Monday, October 6, 2008

[::Just Speaking Out Loud::] 3 New Entries: Suho - All About You

Suho - All About You

လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်က ဆူဟိုရဲ့ ပထမဦးဆုံး ထွက်ရှိခဲ့တဲ့ နွေဦး ၊ နွေ ၊ ဆောင်းဦး ၊ ဆောင်း ဆင်ဂဲလ် ကတည်းက သူ့ရဲ့ ပရိတ်သတ်ဖြစ်နေခဲ့တာ ကြာပါပြီ။ အဲဒီ့နောက်မှာတော့ သူက နောက်ထပ် ဆင်ဂဲလ်တစ်ခွေ (ထင်တာပဲ)၊ မီနီအယ်လ်ဘမ်တို့ ထွက်ရှိခဲ့ပါတယ်။ မေလကုန်မှာတော့ သူ့ရဲ့ ပထမဦးတေးအယ်လ်ဘမ်ထွက်ရှိခဲ့ပါတယ်။ ထွက်ကတည်းက နားထောင်ချင်နေခဲ့ပေမယ့် download လုပ်ရတာ အဆင်မပြေတာကြောင့် အခုမှပဲ နားထောင်ရပါတယ်။

သူ့ရဲ့ သီချင်းတွေက မြန်မာပရိသတ်တွေနဲ့ အနည်းငယ် ရင်းနှီးနေတဲ့ တစ်ချို့သော ပေါ့ပ်ရက်ပ် သီချင်းတွေနဲ့ ဆင်ပါတယ်။ သူက ရက်ပ်ပဲ ဆိုပေမယ့် သီချင်းတိုင်းမှာ နားထောင်လို့ ကောင်းတဲ့ မယ်လိုဒီတွေနဲ့ တွဲဖပ်ထားတဲ့အပြင် သီဆိုပေးသူတွေကလဲ နာမည်ကြီး အဆိုတော်ရှင်တွေဆိုတော့ ဒီအခွေက မကောင်းပဲနဲ့ ဘယ်နေနိုင်မလဲနော်။ သူ့ရဲ့ ရက်ပ်ဆိုဟန်ကတော့ MC Mong နဲ့ နည်းနည်းဆင်တဲ့အတွက် သူ့ရဲ့ ပရိတ်သတ်တွေကလဲ ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ မဒီ အရမ်းကြိုက်တဲ့ ကင်တေ၀ူးနဲ့ တွဲဖပ်သီဆိုထားတဲ့ နွေဦး ၊ နွေ ၊ ဆောင်းဦး ၊ ဆောင်း သီချင်းကိုလဲ ပြန်ထည့်ပေးထားပါသေးတဲ့အပြင် မီနီအယ်လ်ဘမ်ထဲက သီချင်း ၂ပုဒ်လဲ ပါဝင်ပါသေးတယ်။

ဒီ All About U အခွေမှာ skit ၂ ပုဒ် နဲ့ instrumental ၂ ပုဒ်ကို ဖယ်လိုက်မယ်ဆိုရင်တော့ သီချင်း ၉ပုဒ်ပါဝင်ပါတယ်။ အဲ..ထူးဆန်းတာကတော့ မီနီအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ရဲ့ instrumental ကြီး ပြန်ပါနေတာပဲ။ download လုပ်တာပဲ မှားပါလာတာလားတော့ မသိဘူး။ အဲဒီ့သီချင်းလေးသာပါရင် တော်တော်ကောင်းမယ်။



Tracklist:
01 Beautiful
02 일년중 하루 (SKIT) [Illyeonjung Haru - One Day in a Year]
03 우리 사랑한 만큼 [Uri Saranghan Mankeum - As Much as We Loved]
04 신데렐라 [Cinderella]
05 Love (SKIT)
06 Only Girl
07 봄 여름 가을.. 겨울 [Spring Summer Fall.. Winter (feat. Kim Tae Woo)]
08 고맙다 친구야 [Komapda Chinguya - Thank You Friend]
09 Don't cry my love
10 도화지 [Dohwaji - Drawing Paper]
11 나를 믿지마 [Nareul Mitjima - Don't Trust Me]
12 그냥 이렇게 (MR) [Keunyang Ireohke - Just Like This]
13 우리 사랑한 만큼 (MR) [Uri Saranghan Mankeum - As Much as We Loved]

Download

credit: sweetxmelodies + z-degrees

အမေရိကန် ဇာတ်လမ်းတွဲများ

စာမေးပွဲတွေ ပြီးသွားတော့ အေးဆေး နားရြ့ပီ။ ကျောင်းကလဲ ၂၀ရက်နေ့မှ ပြန်တက်ရမယ်တဲ့။ ပျော်စရာကြီး..ညနေ ကျူရှင်သင်တာမှအပ ကျန်တဲ့အချိန် အားလပ်သွားပြီ။ စာမေးပွဲနဲ့ ပတ်သတ်ပြီး ရလိုက်တဲ့ သင်ခန်းစာကတော့ စာကို ပုံမှန်ကျက်ဖို့ပဲ။ စာမေးပွဲနားနီးမှ ကပ်ကျက်တော့ စာတွေလဲ မနိုင်တော့ဘူး။ စာမေးပွဲတော့ အောင်မယ်ထင်ပါတယ်။

မနေ့ကပဲ တရုတ်တန်းသွားပြီး အခွေတွေ အများကြီး ၀ယ်ထားတယ်။ အခု လောလောဆယ်မှာ ကိုရီးယားကားတွေလဲ မကြည့်ချင်တော့ဘူး။ အားတိုင်း ဒါတွေပဲ ကြည့်နေရတော့ ငြီးငွေ့လာပြီ။ လမ်းဘေးဆိုင်တွေမှာလဲ မကြည့်လိုက်နဲ့ အားတိုင်း ဒီကားတွေပဲ မြင်နေရတယ်။ လိုချင်တဲ့ အမေရိကန်ဇာတ်လမ်းတွဲတွေတောင် တရုတ်တန်းက ဆိုင်မှာ သွားဝယ်မှ ရတယ်။ Supernatural ၊ Veronica Mars ၊ OC ၊ Brothers and Sisters ၊ Alias ၊ Ghost Whisper ၊ Roswell ၊ Project Runway ၊ Ugly Betty စတဲ့ ဇာတ်လမ်းတွဲတွေကလဲ ထွက်ထားတာတွေက အများကြီးပဲ။ ဘာကားတွေ ကြည့်ရမှန်းလဲ မသိဘူး။ ဟိုးအရင်က အစ်ကိုကြီးတစ်ယောက် လိုချင်လွန်းလို့ ထိုင်းကနေ မှာယူရတဲ့ Friends ဇာတ်လမ်းတွဲဆိုရင် အခု အတွဲ ခုနှစ်တွဲစလုံးကို ၀ယ်ရင်တောင် တစ်သောင်းတောင် မကျဘူး။ အရင်ကတော့ ကြိုက်ခဲ့ပေမယ့် ၀ယ်ကြည့်ရလောက်အောင်တော့ မကြိုက်ပါဘူး။ ၀ယ်ချင်တဲ့သူတွေ၊ စုထားချင်တဲ့သူတွေကတော့ လသာလမ်းက တိုကျိုဆိုင်မှာ သွားရှာရင် တွေ့လိမ့်မယ်။ အပြင်ဆိုင်တွေမှာလဲ ၀ယ်လို့ရပေမယ့် အဲဒီ့ဆိုင်ကတော့ အခွေလဲ စမ်းပေးတော့ ကောင်း၊ မကောင်း စစ်လို့ရတယ်။

ကိုယ်က အမေရိကန်ဇာတ်လမ်းတွဲတွေနဲ့ အဆက်အသွယ်ပျက်နေတာကြာနေတော့ မကြည့်ရသေးတဲ့ ဇာတ်လမ်းတွဲတွေကို ဟောင်းနေလဲ ၀ယ်ကြည့်ရင်ကောင်းမလား စဉ်းစားနေတယ်။ လောလောဆယ်တော့ Smallville၊ Kyle Xy နဲ့ Star Gate - SG 1 တို့ကို ပထမဆုံး season တွေ ၀ယ်ထားတယ်။ Star Gate ကတော့ မဒီသိပ်မကြိုက်ပါဘူး။ အစ်မနဲ့ မောင်လေးတို့ပဲ ကြည့်ကြမှာ။ သူတို့ကြည့်နေတဲ့ Star Gate - Atlantic က အသစ်မထွက်သေးလို့ အဟောင်းကိုပဲ စကြည့်နေကြတယ်။ ပြီးတော့ Naruto ကိုလဲ season 1 နဲ့ 2 ကိုလဲ အစ်မက ၀ယ်လားသေးတယ်။ ပြီးခဲ့တဲ့လကလဲ One Tree Hill နဲ့ Taken တို့ ၀ယ်ထားသေးတယ်။

ကိုရီးယားကားတွေဆိုရင်တော့ ဘယ်ကားက ကောင်းတယ်၊ ဘယ်ကားကတော့ မကောင်းဘူးဆိုတာကို အွန်လိုင်းမှာ အမြဲဖတ်နေတော့ ရွေးတတ်ပေမယ့် အမေရိကန်ကားတွေနဲ့ကြတော့ မဒီနဲ့ စိမ်းနေတော့ ဘာကားတွေ ၀ယ်ရင်ကောင်းမလဲဆိုတာ အကြံဥာဏ်ပေးကြပါလား။ Lost တို့ Prison Break တို့တော့ အကြံဥာဏ် လာမပေးကြပါနဲ့။ အဲဒါတွေကို မဒီမကြည့်ချင်ဘူး။ Heroes ကလဲ အခုမှ season 3 ပြနေတုန်းဆိုတော့ တော်တော်နဲ့ အခွေက ထွက်ဦးမှာ မဟုတ်သေးဘူး။ ဒီဇင်ဘာလောက်ကြမှ လူကြုံနဲ့ အခွေကူးပေးဖို့ သူငယ်ချင်းတွေကို အပူကပ်ရမယ် :D။

မဒီ ငယ်ငယ်ကဆိုရင်တော့ အင်္ဂါ၊ ဗုဒ္စဟူး ဆိုရင် ည ၈နာရီထိုးတာနဲ့ WB က ပြတဲ့ ဇာတ်လမ်းတွဲတွေပဲ အကြည့်များတယ်။ သောကြာနေ့ဆိုရင်တော့ ABC ကို ပြောင်းကြည့်တယ်။ မဒီ ကြည့်ချင်တာ ကတော့ ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ဆယ်ကျော်သက်ကြိုက်တဲ့ ဇာတ်လမ်းမျိုးတွေပဲ။ ငယ်ငယ်ကဆိုရင် WB က ပြတဲ့ Buffy ၊ Dawson's Creek ၊ Charmed တို့ကို အရမ်းကြိုက်တာ။ အခုနေ အဲဒီ့ကားတွေကို တွေ့ရင်တော့ အခွေလုံးဝ ၀ယ်မှာ သေချာတယ်။ ပြီးတော့ Friends လိုမျိုး ဇာတ်လမ်းကောင်းတဲ့ ဟာသ ဇာတ်လမ်းတွဲမျိုးလဲ ကြည့်ချင်တယ်။

အခု လောလောဆယ်မှာတော့ Sci-Fi မှာ ပြသွားတဲ့ Taken ကြည့်နေတာ အရမ်းစွဲနေတယ်။ အပိုင်းဆယ်ပိုင်းပဲ ပါပေမယ့် တစ်ပိုင်းကို တစ်နာရီခွဲလောက် ကြာတော့ အကြာကြီး ကြည့်ရတယ်။ အခုမှ အပိုင်း၅ပဲ ရှိသေးတော့ နောက်ထပ် ၅ပိုင်း ဆက်ကြည့်ရဦးမယ်။

စီးတီးအက်ဖ်အမ်ရဲ့ ဆဌမအကြိမ်မြောက် နှစ်ပတ်လည်အခွေ

စီးတီးအက်ဖ်အမ်ရဲ့ ဆဌမအကြိမ်မြောက် နှစ်ပတ်လည်အခွေ ထွက်နေမှန်းသိပေမယ့် ၀ယ်ရမှာ ကြောက်နေခဲ့တယ်။ နောက်ဆုံးထွက်ခဲ့တဲ့ အခွေတုန်းကဆိုရင် ခိုးကူးဝယ်ရတာတောင် မတန်ဘူး။ ဒါပေမယ့်လဲ စိုင်းစိုင်းနဲ့ မိုးမိုးတို့ပါလို့ စမ်းကြည့်ဖို့ ခိုးကူးပဲ အရင်ဝယ်ကြည့်တာ မဆိုးဘူး။ သီချင်းတော်တော်များများ ကြိုက်တယ်။ ဒီဗီဒီတောင် ပြန်ဝယ်ဖို့ စိတ်ကူးထားတယ်။ အခုတလော အခွေဝယ်တာများနေတော့ လောလောဆယ်တော့ မ၀ယ်နိုင်သေးဘူး။ နောက်အပတ်မှာလဲ ရဲလေးဒီဗီဒီ ထွက်ရင် ၀ယ်ရဦးမယ်။

အခု အခွေကိုကြိုက်ပေမယ့် စင်ရဲ့ setting ကို မကြိုက်ဘူး။ စလိုက်မီးတွေ ထိုးတာ အရမ်းပိန်းတယ်။ ပြီးတော့ ခေါင်းမူးအောင် လျှောက်ထိုးနေလို့ စိုင်းစိုင်းသီချင်းဆိုရင် ဖျော်ဖြေတာ ကြိုက်လွန်းလို့သာ သည်းခံပြီး ကြည့်ရတယ်။ စင်ကလဲ ကျဉ်းတော့ စင်ပေါ်မှာ ဆိုင်းတွေ၊ band စတာတွေက နေရာယူလိုက်တော့ အရှေ့မှာ အဆိုတော်တွေအတွက် နေရာက သိပ်မကျန်တော့ဘူး။ အထူးသဖြင့် သားစိုးနဲ့ ဖိုးချစ်တို့ရဲ့ ဖျော်ဖြေမှုမှာဆိုရင် စင်ပေါ်မှာ ကနေတဲ့လူတွေက များပြီး နေရာက ကျဉ်းတော့ ကြည့်ရတာ သိပ်မကောင်းဘူး။

ဒီဗီဒီဝယ်ရင်တော့ ကြည့်ရတာ ပိုကောင်းမလားမသိဘူး။ တစ်ခါတစ်လေ ဒီဗီဒီမှာက ဗီစီဒီနဲ့ မြင်ကွင်းမတူတဲ့ ရိုက်ချက်တွေကို ကြည့်ရတယ်။ ၁၀စက္ကန့် ဒီဗီဒီမှာဆိုရင် ရိုးရိုးဗီစီဒီထက် ပိုကြည့်လို့ကောင်းတဲ့အပြင် တခြား bonus material တွေလဲ ပိုထည့်ပေးထားတယ်။

ဒီအခွေမှာ ကြိုက်တဲ့သီချင်းတွေကိုပဲ ရေးတော့မယ်။

လိမ်ဖယ်လိမ်ဖယ် စိန်အိုးစည် - သားစိုး + ဖိုးချစ် + ဗေဒါမောင်

ထုံးစံအတိုင်း သားစိုးရဲ့ ရောမလို့မ၀သေးတဲ့ သီချင်းတစ်ပုဒ်ပါ။ ထူးခြားချက်ကတော့ ဖိုးချစ်နဲ့ အကအဖွဲ့က သူငယ်တော်အကနဲ့ ဖျော်ဖြေထားတာပဲ။ စစချင်း ဖိုးချစ်က ရို့ဘော့အက ကပြပြီး နောက်တော့ သူငယ်တော်အက ကပြတယ်။ သီချင်းစာသားတွေကို နားထောင်ရင်းနဲ့ ကိုယ်ကိုယ်ကို ခိုးကူးဝယ်မိတာတောင် စိတ်မလုံလိုက်တာ။

ဝေဒနာပြတင်းပေါက် - Black Hole

စတေ့ခ်ျ စက်တင်းမှာ ပြတင်းပေါက်တံခါးဖွင့်ပြီး ကောင်မလေး ထွက်ရပ်နေတာလေးကို သရုပ်ဖော်ပြထားတာလေးက မြင်နေကြမဟုတ်တော့ ထူးခြားတယ်။ သီချင်းကတော့ အသစ်လား၊ အဟောင်းလား မသိပေမယ့် နားထောင်လို့ ကောင်းတယ်။ အစိုင်းရဲ့ အသံနဲ့ လိုက်ဖက်တယ်။

ပထမဆု - စိုင်းစိုင်းခမ်းလှိုင် + မိုးမိုး

စလိုက်မီးတွေက မတရားထိုးထားတော့ ကြည့်ရတာ ခေါင်းမူးတယ်။ မောင်လေးကတော့ အဲဒါ editing မကောင်းလို့ ခေါင်းမူးတာလို့ ပြောတယ်။ ဒါပေမယ့် တစ်ခွေလုံးမှာ အကောင်းဆုံး ဖျော်ဖြေမှုကတော့ ဒီ ပထမဆု ဖျော်ဖြေမှုပဲ။ ရော့ခ်ဂီတကို တယောသံနဲ့ တွဲဖက်ထားပြီး မိုးမိုးက မယ်လိုဒီဆိုပြီး စိုင်းစိုင်းက ရက်ပ်ဆိုထားတယ်။ (စာမေးပွဲမဖြေခင် တစ်ရက်အလိုမှာ ဒီအခွေကို မဒီဝယ်တော့ ဒီသီချင်းကို နားထောင်ပြီး ခဏခဏ ပြန်ပြန်နားထောင်ချင်နေလို့ စာပေါ်မှာ မနည်းအာရုံပြန်စိုက်ထားရတယ်။ :D)

ဘယ်သူမှမကောင်းဘူး - R ဇာနည်

ဂျေမောင်မောင်ရဲ့ သီချင်းဟောင်းကို ပြန်ဆိုထားတာဖြစ်ပါတယ်။ အရမ်းကို ပျင်းစရာကောင်းတယ်လို့ သတ်မှတ်ထားတဲ့ သီချင်းကို R ဇာနည်ဆိုမှပဲ အရမ်းကြိုက်နေမိတယ်။ (ဂျေမောင်မောင်ရဲ့ ပရိတ်သတ်တွေတော့ စိတ်ဆိုးကြမလား မသိဘူး) အဲဒါကြောင့်လဲ R ဇာနည်က ကိုယ်ပိုင်အခွေ ထွက်စရာမလိုပဲ အခွေတစ်ခွေမှာ တစ်ပုဒ်ထဲ ပါဝင်ရုံနဲ့တင်ပဲ အောင်မြင်နေပြီး နှစ်တိုင်း လူကြိုက်အများဆုံး တေးသံရှင် အမျိုးသားဆုကို ရရှိနေတာပဲ ဖြစ်မယ်။ အခုနှစ်အတွက်လဲ သူပဲ ရနေဦးမှာ သေချာပါတယ်။

အချစ်ပဲလိုတယ် - ဖိုးကာ

ဇော်ဝင်းရှိန်ရဲ့ သီချင်းဟောင်းလို့ မဒီ့အစ်မက ပြောတယ်။ ဖိုးကာက သီချင်းဆိုနေစဉ်မှာ အေးမြတ်သူက အနောက်ကနေ ဂါဝန်ကြီးကို မပြီး ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်နဲ့ twirl လုပ်နေတယ်။ သီချင်းကတော့ အေးအေးလေးနဲ့ နားထဲစွဲဝင်သွားတယ်။

ယူ - L ခွန်းရီ + L ဆိုင်းဇီ

L ဆိုင်းဇီကို မကြိုက်ပေမယ့် L ခွန်းရီကြောင့် ကြည့်ဖြစ်ပါတယ်။ သူ့အသံက အရင်လိုပဲ နားထောင်လို့ ကောင်းတယ်နော်။

ဘယ်တော့မှ မမေ့ဘူး - ဒွေး + ကော်နီ

ဒွေးကွယ်လွန်ပြီးနောက်မှာ projector နဲ့ ထိုးပြပြီး သီချင်းကို တစ်ယောက်တစ်လှည့်ပြီး ဆိုသွားပုံလေးက ထူးခြားပေမယ့် ဒွေးရဲ့ မိန်းမကိုပဲ ကင်မရာက ထိုးပြနေတာကြီးကို လုံးဝမကြိုက်ဘူး။ ဘယ်နဲ့ လူမှုရေးတရားတောင် နားမလည်ကြဘူးလား။ ဟိုမှာ စိတ်ညစ်နေလို့ လူတွေရှေ့မှာ စိတ်ကို မနည်းထိန်းနေရတာကို ဒီကင်မရာက တောက်လျှောက်ပဲ ရိုက်နေတယ်။ သီချင်းဆိုနေတဲ့ ကော်နီ့ကိုတောင် သေချာမပြဘူး။ သီချင်းကြိုက်ပေမယ့် ကြည့်ရင်းနဲ့ စိတ်တိုလာလို့ ကျော်ပစ်မိတာ များတယ်။ သီချင်းခွေမှာပဲ သေချာနားထောင်တော့မယ်။

ဖုန်းမဆက်နဲ့ - မိုင် + ရတနာမိုင်

သမီးဆိုတဲ့ ခေတ်ပေါ်သီချင်းကို အမေလုပ်သူက ပြန်ဆိုတာမျိုးကို အရင်ကတော့ ရှင်ဘုရင်လေးလားမှာ နွဲ့ယဉ်ဝင်းတို့ သားအမိက သီဆိုထားကြပေမယ့် ဒီသီချင်းကတော့ မိုင်ရဲ့ အသံနဲ့ မလိုက်ဖက်ဘူး။ သူ့ရဲ့ သီချင်းဟောင်းကိုမှ သားအမိနှစ်ယောက် ပြန်ဆိုတာဆိုရင် ပိုကောင်းဦးမယ် ထင်တယ်။ အခု သီချင်းအမျိုးအစားက သိပ်တော့ မထူးခြားပေမယ့် စာသားတွေကတော့ တစ်ခါနားထောင်လိုက်ပြီးတာနဲ့ ခေါင်းထဲစွဲသွားပြီး တစ်ခါတစ်လေ ဆိုနေမိတော့ ကြိုက်တယ်လို့ပဲ ကိုယ့်ကိုယ်ကို ယူဆရမယ် ထင်တယ်။ ဒီတစ်ခါ မိုင်လေးက အမေရှေ့မှာမို့လို့ထင်တယ် အရင်လို သိပ်မလှုပ်၊ သိပ်မခါတော့ဘူး။ :D

အချစ်နဲ့ မကင်းတဲ့လူတွေ - ကျော်စည်သူကျော် + G လတ်

ဒါလဲပဲ ပြန်ဆိုတေးထင်တယ်။ မဒီ နားထောင်နေကြ သီချင်းအမျိုးအစား မဟုတ်ပေမယ့်လဲ ကြိုက်တော့ကြိုက်တယ်။

ယဉ်တစ်ကိုယ်မယ် - ထွန်းထွန်း

သီချင်းက သူနဲ့တော့ သိပ်မလိုက်ဖက်ပေမယ့် နဂိုကတည်းက ကြိုက်တဲ့သီချင်းဖြစ်သလိုပဲ မော်ဒယ်မမတွေက လှယဉ်ကျေးမယ် ပြိုင်ပွဲဝင်သူတွေအဖြစ် သရုပ်ဆောင်ထားကြတော့ ဦးဦး၊ ကိုကိုတို့ ကြိုက်ကြမှာ သေချာတယ် :D မော်ဒယ်တွေထဲမှာ သဇင်နဲ့ ခရစ္စတီးနားတို့ကိုပဲ သိပြီး ကျန်တဲ့နှစ်ယောက်ကိုတော့ မျက်နှာမြင်ဖူးပေမယ့် နာမည်မသိဘူး။

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.