Thursday, October 23, 2008

[::Just Speaking Out Loud::] 1 New Entry: အိတ်သူခိုး

အိတ်သူခိုး

မဒီတက်နေတဲ့သင်တန်းက နှစ်ပတ်ပိတ်ပြီးတော့ အခုအပတ်ကနေ စပြီး ပြန်တက်နေရတယ်။ ထုံးစံအတိုင်း assignment တစ်ခု တင်ဖို့ ပြင်ဆင်ရတော့တယ်။ ဒီတစ်ခါတော့ မဒီကိုယ်တိုင် မရေးပေးတော့ပဲ လိုအပ်တဲ့ အချက်အလက်တွေကိုပဲ ရှာပေးဖို့ ဆုံးဖြတ်ထားတယ်။

လိုချင်တာကို အင်တာနက်မှာ ရှာတာထက် စာအုပ်ထဲမှာပဲရှာဖို့အတွက် သင်တန်းအပြီးမှာ စာကြည့်တိုက်ကို ဒီမနက် သွားခဲ့တယ်။ အဲဒီ့ရောက်တော့ ထုံးစံအတိုင်း ဂိတ်မှာ အိတ်ထားခဲ့ရပြီး နံပါတ်ပါတဲ့ ကတ်ပြားလေးတစ်ခုပေးတယ်။ မဒီ့လက်ထဲမှာက ပန်းရောင် ဇစ်တပ်ထားတဲ့ ဖိုင်အိတ်အပါးလေးကိုင်ထားတော့ အဲဒါ အထဲယူလို့ရလားမေးတော့ ရတယ်လို့ပြောတာနဲ့ အဲဒီ့ထဲကို ကတ်ပြားထည့်လိုက်တယ်။ စာကြည့်တိုက်ထဲ ၀င်သွားတော့ လူတစ်ယောက်က လိုက်လာပြီး အဲဒီ့အိတ်ကို အထဲယူခွင့်မရှိကြောင်း၊ အပြင်က စင်မှာထားရပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အပြင်မှာပဲ ကြည့်ရမဲ့အကြောင်း လာပြောတယ်။ မဒီ စိတ်တိုသွားတယ်။ မဒီ စာကြည့်တိုက်မင်ဘာဖြစ်တာ သိပ်မကြာသေးပေမယ့် ကိုယ့်ကို ဒီလို များပြားလှတဲ့ စည်းကမ်းတွေကို တစ်စုံတစ်ယောက်က ရှင်းပြတာမျိုး မရှိခဲ့ဘူး။ စာအုပ်ကို ၂အုပ်ထပ် ပိုငှားလို့မရတာကိုလဲ မေးမှရတယ်။ စာအုပ်တွေကို ၃နာရီကျော်ရင် ငှားခွင့်မရှိတာကိုလဲ ကိုယ်ကိုယ်တိုင် နောက်ကျမှ ရောက်သွားမှ သိရတယ်။ အခုလဲပဲ လာပြန်ပြီ၊ နောက်ထပ် စည်းကမ်းတစ်ခု။

စိတ်တိုတိုနဲ့ အပြင်ပြန်ထွက်ပြီး အ၀နားက သစ်သားစင်ပေါ်မှာ အိတ်ကိုတင်ပြီး ပိုက်ဆံအိတ်၊ ကတ်ပြား၊ စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းပဲ ကိုင်ပြီး ကျန်တာကို ဒီတိုင်းစင်ပေါ်မှာ ထားခဲ့တယ်။ တခြားသူတွေကလဲ အဲဒီ့လိုပဲ စာအုပ်တွေ၊ ထမင်းချိုင့်တွေ၊ ဖိုင်တွေကို တင်ထားတာ တွေ့ရတယ်။ ထီးတွေကိုတော့ စဥ့်အိုးတစ်အိုးထဲ ထည့်ထားတာ တွေ့ရတယ်။ အပေါက်ဝမှာ ပစ္စည်းထားသူ၊ ယူသူမှအပ တခြားဘယ်သူမှမရှိဘူး။

အထဲမှာ သိပ်မကြာလိုက်ပါဘူး။ လိုချင်တာကို သိပ်မရှာလိုက်ရဘူး၊ တွေ့တာနဲ့ ငှားပြီး ပြန်ထွက်လာတယ်။ စင်ပေါ်က ဖိုင်အိတ်ကို ယူပြီး ဂိတ်ဝရောက်တော့ ကတ်ပြားထုတ်ဖို့ ရှာတော့ လုံးဝ ရှာမတွေ့ဘူး။ ဂိတ်ကို ပြောတော့လဲ သေချာပြန်ရှာပါဦးလို့ ပြောလို့ စာကြည့်တိုက်ထဲ ပြန်ဝင်ပြီး သွားရှာပေမယ့် မရှိပါဘူး။ ဘယ်ရှိမလဲ အစကတည်းက ယူမှမယူသွားတာကိုး။ ဒီတစ်ခါ အထဲဝင်တဲ့အခါမှာလဲ အ၀မှာ ဖိုင်အိတ်နဲ့ စာအုပ်တွေကို ထားခဲ့ရပြန်တာပေါ့။ စာအုပ်တွေက ငှားပြီးသားဖြစ်နေတော့ အပ်တာကလွဲလို့ အထဲကို ယူသွားခွင့်မရှိမှန်းကိုတော့ ဘယ်သူမှမပြောပေမယ့် ကိုယ့်ဘာသာပဲ ခန့်မှန်းလိုက်တော့တယ်။

ဂိတ်ကိုပြန်သွားပြီး အခြေအနေကို ပြောပြတယ်။ သူတို့က အထဲကို လာဖို့ပြောတယ်။ အထဲရောက်တော့ မဒီ့အိတ်ကို အခုပေးလို့မရပဲ ညနေ၄နာရီကျော်မှ ထုတ်ပေးလို့ ရမယ့်အကြောင်း၊ နို့မို့ဆိုရင် သူများပစ္စည်းတွေကို မဆိုင်သူတွေက လာထုတ်သွားမှာ ဖြစ်တဲ့အကြောင်း ရှင်းပြတယ်။ မဒီ့အိတ်ကို ရှာခိုင်းပြီး နာမည်ပြောခဲ့ဖို့ ပြောတာနဲ့ အိတ်ကို လိုက်ရှာတယ်။ အိတ်တွေက တခြားစူပါမားကတ်တွေမှာလို တစ်ကန့်ချင်းစီ ကန့်ထားတာ မဟုတ်ပဲ တစ်ခုပေါ် တစ်ခုထပ်ထားတော့ ငါ့အိတ်လေးတော့ သူများအိတ်တွေကြားထဲ ပိပြီး ပြားကုန်ပါပြီလို့တော့ စိုးရိမ်မိသေးတယ်။ လုံခြံရေးတစ်ယောက်ကလဲ မဒီ့အိတ်ကို ဘာအရောင်လဲ မေးပြီး ရှာမတွေ့တဲ့အကြောင်းပြောတဲ့ ကိုယ့်အိတ်ကိုယ်တောင် မမှတ်မိဘူးလားလို့ အပြစ်တင်လေသံနဲ့ ပြောတယ်။ တကယ်လဲ ဘယ်လိုမှ ရှာလို့မရပါဘူး။ အဲဒီ့မှာ လုံခြုံရေးက မမတစ်ယောက်က အပြာရောင်အိတ်လေးလား၊ အဲဒါဆိုရင် ယောင်္ကျားလေးတစ်ယောက်က လာထုတ်သွားတဲ့အကြောင်း ပြောတယ်။ သူကတောင် ယောင်္ကျားလေးက မိန်းကလေးအိတ် လာထုတ်သွားလို့ အံ့သြနေတဲ့အကြောင်း ပြောတယ်။

သေချာပါပြီ။ အဲဒီ့လူပဲ မဒီ့ဖိုင်အိတ်ထဲက ကတ်ပြားကို ခိုးပြီး အိတ်လာထုတ်သွားတာ။ မဒီ့နာမည်၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုတော့ လုံခြုံရေးနဲ့ ထားခဲ့ပေမယ့် ပြန်ရမယ်တော့ မထင်တော့ပါဘူး။ အိမ်ရောက်လို့ အမေ့ကို ပြောတဲ့အခါမှာ အမေက အဲဒီ့ကို ဖုန်းဆက်တော့ ဖုန်းကိုင်တဲ့ receptionist က လူကြီးတစ်ယောက်ကို လွဲပေးတယ်။ အဲဒီ့လူက မဒီ့ဖိုင်အိတ်ထဲက အခိုးရတာ မဟုတ်ပဲ မဒီ့ဘာသာ မဒီ စာကြည့်တိုက်ထဲမှာ ကျပျောက်တာ ဖြစ်မယ့်အကြောင်း ပြောတယ်။ ဘယ်လောက် စိတ်တိုဖို့ကောင်းလဲ။ မဒီ မှားတာကို မဒီဝန်ခံပါတယ်။ စိတ်တိုနေတော့ နံပါကတ်ပြားကို ယူဖို့မေ့သွားတယ်။ ဒါပေမယ့် အဲဒီ့လို နေရာမှာ ပစ္စည်းတွေကို ဒီအတိုင်း ထားခဲ့ရတာကိုက မှားနေပြီ။ စောင့်ကြည့်မယ့်သူလဲ မရှိတော့ ဘယ်သူမဆို ကြိုက်တာယူပြီး ပြန်သွားလို့ရတယ်။ ကင်မရာတွေ ဘယ်တွေတပ်ထားလားတော့ မသိဘူး။ ဒါပေမယ့် သေချာတာကတော့ ခိုးတဲ့သူက မင်ဘာတစ်ယောက်ပဲ ဖြစ်ရမယ်။ မင်ဘာဖြစ်သူနဲ့ ၀န်ထမ်းတွေမှပဲ အထဲဝင်ခွင့်ရှိတာကိုး။ သူက ဒီလိုမျိုး မကြာခဏ လုပ်နေတဲ့သူလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။

မဒီ့အိတ်ထဲမှာ ပိုက်ဆံ၊ ဟန်းဖုန်း (ရှိမယ်ဆိုရင်ပေါ့) စတာတွေ မပါပေမယ့် အရမ်းနှမြောတာပဲ။ အိတ်လေးကလဲ ဒီမှာ ၀ယ်လို့မရတဲ့ ဒီဖိုင်းဆန်းတဲ့ အိတ်လေး။ မဒီ့အစ်မ အင်ဒိုနီးရှားသွားတုန်း ၀ယ်လာပေးတာ။ အဲဒါ့အပြင် သူပေးထားတဲ့ အစိမ်းရောင် မျက်နှာဖုံးပုံနဲ့ ကီးချိန်းကိုလဲ တပ်ထားသေးတယ်။ အထဲမှာက ကျောင်းက မှတ်စုစာအုပ်တစ်အုပ်၊ ထီး၊ လက်နှိပ်ဓါတ်မီး။ ဘီးအသေး၊ မှန်နဲ့ဘီးတွဲရပ်ပါတဲ့ ပန်းရောင်မှန်ဘူးလေး၊ ဖုန်းစာအုပ်၊ ပတ်ကားဘောပင်၊ အ၀ိုင်းပုံစံ ကီးချိန်းနဲ့ သော့များ၊ ရယ်ဗီလွန် lip-gloss နဲ့ မေဘယ်လင်း နှုတ်ခမ်းနီတို့ ပါသွားတယ်။ မိတ်ကပ်အလှအပ ပြင်ဆင်ရမှာ လုံးဝနီးပါး ၀ါသနာမပါပေမယ့် အဲဒီ့နှုတ်ခမ်းနီနဲ့ lip-gloss ကိုတော့ အရမ်းကြိုက်တယ်။ အ၀ိုင်းပုံစံသော့တွဲကလဲ ကျောင်းတုန်းက စားသောက်ခန်းမမှာ ၀ိုင်းကူပေးလို့ ဟင်းချက်တဲ့ အဒေါ်ကြီးက လက်ဆောင်ပေးထားတာ။ ကိုယ့်အတွက် အမှတ်တရပစ္စည်းတစ်ခုလို့ ပြောရင်မမှားဘူး။

မဒီ့ပုံစံက အဲဒီ့လိုလာတဲ့ မိန်းကလေးအများစုလို ဈေးကြီးတဲ့ အ၀တ်အစား၊ ဖိနပ်၊ အဆင်တန်ဆာတွေကို မဆင်ယင်ထားလို့များ မဒီ့ကို နှိမ်ကြတာလား။ ဒီအိတ်လေး ပျောက်တာလောက်တော့ အဖိုးမတန်ပါဘူးလေလို့များ ဂရုမစိုက်ကြတာလား။ အချို့တွေဆိုရင် ဟန်းဖုန်းပါပျောက်တဲ့အကြောင်း receptionist က အမေ့ကို ပြောပြတယ်။ ကိုယ်ကပဲ သူတို့အမြင်မှာ အထင်သေးချင်စရာ ပေါက်နေခဲ့လို့လား။ ကိုယ်ဝတ်ထားတာက မစုတ်ပြတ်ပေမယ့် သားသားနားနား မရှိမှန်းတော့ သိပေမယ့် လူတွေကို အဲဒီ့လို အကြည့်နဲ့ အပေါ်စီးက ကြည့်ကြတာမျိုးကို အရမ်းမုန်းတာပဲ။

မဒီ့လိုအဖြစ်မျိုး မကြုံကြရအောင် တန်ဖိုးကြီးတာ ဘာမှ မယူဆောင်သွားဖို့၊ ကတ်ပြားကို မိမိနဲ့ အတူယူသွားဖို့ကို သတိပေးချင်ပါတယ်။ ဖြစ်နိုင်ရင် ဘာမှမသယ်သွားတာ အကောင်းဆုံးပဲ။ မဒီတော့ အဲဒီ့နေရာကို ပြန်သွားချင်စိတ်တောင် မရှိတော့ပေမယ့် စာအုပ်တွေတော့ ပြန်အပ်ရဦးမယ်။

မဒီ့အိတ်လေးရယ်၊ မှတ်စုစာအုပ်လေးရယ်။ အ၀ိုင်းပုံစံကီးချိန်းလေးရယ် ပြန်လိုချင်တယ်။

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.