Thursday, October 23, 2008

[ရွှေပြည်သူ] 1 New Entry: အကောင်းဆုံးအဆိုးများ

အကောင်းဆုံးအဆိုးများ

ဟာသလေးတွေလည်း မတင်ရတာကြာလို့ သူငယ်ချင်းပို့လိုက်တဲ့ "အကောင်းဆုံး အဆိုးများ" (The Best of The Worst) ဆိုတဲ့ခေါင်းစဉ်အတိုင်း အလွဲကြီးလွဲခဲ့တဲ့ တကယ့်အဖြစ်အပျက်တွေကို ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်ရှင်... အားလုံးပြုံးပျော် ရယ်မောနိုင်ကြပါစေ...း)

အဆိုးဆုံးဘဏ်ဓားပြ

၁၉၇၅ခုနှစ် သြဂုတ်လတုန်းက လူသုံးယောက်ဟာ ရော့သ်စီ (Rothesay) မှာရှိတဲ့ စကော့တလန်တော်ဝင်ဘဏ်ကို ဓားပြတိုက်ဖို့ အလာမှာပဲ ဘဏ်ရဲ့ဆုံလည်တံခါး (Revolving Door) ထဲမှာ ပိတ်မိကြပါတယ်။ ဘဏ်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပြန်ထွက်လာကြပြီး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောအပြီးမှာ ကသိကအောက် ဖြစ်စွာနဲ့ပဲ အဆောင်အအုံထဲက ပြန်ထွက်သွားကြပါတယ်။

မိနစ်အနည်းငယ်အကြာမှာ ဘဏ်ထဲကို ပြန်ဝင်လာပြီး ဘဏ်ကိုဓားပြတိုက်မယ့် သူတို့ရဲ့ရည်ရွယ်ချက်ကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဘယ်ဝန်ထမ်းကမှ သူတို့စကားကို မယုံကြပါဘူး။ ငွေသား ပေါင် ၅,၀၀၀ ကို တောင်းဆိုတဲ့အခါမှာတော့ ငွေကိုင်စာရေးချုပ်က သူတို့ကို ဟားတိုက်ရယ်ပြီး လာနောက်နေတာလို့ပဲ ထင်နေပါတယ်။ အဲဒါကြောင့် သူတို့ထဲက တစ်ယောက်က ကောင်တာပေါ်ကို ခုန်တက်လိုက်တဲ့အခါ ပြုတ်ကျပြီး ခြေချင်းဝတ် ညပ်သွားပါတယ်။ ကျန်တဲ့နှစ်ယောက်လည်း ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြရင်း ဆုံလည်တံခါးထဲမှာ ထပ်ပိတ်မိကြပြန်ပါတယ်...

အဆိုးဆုံးလေယာဉ်ပြန်ပေး

၁၉၇၆ ခုနှစ်တုန်းက အောင်မြင်မှုမရှိဆုံးသော လေယာဉ်ပျံပြန်ပေးဆွဲဖို့ ကြိုးစားခဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကျွန်မတို့ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်တွင်း ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ အဲဒီလူဟာ ခုံပေါ်ကထ သေနတ်ကို ဆွဲထုတ်ပြီး လေယာဉ်မယ်ကို ဆွဲခေါ်လိုက်ပါတယ်။
"ဒီထရွိုက် (Detroit) ကို မောင်းကြစမ်း" လို့ သူတောင်းဆိုတော့...
"ကျွန်မတို့ ဒီထရွိုက်(Detroit)ကိုပဲ သွားနေတာပါရှင်..." လို့ လေယာဉ်မယ်က ပြန်ဖြေလိုက်ပါတယ်။
"သြော်... ကောင်းတယ် ကောင်းတယ်..." လို့ ပြောပြီးတော့ သူ့နေရာမှာ ပြန်ထိုင်လိုက်ပါတော့တယ်...

အဆိုးဆုံးတိရိစ္ဆာန်ကယ်ဆယ်ရေး

၁၉၇၈ ခုနှစ်... မီးသတ်သမားတွေ ဆန္ဒပြနေတာကြောင့် ဗြိတိန်တပ်မတော်က အရေးပေါ်မီးသတ် တာဝန်ယူထားတဲ့ ကာလ... ဇန်န၀ါရီလ ၁၄ ရက်မှာ လန်ဒန်တောင်ပိုင်းက အဖွားအိုတစ်ယောက် သစ်ပင်ပေါ်မှာ ပိတ်မိနေတဲ့ သူ့ကြောင်လေးကို ကယ်ဆယ်ပေးဖို့ အကူအညီတောင်းတဲ့ ဖုန်းဝင်လာပါတယ်။ သူတို့ မြန်မြန်ဆန်ဆန်ပဲ ရောက်သွားပြီး ခဏလေးနဲ့ တာဝန်ကို ဆောင်ရွက်လို့ ပြီးသွားပါတယ်။ သိပ်ဝမ်းသာသွားတဲ့ အဖွားအိုဟာ သူတို့အားလုံးကို လက်ဖက်ရည်သောက်ဖို့ ဖိတ်လိုက်ပါတယ်။ လက်ဖက်ရည်သောက်ပြီးတော့ ကြင်ကြင်နာနာ နှုတ်ဆက်အပြီး ကားကို မောင်းထွက်လိုက်တဲ့ အခါမှာတော့ ကြောင်ကို ကားနဲ့ကြိတ်မိပြီး ကြောင်ကလေး သေဆုံးသွားပါတော့တယ်...

ရွှေပြည်သူ (ဘာသာပြန်ပါသည်)

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Marian Rubin Website ကနေ ကူးယူထားတာဖြစ်ပြီး မူရင်းရိုက်ကူးသူကလည်း Marian Rubin ဖြစ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.