Thursday, October 23, 2008

[တောင်ငူသား] 1 New Entry: ရာချို

ရာချို

မနက်ခင်းတွေဆို အဖေက ကျွန်တော်တို့သားအမိနှစ်ယောက်ကို စက်ဘီးနဲ့ အမေ့ဖက်က အဖွားအိမ်ကို ပို့ပေးပြီးမှ ဆိုင်သွားထွက်တယ်။ ညနေဆိုင်သိမ်းပြီးမှ လာကြိုတာပေါ့။ ကျွန်တော်တို့မိသားစုက အဖေဖက်က အဖိုးအဖွားတွေနဲ့ နေတာလေ။ အိမ်ပြန်မယ်ဆိုရင် ညအိပ်တဲ့အဖွားအိမ်ကို ပြောတာလို့နားလည်ပြီး အနောက်ဖက်အိမ်သွားမယ်ဆိုရင် နေ့ခင်းနေတဲ့အဖွားအိမ်ကို ပြောတယ်ဆိုတာ ကျွန်တော်တို့မိသားစုအဝန်းက အခေါ်အဝေါ်တစ်ခုပါပဲ။


အနောက်ဖက်အိမ်က အောက်ထပ်နိမ့်နိမ့်ဆောက်ထားတဲ့ ပျဉ်ထောင်အိမ်လေးတစ်လုံးပါ။ ဘုရားအိုးစင်အောက်ဖက် ပြတင်းပေါက်လေးဟာ ခေါင်းရင်းအိမ်ဖက်ကို ကျွန်တော်ကင်းထောက်တဲ့ နေရာလေးပါ။ ခေါင်းရင်းအိမ်က ကျွန်တော့်ရဲ့ စားအိမ်သောက်အိမ်လည်းဖြစ်၊ ကစားကွင်းလည်းဖြစ်ပါတယ်။ အဲဒီအိမ်က အဖိုးက ဆိုင်ကယ်ပြင်တယ်။ ကလေးငယ်မရှိတဲ့အတွက် တစ်အိမ်လုံးက ကျွန်တော့်ကို အရမ်းချစ်တယ်။ အငြိမ်းစားကျောင်းဆရာမကြီးဖြစ်တဲ့ အဲဒီအိမ်က အဖွားက ကျွန်တော့်ကို ပုံပြင်လေးတွေ ပြောပြတတ်သလို ခြေချိုးလက်ချိုးအက လေးတွေလည်း သင်ပေးတတ်တယ်။ အမကြီးနှစ်ယောက်ကတော့ ကျွန်တော့်ထက် အသက်အများကြီး ကြီးပေမယ့် ကျွန်တော်နှိပ်စက်သမျှ အနွံတာခံတဲ့ ကစားဖော်တွေပါပဲ။


ကျွန်တော်အိမ်မှာ ပျင်းလို့ ကစားချင်ပြီ အိမ်လည်ထွက်ချင်ပြီဆို အမကြီးတွေ ရှိလားမရှိလား ပြတင်းပေါက်ကနေ ကင်းထောက်ပါတယ်။ နောက်ထပ်ကင်းထောက်တဲ့ အကြောင်းတစ်ခုကတော့ ရာချိုအတွက်ပါ။ အဖိုးက နေ့လယ်ခင်းအလုပ်ခဏနားချိန်ဆို အပြင်ထွက်လေ့ရှိပါတယ်။ ဦးချစ်ဆိုင်ကိုပေါ့။ ဦးချစ်ဆိုင်သွားတိုင်း ဒန်ချိုင့်လေးတစ်လုံးက အမြဲပါတယ်။ အဖိုးပြန်လာပြီဆို ပြတင်းပေါက်သံတိုင်ကြားကနေ "ဘ သားသားအတွက် ရာချိုပါလား" ဆိုပြီး လှမ်းလှမ်းမေးတယ်။ တကယ်တော့ ပါမှန်းသိပြီးသား။ လက်ထဲက ဒန်ချိုင့်ကလေးကို မြင်နေရတာပဲလေ။ ဟိုဖက်အိမ်ကို ဒီတိုင်းသွားတာထက် အဲလိုလေး စကားဦးလေးသမ်းပြီးမှ ကူးလိုက်တော့ ညာတုတ်လို့ ပိုကောင်းတာပေါ့။ နေပူထဲက ဖြတ်ပြန်လာရတဲ့ အဖိုးအတွက် ရောက်ရောက်ချင်း ကလေးက တီတီတာတာ နှုတ်ဆက်လိုက်တော့ အမောပြေတာပေါ့။ ဒါနဲ့ "အေး သားသားရေ လာကွ" ဆိုရင် တန်းပြေးတော့တာပဲ။ အမေက နေပူတယ် ဦးထုပ်ဆောင်းဦးဆိုလည်း မကြားတော့ဘူး။ တကယ်တော့ ခေါင်းရင်း ရေတွင်းဘေးကနေ ဖြတ်ကူးရင် နေရိပ်တယ်။ ဒါပေမယ့် ဘယ်တော့မှ မကူးဘူး။ အိမ်ရှေ့ကနေပဲ သွားတယ်။ ခေါင်းရင်းဖက်က အိမ်တိုင်ကြားမှာ ကျွန်တော်ကြောက်တဲ့ တောက်တဲ့ကြီးရှိနေတယ်။


ရောက်ရင်တော့ ရာချိုပူပူလေးကို ဒန်ချိုင့်အဖုံးလေးထဲထည့် အအေးခံပြီးမှ အဖွားက တိုက်တယ်။ အဲဒီအချိန်တုန်းက သောက်ခဲ့ရတဲ့ ရာချိုတွေဟာ ကျွန်တော့်အဖို့ အချိုမြိန်ဆုံး အရသာအရှိဆုံးလို့ ထင်တယ်။ အဲဒီကတည်းက ရာချိုကို စွဲပြီး ကြိုက်လာခဲ့တာ ခုထက်ထိပဲဆိုပါတော့။ တော်သေးတာက ဒီမှာလည်း ရာချိုဆိုင်တွေရှိလို့။ ဒါပေမယ့် မြန်မာပြည်က ရာချိုကိုတော့ လုံးဝမမှီဘူး။ ကျဲတောက်တောက်နဲ့။ ငယ်ငယ်ကဆို အိမ်မှာဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ကျွန်တော့်ကို ရာချိုပဲ တိုက်လို့ရတယ်။ တခြားဟာတွေ ဘယ်တော့မှ မသောက်ဘူး။ အဖေနဲ့ အပြင်ထွက်ရင်လည်း ကျွန်တော် ရာချိုပဲသောက်တာ။ နောက်ပိုင်း တော်တော်ကြီးမှ တခြားဟာတွေပါ သောက်လို့ရလာတာ။


ဒီရောက်တော့ ရာချိုကောင်းကောင်းမရတာ အတော်စိတ်ပျက်မိတယ်။ ကျွန်တော်ထင်တယ်လေ ကမ္ဘာပေါ်မှာ အမျိုးအစုံလင်ဆုံးနဲ့ အကောင်းဆုံးအရသာတွေရှိတဲ့ ရာချို ရနိုင်တာဆိုလို့ ကျွန်တော့်တို့ မြန်မာတစ်ပြည်တည်း ရှိမယ်။ ငယ်ငယ်ကတော့ ရာချိုတွေဟာ ရိုးရိုးတစ်မျိုးသာ ရှိတာပဲ။ ဘာဇွန်းမှလဲ မတပ်ထားပါဘူး။ မတ်ခွက်ကြီးနဲ့ ဆွဲမြှောက်ပြီး ဖျော်နေတာ ကြည့်ရင်းနဲ့ကို သောက်ချင်စိတ်တွေ တားမရ ဆီးမရပဲ။ နို့အိုးထဲက အပေါ်ယံလေး ဆွဲခပ်လိုက်လို့ ပါလာတဲ့ မလိုင်ဖတ်လေးတွေဆို ရာချိုလေးထဲ ထည့်ခိုင်းဖို့ မမေ့မလျော့ပြောရသေးတယ်။ ဒီကဆိုင်တွေများ မလိုင်ဖတ်မပြောနဲ့ နွားနို့ကို ကျိုထားတာတောင် မြင်ဖူးကြရဲ့လားမသိ။ ပြောရင်းနဲ့ မြန်မာရာချို အရသာစစ်စစ်လေးကို အရမ်းလွမ်းသွားပြီဗျာ။



Bukit Batok MRT (အနီလိုင်း)နဲ့ ကပ်ရပ်မှာရှိတဲ့ West Mall အပြင်ခြမ်းက ရာချိုဆိုင်



ဘေးမှာ Coffee Bean ရှိပေမယ့် အဲဒီဆိုင်လေးက ရိုးရိုးရှင်းရှင်းနဲ့ လွတ်လပ်တယ်။ အပင်တွေကြားက လာတဲ့ လေလေး တဖြူးဖြူးနဲ့မို့ ထိုင်လို့ကောင်းတယ်။ ဈေးနှုန်းလည်း ပုံမှန်ပါ။ အရသာကတော့ တခြားဆိုင်တွေလိုပါပဲ။ ဒါပေမယ့် အပူအအေးရတာရယ် မုန့်တချို့လည်းရှိတာကြောင့် အဆင်ပြေပါတယ်။ လူတွေ ပြည့်ကျပ်နေတဲ့ food court တွေမှာ ထိုင်သောက်ရတာငြီးငွေ့တဲ့ ကျွန်တော်တို့ သူငယ်ချင်းတစ်စုအတွက် ညနေရုံးဆင်းအပြန် West Mall မှာ ညစာစားပြီး အိမ်မပြန်သေးဘဲ ထိုင်လေ့ရှိပါတယ်။ ဆိုင်နာမည်က "KOPI ROTI" တဲ့။ ကျွန်တော်တို့ သိပ်တမ်းတရတဲ့ ချစ်သော မြန်မာပြည်က လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အရသာအတိုင်း တစ်ထပ်တည်း မရနိုင်ပေမယ့် အလွမ်းပြေစေတာတော့ အမှန်ပါပဲ။ ရာချိုဆိုင်လေးပေါ့ဗျာ။

You received this email because you are subscribed to the real_time feed for http://taungoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.