Monday, October 6, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: ဟိုမရောက် ဒီမရောက် အတွေးစုများ (၃၃)

ဟိုမရောက် ဒီမရောက် အတွေးစုများ (၃၃)

ယုံကြည်မှု ၊ တာဝန် ၊ အလွဲသုံးစားတို့ကြား ...

"ကိုယ့်သားသမီးတွေကို ချစ်လို့ အပြည့်အ၀ယုံကြည်ထားတာကို အခွင့်အရေးမယူချင်နဲ့"

ဆိုတဲ့စကားကို ကျွန်မဖေဖေက ကျွန်မတို့မောင်နှမရဲ့ လုပ်ရပ်တွေကို စိတ်တိုင်းမကျတဲ့အခါ ပြောလေ့ရှိပါတယ် ။ အဲဒီအချိန်ကစပြီး ယုံကြည်မှုဆိုတဲ့ စကားနဲ့ ရင်းနီးခဲ့ရတယ် ။ တကယ်တော့ ကျွန်မငယ်ငယ်တုန်းက ကျွန်မကို အပြည့်အ၀ယုံကြည်တယ်လို့ မိဘတွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူး ။ ဒါကြောင့် သူတို့ရဲ့  ယုံကြည်မှု နဲ့ စပ်လျဉ်းလို့ ကျွန်မမှာ တာဝန်ရှိတယ်လို့ မထင်ခဲ့မိဖူး ။ ဒါကြောင့်လည်း ကျွန်မဟာ ရှိကောင်းရှိနေနိုင်ခဲ့မယ့် သူတို့ရဲ့ ယုံကြည်မှုဆိုတာကို ဘ၀ရဲ့ မိုက်ရူးရဲအချိန်တွေတုန်းက အလွဲသုံးစားလုပ်ကောင်းလုပ်ခဲ့လိမ့်မယ်လို့ ခုချိန်မှာ ပြန်တွေးမိတယ် ။

အသက်ကြီးလာတဲ့အခါ မိဘတွေရဲ့ ကျွန်မကို သမီးကြီးတယောက်ပေါ်ထားရှိတဲ့ ယုံကြည်မှုမျိုးနဲ့ ဆက်ဆံလာတာကို မြင်တွေ့ ရတော့ ၊ ကျွန်မမှာ သူတို့ယုံကြည်မှုကို အလွဲသုံးစားမလုပ်မိဖို့ (တန်ပြန်သိတတ်တဲ့) တာဝန်ဆိုတာမျိုး ဖြစ်လာတယ်လို့ ခံစားရတယ် ။ အဲဒီခံစားချက်နဲ့အတူ သူတို့ကို အသိမပေးဘဲ လုပ်တာတွေ နည်းလာတယ် ၊ အသိမပေးဘဲ လုပ်ရဖို့ကို ၀န်လေးလာတယ် ၊ သူတို့ယုံကြည်တဲ့ သမီးကြီးတယောက်လိုဖြစ်ဖို့ ကြိုးစားမိတယ် ။ ခုထိလည်း ကြိုးစားတုန်းပဲ ။

တစိမ်းပတ်ဝန်းကျင်မှာ ယုံကြည်မှုနဲ့ ပတ်သက်လို့ သိသာထင်ရှားစွာ ခံစားရတာကတော့ လုပ်ငန်းခွင်မှာပါပဲ ။ Flexible working hours ပေးထားတာတို့ ၊ အိမ်ကနေ လုပ်တာမျိုးကို လက်ခံတာတို့ ၊ အရေးတကြီး ခွင့်တင်ရင် လက်ခံတာတို့ လုပ်လို့ရတဲ့ နေရာမှာ လုပ်တဲ့သူဟာ အမြဲတမ်း အဲဒီအခွင့်အရေးတွေကို အလွဲသုံးစား မလုပ်မိဖို့ ပို သတိထားရမယ် ထင်ပါတယ် ။ ဒီလူဟာ သူ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်မယ်လို့ ယုံကြည်ထားတဲ့ အလုပ်ရှင်အပေါ် ၊ သူ့ ယုံကြည်ချက်နဲ့ တူညီတဲ့ တန်ပြန်မှုမျိုး လုပ်ပေးဖို့ တာဝန်ရှိတယ် ။

တချိန်တည်းမှာ လူဆိုတာကလည်း အခက်သား ။ အဲလို အခွင့်အရေးတွေရနေရင် တခါတလေ ပေါ့ရော့ချင်တတ်တယ် ။ ကျွန်မဆို အလုပ်ကို တခါတလေ မနက် ၁၀ နာရီကျော်လောက်မှ ရောက်ဖြစ်တဲ့နေ့ တွေမှာ ၊ ကိုယ် တနေ့တာ ပြီးအောင်လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ အလုပ်တွေပြီးအောင်လုပ်ပြီးမှ ၊ ညနေဘက် နောက်ကျပြန်ဖို့ အမြဲသတိထားရပါတယ် ။ ဒါတောင် လူက အဲဒီနေ့မှာ အရမ်းပင်ပန်းနေရင်တော့ အလုပ်မပြီးခင်လည်း ပြန်သွားတတ်တာ ရှိသေးတယ် ။ အဲလိုဖြစ်ရင် နောက်နေ့ကျတော့ အဲဒီ အလုပ်ကို နှစ်ရက်စာ အစဖြတ်ဖို့ ကြိုးစားရပါတယ် ။ တချို့ အလုပ်တွေကျတော့လည်း ပရောဂျက်ကို ဘယ်နေ့အပြီးဆိုတဲ့ နေ့ က လွဲလို့ ၊ ကျန်တာတွေက ကိုယ့်အချိန်နဲ့ကိုယ် ကိုက် လုပ်ရတဲ့အခါ ၊ တခါတလေ အလုပ်ကိုစိတ်မပါလို့ ဖင်လေးနေတာတွေလည်း ရှိတတ်တယ် ။ အဲလိုအချိန်တွေမှာ အပေါ်ကတွေးတဲ့ "ယုံကြည်မှု ၊ တာဝန် ၊ အလွဲသုံးစား" ဆိုတဲ့ အကြောင်းအရာ သုံးခုကို ခေါင်းထဲ ပြန်ရိုက်သွင်းပြီး ၊ စိတ်ကို ပြန်ဆွဲရတယ် ။

အဲဒီ အကြောင်းအရာ သုံးခုဟာ မိသားစုတွေထဲ ၊ သူငယ်ချင်းတွေကြား ၊ အလုပ်ခွင်ထဲ ၊ အဖွဲ့ အစည်း ၊ တိုင်းပြည်တပြည် စတဲ့နေရာတိုင်းမှာ အရေးပါတယ်လို့ မြင်မိတယ် ။ လူတယောက်ဟာ တခြားတယောက်ကိုကြည့်တဲ့အခါ အတိုင်းအတာတခုအထိ ယုံကြည်မှုမရှိဘူးဆိုတာနဲ့ မြင်တဲ့အမြင်က မတူညီတော့ဖူး ။ သားသမီး မိဘကြား ၊ မောင်နှမသားချင်း ဆွေမျိုးတွေကြား ၊ သူငယ်ချင်းတွေကြား ၊ လုပ်ဖော်ကိုင်ဖက် အပေါ် အောက် လုပ်နေသူတွေကြား ၊ အဖွဲ့ အစည်း အသိုင်းအ၀ိုင်းတခုက လူတွေကြား .... အဲဒီ ယုံကြည်မှု ပျက်သုန်းတာနဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများအပြား ရှိလာမယ် ။ ဒါကြောင့် လူတိုင်းမှာ ကိုယ့်အပေါ် သူများက ထားတဲ့ ယုံကြည်မှုကို မပျက်သုန်းအောင် ထိန်းဖို့ တာဝန်ရှိတယ်လို့ ကျွန်မ မြင်မိတယ် ။

ဒါပေမယ့်လည်း လူဆိုတာ အမှားနဲ့မကင်းဘူး ။ ကျွန်မတို့ ဘ၀ရဲ့ အချိန် တခုမဟုတ် တခုမှာ ကျွန်မတို့ရထားတဲ့ ယုံကြည်မှုကို အနည်းဆုံး တခါတော့ အလွဲသုံးစား လုပ်ကောင်းလုပ်ဖြစ်ခဲ့မှာ မလွဲဘဲ ။ အဲလိုဖြစ်ခဲ့တဲ့ အမှားတွေကို ကျွန်မတို့ သတိထားလိုက်မိပြီး နောင် ထပ်မမှားမိဖို့ အရေးကြီးတယ်လို့ ခံစားလိုက်ရတယ် ။ အဲဒီ ခံစားချက်နဲ့အတူ ကျွန်မရဲ့ အနှစ်သုံးဆယ်လုံး အဖြစ်အပျက်တွေကို ဆွဲထုတ်လို့ ၊ "ယုံကြည်မှု ၊ တာဝန် ၊ အလွဲသုံးစား" ဆိုတဲ့ အကြောင်းအရာ သုံးခုနဲ့ သက်ဆိုင်တဲ့နေရာအောက်မှာ ခွဲခြမ်းစိတ်ဖြာဖို့ ဆွဲ ချိတ် ထား လိုက် မိပါတော့တယ် ။


မှတ်ချက် ။
ယုံကြည်မှုဟူသည် နေရာဒေသ ၊ အခြေအနေကိုလိုက်၍ အတိုင်းအတာ အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး ရှိနိုင်သည် ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.