Thursday, October 23, 2008

[Jewel of Jewel] 1 New Entry: တူမ နှင့် ငွေ

တူမ နှင့် ငွေ


ကိုကြီးရေ

ညီမလေး စာရေးလိုက်ပါတယ်။ စာအုပ်တစ်အုပ်ထဲမှာ ကလေးလေးတွေ ငွေစုသင့်ကြောင်း ရေးထားတာ ဖတ်လိုက်ရလို့ ကျောင်း စ တက်နေပြီဖြစ်တဲ့ တူမလေးကို သတိရတာနဲ့ ရေးလိုက်တာပါ။ အစ်ကိုကို ညီမက ပြန်ပြီး ဆရာကြီး လုပ်တာ မဟုတ်ဘူးနော်။

ညီမလေးတို့တောင် ပိုက်ဆံနဲ့ ပတ်သက်ရင် စနစ်တကျ ဘယ်လို စုရမယ်၊ ဘယ်လို သုံးရမယ် ဆိုတာ သေချာ မသိသေးတာမို့ ကလေးတွေကို စနစ်ရှိရှိ စုဆောင်းခိုင်း၊ သုံးစွဲခိုင်းဖို့ဆိုတာ သိပ်မလွယ်ဘူးပဲ။ တကယ်တော့ ငွေဆိုတာ လူကြီးလူငယ် အားလုံးကို ပျော်ရွှင်စေ၊ ၀မ်းနည်းစေ၊ စိတ်ရှုပ်စေ၊ စိတ်ချမ်းသာစေ တဲ့ အရာတစ်ခုပါ။

ကလေးငယ်တွေကို ငွေကြေးအကြောင်း အကြမ်းဖျဉ်း အချက် ၁၀ ချက်နဲ့ သင်ကြားပေးလို့ ရတယ်လို့ ဆောင်းပါးတစ်ပုဒ်က ပြောပါတယ်။

၁။ ကိန်းဂဏန်းတွေကို ရေတွက်တတ်တဲ့ အရွယ်ရောက်တာနဲ့ ပိုက်ဆံအကြောင်း သေသေချာချာ ပြောပြပါ။ အကြွေကနေ စ လို့ ၅၀တန်၊ ၁၀၀တန် စတာတွေကို ထပ်ကာထပ်ကာ လေ့လာခိုင်းရင် သူတို့ တစ်ဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်ပြီး သိလာပါလိမ့်မယ်။ (မြန်မာပြည်မှာ အကြွေမသုံးတော့ပေမယ့်လဲ ဗဟုသုတ အနေနဲ့ ပြောပြပေးပေါ့နော်။)

၂။ ငွေကို ဘယ်လို ရှာရတယ်၊ ဘယ်လို စုရတယ်၊ ဘယ်လို သုံးရတယ် ဆိုတာတွေကိုလဲ အလျဉ်းသင့်ရင်သင့်သလို အရေးတယူလုပ်ပြီး ပြောပြပေးပါ။ ကလေးနဲ့ ငွေရေးကြေးရေးကိစ္စ လုံးဝ မဆိုင်ဘူးလို့ သတ်မှတ်မထားပါနဲ့။

၃။ တကယ် လိုအပ်တာလား၊ လိုချင်တဲ့ ဆန္ဒရှိရုံ သက်သက်လား - စတာတွေကိုလဲ ခွဲခြားသိပါစေ။ ဒီလို ခွဲခြားသိရင် နောင်တစ်ချိန်၊ သူတို့လေးတွေ ကြီးပြင်းလာတဲ့ အခါမှာ ငွေကို စနစ်တကျ သုံးစွဲတတ်လာပါလိမ့်မယ်။

၎။ ဒီလတော့ အရုပ်အတွက် ၅၀ ပဲ သုံးမယ်၊ ဒီလမှာ ၁၀၀ ရအောင် စုမယ် - စသဖြင့် ငွေကြေးနဲ့ ပတ်သတ်ပြီး ဦးတည်ချက်ထားတတ်ပါစေ၊ စီမံကိန်း ချ တတ်ပါစေ။

၅။ အတိုးနှုန်း အကြောင်းကိုလဲ ဗဟုသုတ ရအောင် သင်ကြားပေးပါ။ တစ်လမှာ ၁၀၀၀ စုနိုင်ရင် ၁၀၀ ထပ်လောင်းပေးမယ်၊ တကယ်လို့ ၅၀၀ပဲ စုနိုင်ရင် ၅၀ ပဲ ပေးမယ် စတဲ့ နည်းနဲ့ သင်ပေးနိုင်ပါတယ်။ ဒီလိုဆိုရင် ငွေစုတဲ့အကြောင်းကို ပို စိတ်ဝင်စားလာပြီး စုချင်စိတ်လဲ ရှိလာမယ်၊ နောက်ပြီး တွက်ချက်ချင်စိတ်တွေလဲ ရှိလာပြီး တွက်နည်းအခြေခံတွေကို နားလည်လာလိမ့်မယ်။

၆။ မုန့်ဖိုးပေးတဲ့အခါမှာလည်း ငွေစက္ကူတွေကို စုချင်စိတ် ဖြစ်လာအောင် ပေးရပါမယ်။ ဥပမာ- မုန့်ဖိုး ၁၀၀ ပေးမယ် ဆိုပါစို့။ ၁၀၀ တန် ပေးလိုက်မယ့် အစား၊ ၅၀တန် တစ်ရွက်နဲ့ အစိတ်တန် နှစ်ရွက် ပေးပြီး အစိတ်တန်တစ်ရွက်ကို စု ခိုင်းကြည့်ပါ။

၇။ ဘဏ်သွားတဲ့ အခါ၊ ကလေးကို ခေါ်သွားပြီး ပုံမှန် ငွေစုတတ်တဲ့ အကျင့်လေး ရသွားအောင် ငွေစုစာအုပ် လုပ်ပေးပါ။ အရေးကြီးတာက သူတို့ရဲ့ ငွေစုစာအုပ်ထဲကနေ ငွေပြန်ထုတ်ချင်တယ် ဆိုရင် မငြင်းပါနဲ့။ ထုတ်ပေးလိုက်ပါ။ ထုတ်ပေးခွင့် မပြုဘူးဆိုရင် ငွေစုချင်စိတ် ပျောက်သွားတတ်ပါတယ်။

၈။ သုံးစွဲတာနဲ့ ပတ်သတ်လို့လဲ မှတ်တမ်းတင်တတ်ပါစေ။ အလွယ်သင်ကြားနည်းတစ်ခုကတော့ ကလေးကို တစ်နှစ်စာ၊ ၁၂ လ အတွက် စာအိတ် ၁၂ အိတ် ပြင်ပေးပါ။ သူတို့ မုန့်ဖိုးနဲ့၊ တစ်လအတွင်း ၀ယ်ယူသုံးစွဲထားတဲ့ ဘောက်ချာ၊ပြေစာ စတာတွေကို စာအိတ်တစ်အိတ်ချင်းစီမှာ သိမ်းထားခိုင်းပါ။ မုန့်ဖိုးတွေကို သူတို့ ဘယ်လို သုံးစွဲခဲ့တယ်ဆိုတာ တစ်နှစ်တစ်ခါ ပြန်လည် လေ့လာနိုင်ပါလိမ့်မယ်။

၉။ ဈေးဝယ်ထွက်တဲ့အခါ ခေါ်သွားပြီး ကူပွန်တွေကို ဘယ်လိုသုံးရင် ရတယ်၊ ဈေးချတဲ့ ပစ္စည်းတွေကို ဘယ်လို ၀ယ်ရတယ်၊ ဈေးနှုန်းတစ်ခုနဲ့ တစ်ခု ဘယ်လို ယှဉ်ကြည့်ရတယ် - စတဲ့ အခြေခံဈေးဝယ်နည်းတွေကိုလည်း အလျဉ်းသင့်ရင် သင့်သလို ပြောပေးသင့်ပါတယ်။ တဖြည်းဖြည်းနဲ့ ပစ္စည်းတစ်ခု ၀ယ်ယူတဲ့အခါ တန်ဖိုး၊ အရည်အသွေး၊ အာမခံချက် စတာတွေ ဘယ်လိုလေ့လာသင့်ကြောင်း ပြောပြပေးပါ။

၁၀။ မုန့်ဖိုးကို သုံးစွဲတဲ့အခါ ဘာကို ၀ယ်မယ်ဆိုတာ သူ့တို့ဘာသာသူတို့ ဆုံးဖြတ်ပါစေ။ မဆုံးဖြတ်ခင်မှာ စဉ်းစားသင့်တဲ့ အချက်တွေကိုသာ နည်းလမ်းပြ၊ ပြောပြပေးပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရဲ့ ကောင်းခြင်း၊ဆိုးခြင်းအကျိုးဆက်တွေကို တတ်နိုင်သရွေ့ ငယ်ရွယ်စဉ်မှာ ကိုယ်တိုင် သင်ယူတတ်ပါစေ။

ငွေကို ဘယ်လိုသုံးရမယ်၊ ဘယ်လို စုရမယ် ဆိုတာ ကျောင်းတွေမှာ သင်ပေးလေ့မရှိလို့၊ မိဘတွေမှာ တာဝန်ရှိတယ်တဲ့..ကိုကြီးရေ။
ဒီမှာတော့ စီးပွားရေးအခြေအနေတွေက ခုချိန်ထိ ကမောက်ကမ ဖြစ်နေတုန်းပဲ။ မနေ့ကပဲ ကနေဒါ တစ်ဒေါ်လာက ယူအက်စ် ပြား၈၀ ဖြစ်သွားပြန်တယ်။ ၂၀၀၈ရဲ့ စံချိန်ပေါ့။ မနှစ်က ဒီအချိန် (အောက်တိုဘာ ၂၀၀၇) တုန်းက ယူအက်စ် တစ်ဒေါ်လာမှာ ကနေဒါ ၉၇ပြားရှိခဲ့တာ။ မလွယ်ပါဘူး ကိုကြီးရယ်။

ယောင်းမရော..နေကောင်းတယ် မဟုတ်လား။ တူမလေးကိုလဲ တီတီလေးက သတိရတယ်လို့ ပြောပေးပါနော်။

နောက်မှ စာထပ်ရေးပါဦးမယ်။

ချစ်တဲ့ -
ညီမလေး

ref: David Mason's 10 Ways to teach kids about money ( Island Parent )

You received this email because you are subscribed to the real_time feed for http://jewelofjewel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.