာရှိလျှင် ခေါင်းဆောင်မှု ထက်မြက်လျှင် ကမ္မပိုင်းဖြစ်သော လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နိုင်သည် ဆိုသော အယူအဆဖြစ်သည်။ ဤအမြင်ကိုလည်း စာရေးသူက ကန့်ကွက်ပြောဆိုခဲ့ရသည်။

စပွန်ဆာ

၈၈ ခုနှစ် အရေးအခင်းတွင်လည်း အခြေခံမဟာဗျူဟာ ပြဿနာ နှစ်ရပ်ကို စာရေးသူက တင်ပြခဲ့ရသည်။ ၎င်းတို့မှာ-

(၁) ဗိုလ်ချုပ်ကြီး နေ၀င်းကိုလည်းကောင်း၊ စစ်တပ်ကိုလည်းကောင်း၊ ဂုဏ်ရှိရှိ ထွက်ပေါက် Honorable Exit ပေးရန်နှင့်

(၂) စစ်တပ်၏ အပြုကဏ္ဍ Positive Role of Military ကို အသိအမှတ်ပြုရန် ဖြစ်သည်။

သို့ဖြင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် အစီအစဉ်ပေါ်လာသည်။ စာရေးသူက ရွေးကောက်ပွဲ ၀င်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိဟု တင်ပြခဲ့ရသည်။ ရွေးကောက်ပွဲနိုင်သဖြင့် အာဏာပြဿနာကို ရှေ့တန်းမထုတ်ရန် တင်ပြခဲ့ရ သည်။ စင်ပြိုင်အစိုးရ လမ်းစဉ်သမားတို့နှင့် အတိုက်အခံဖြစ်ရသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမရှိတော့သည့် အချိန်ဖြစ် ၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန် အခြေခံ မဟာဗျူဟာ ပြဿနာနှစ်ရပ်ကို ဖော်ထုတ်ခဲ့ရသည်။ ၎င်းမှာ (၁) စစ်တပ်က စပွန်ဆာလုပ်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ကွန်ဗင်းရှင်းတွင် ပါဝင်မလား၊ မပါဝင်ဘူးလား။ (၂) စစ်တပ်က စပွန်ဆာလုပ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲတို့ကို မျက်မှောက်မပြုဘဲ ရှောင်ကွင်းနိုင်မလား can we avoid military sponsored constitution and elections တို့ဟူ၍ ဖြစ်သည်။ စာရေးသူက နိုင်ငံရေးသည် ဖြစ်နိုင်ချေကို ကိုင်တွယ်သော ပညာ Politics is the art of possible ဟု မြင်သည်။

အထက်ပါတို့ကား စာရေးသူရင်ဆိုင်ခဲ့ရသော အခြေခံမဟာဗျူဟာ ပြဿနာတို့ပင် ဖြစ်သည်။ ခေတ်သစ် မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွင် အခြေခံမဟာဗျူဟာ ရှုထောင့်ဖြင့် လေ့လာသုံးသပ်ခြင်းသည် ခါတိုင်းထက်ပို၍ လိုအပ်လိမ့်မည်ဟု ထင်သည်။

မောင်စူးစမ်း

၂၃ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • လူ့အခွင့်အရေး ရှေကနေ ဦးအေးမြင့်အတွက် လူဒိုဗစ်တာရီယေး ဆုအမ်းအနား ရောမမြို့တွင် ကျပ်းပ - ဗွီအိုအေ click here
  • သြစတေးသျှနိုင်ငံက မြန်မာနိုင်ငံအပေါ် ငွေကြေးအရ အရေးယူ ဒဏ်ခတ်မှု စာရင်းတိုးချဲ့သတ်မှတ် - ဗွီအိုအေ click here
  • အရှေ့ဘက် တိုင်းရင်းဒေသတချို့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်ဖြစ်နေဟု လူမှုရေးအဖွဲ့များဝေဖန် - - ဗွီအိုအေ click here
  • နိုင်ငံတကာဖွံ့ဖြိုးမှု ကူညီရေး အမေရိကန် သန္နိဋ္ဌာန် ခိုင်မာဆဲ - ဗွီအိုအေ click here
  • အာဆီယံပဋိညာဉ် အားနည်းချက်တွေရှိနေဟု ညွန့်ပေါင်းအစိုးရ ဝေဖန် - - ဗွီအိုအေ click here
  • သြစတြေးလျနိုင်ငံက မြန်မာစစ်ခေါင်းဆောင်များကို တိုးချဲ့ဒဏ်ခတ်ပိတ်ဆို့ - ခေတ်ပြိုင် click here
  • ပြည်ပသို့ ဆန်တင်ခွင့်ပြု - မဇ္ဈိမ click here
  • တိုးတက်မှု၏ သော့ချက်သည် ဒေါ်စုအား လွှတ်ပေးခြင်းပင်ဟု ဘန်ကီမွန်း ပြောကြား - မဇ္ဈိမ click here
  • စစ်အစိုးရတပ်များကြောင့် ကျောင်းများ ပိတ်ထားရ - မဇ္ဈိမ click here
  • မြန်မာပြည် ဆန္ဒပြမည့်အစီအစဉ် မစွန့်လွှတ်ဟု ဒေါက်တာဆလိုင်းသန်းထွန်းကပြော - ဒီဗွီဘီ click here
  • ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်မည့် တစ်ခုတည်းသော ခါကာဘိုရာဇီအမျိုးသားသဘာဝဥယျာဉ် မြန်မာဖိုရမ် click here
  • ရခိုင် ဒေသခံပြည်သူများ ၀ါးဈေးကြီးမြင့်မှုကြောင့် အိမ်ဆောက်ရန် အခက်ကြုံ မြန်မာဖိုရမ် click here
  • ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်စဉ်ကာလကြာရှည်လာပါက ရိုက်ခတ်လာနိုင်ဖွယ်အခြေအနေများအပေါ် စီးပွားရေးပညာရှင်များ သုံးသပ် ၀ိကလီးအလဲဗင်း click here
  • ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ အသုံးမလို ပိုလျံယာဉ်မျိုးစုံ ၁၀၁ စီးအား ဈေးပြိုင် အိတ်ပိတ် စနစ်ဖြင့် တောင်ငူမြို့တွင် ရောင်းချမည် ဈေးကွက်၌ တွင်ကျယ်သော ကားအမျိုးအစားများပါဝင်၍ လူအများ စိတ်ဝင်စားနေ ၀ိကလီးအလဲဗင်း click here
  • မန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားရာသီစတင် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေချိန်ကာလဖြစ်၍ ဈေးကွက်မြှင့်တင်ခြင်းနှင့် ၀န်ဆောင်မှုများချောမွေ့ခြင်းတို့ဖြင့်သာ ခရီးသွားအခြေအနေကောင်းမွန်လာ နိုင်မည်ဟု မျော်မှန်း ၀ိကလီးအလဲဗင်း click here
  • ခေတ်လေးခေတ်က နန်းတော်လေးခုကို အသက်ပြန်သွင်းခဲ့သူ မြန်မာတိုင်းမ် click here
  • တိရစ္ဆာန်သားပေါက်သုံးကောင်ကျောက်ကပ်ကျောက်တည်ရောဂါရ မြန်မာတိုင်းမ် click here
  • နျူကလီးယားသဘောတူညီချက်အမေရိကန်ဆီးနိတ်ထောက်ခံ မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.