♥ Cape No.7
ဒီအကြောင်း ဆက်မရေးဖြစ်တော့ဘူး ထင်ထားလို့ ပြီးခဲ့တဲ့လက ရေးခဲ့တဲ့ခေါင်းစဉ်မှာ နံပါတ် ၁ ဆိုပြီးတောင် တပ်မပေးခဲ့ဘူး၊ အခုတော့ ရေးစရာတွေ ကျန်နေသလိုလို၊ ရေးသင့်သလိုလို ဖြစ်လာပြီးသကာလ၊ ဒီပို့စ်ဖြစ်လာတယ် ဆိုပါတော့ကွယ်။ (တကယ်တမ်း ဆင်မ်လင်းမ်စကွဲ Sim Lim Square သွားပြီး ကင်မရာ အပေါင်းအဖော်တွေ သွားကြည့်မလို့ ပြင်ဆင်နေတာ၊ မိုးရွာနေတာနဲ့ ပို့စ်ထိုင်ရေးတာပါ၊ ရုပ်ရှင်နဲ့ ပတ်သက်နေအောင် အတင်းကြီး အစပျိုးထားတာ၊ ဘာရမလဲ)
ကေ့ပ်နံပါတ် ၇ ဆိုတဲ့ ထိုင်ဝမ်ကျွန်းတောင်ဖက် ဟိန်ချွန်းမြို့လေးက အိမ်လိပ်စာကို ကားနာမည်အဖြစ် ပေးထားတဲ့ အနှီရုပ်ရှင်ဟာ ဒီလ ၁၉ ရက်နေ့အထိ ဝင်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၁၅ သန်းနဲ့ ထိုင်ဝမ်ရုပ်ရှင်သမိုင်းမှာ တတိယငွေအဝင်ဆုံး ရုပ်ရှင်ကားအဖြစ် စံချိန်တင်လိုက်ပါပြီ၊ ဆက်ပြီး ဝင်နေတုန်းပါ၊ ဘယ်စံချိန်တွေ ထပ်ချိုးမလဲ စောင့်ကြည့်ရအုံးမယ်။ ရိုက်ကူးခြင်းအတွက် ကုန်ကျစရိတ်က (အရင်းအနှီးက) ထိုင်ဝမ်ဒေါ်လာ သန်း ၅၀ ပါ၊ ကြော်ငြာလည်း ဟုတ်တိပတ်တိ လုပ်တာမဟုတ်၊ သရုပ်ဆောင်တွေလည်း ရုပ်ရှင်နယ်ပယ်က နာမည်ကျော်တွေမဟုတ်၊ အထင်ကရ ရုပ်ရှင်ကုမ္မဏီက ထုတ်လုပ်တာလည်း မဟုတ်တဲ့ indie ရုပ်ရှင်ပါ (အင်ဒီးဖလင်ဖြစ်ပြီး နာမည်ကျော် လူကြိုက်များသွားတဲ့ ဗိုက်ကြီးသည် ချာတိတ်မ Juno ကို သတိရစေတယ်)။ အခု ဒီကားလေးဟာ ကျွန်းအပြင် မထွက်သေးခင်၊ တိုတောင်းတဲ့ ၃ လတာ အချိန်လေးမှာပဲ သန်း ၁၅၀ ကျော် (စင်္ကာပူဒေါ်လာ ၇ သန်းကျော်) အမြတ်ထွက်နေပြီ၊ ထိုင်ဝမ်ပေတံနဲ့တိုင်းရင် ပက်စက်တယ်လို့ ပြောလို့ရတယ်၊ အဲဒီထဲမှာ ကျနော့်ပိုက်ဆံ ၂၂၀ တိတိ ပါတယ်၊ နို့မို့ဆို နှစ်ရာ့တစ်ဆယ့်ငါးသန်း ပြည့်ရန် ဒေါ်လာ ၂၂၀ လိုပါသေးသည် ဆိုပြီး ကသီလင်တ ဖြစ်နေမှာ၊ သူတို့တွေ ကျနော့်ကို ကျေးဇူးတင်သင့်တယ် ထင်မိတာပဲ။
ဇာတ်ကားရဲ့ အောင်မြင်မှုအရှိန်နဲ့ အင်္ဂလိပ်ဘာသာဝီကီရဲ့ စာမျက်နှာတစ်ခုကို ခန့်ခန့်ကြီးယူထားပြီး ဇာတ်လမ်းအကျဉ်းနဲ့ ဆိုင်ရာဆိုင်ရာ ဟိုဟာဒီဟာတွေကို အင်္ဂလိပ်လို ရေးထားတဲ့အတွက် မြန်မာစာဖတ်ပရိသတ်များကို ရေးပြမနေတော့ဘူး၊ စိတ်ဝင်စားရင် အဲဒီမှာပဲ သွားဖတ်ကြပါ။ ကျနော်ဒီပို့စ်မှာ ရေးလိုတဲ့ အကြောင်းကတော့ ထိုင်ဝမ်လူမျိုးတွေရဲ့ စိတ်ဓာတ်ပါ။ ဒီကား ရုံတင်တဲ့အချိန်နဲ့ ထိုင်ဝမ်ကျွန်းမှာ ပြဿနာ သောင်းခြောက်ထောင် ဖြစ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့ ဘူပိတ်နေတဲ့ ပရိသတ်တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်သွားပြီး ရုံဝင်အား အရမ်းကောင်းသွားတာလို့ တချို့တွေ ဝေဖန်သုံးသပ်တယ်။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ တကမ္ဘာလုံးချီပြီး ဘူပိတ်နေတာပဲ၊ ဒီလိုအချိန်မှာ စိတ်ပေါ့ပါးစေတဲ့ ဘယ်လိုအကြောင်းမဆို သာမန်လူတစ်ယောက်ကို စွဲလန်းစေမှာ အမှန်ပဲ။ သို့ပေမယ့်..
ဒီလောက်နှုန်းနဲ့ အောင်မြင်တာကတော့ အဲသလောက်ကြီး သွေးရိုးသားရိုး မဟုတ်ပါဘူး၊ ဇာတ်လမ်းက ရိုးရှင်းပြီး ထိထိမိမိရှိတယ်၊ သရုပ်ဆောင်တွေလည်း ရိုးရှင်းတဲ့ သာမန်ပြည်သူတွေနဲ့ တထပ်တည်း သွားကျနေတယ်၊ အဲဒါတွေကကပဲ အဓိကသော့ချက် ဖြစ်လိမ့်မယ်။ ထိုင်ဝမ် တောင်ပိုင်းသားတွေက မြောက်ပိုင်းက မြို့ကြီးသားတွေထက် ရိုးအတယ်၊ စကားပြောလည်း ဒဲ့ပဲ၊ ဆဲစရာရှိ ဆဲထည့်တာပဲ။ အဲလို ဓလေ့စရိုက်ကို ပီပြင်အောင် ရိုက်ပြထားတယ်၊ ဟိန်ချွန်းမြို့ အသင်းအဖွဲ့တစ်ခုရဲ့ ဥက္ကဋ္ဌ၊ ရပ်ကွက်လူကြီးလို အကြီးအကဲနေရာ သရုပ်ဆောင်ရတဲ့ မင်းသားအဖေက သူ့နယ်ကို ဘယ်လို ကောင်းစေချင်တဲ့အကြောင်း၊ တေးဂီတ ဖျော်ဖြေပွဲလုပ်တော့ ဂျပန်အဖွဲ့တွေ တက်မဆိုခင် လိုကယ်လ်အဖွဲ့တစ်ဖွဲ့ တက်ဆိုခွင့်ရအောင် မရမက ကြံဆောင်တဲ့အကြောင်း၊ မင်းသားက ထိုင်ပေမြို့ကြီးမှာ အဆင်မပြေလို့ သူ့ဇာတိကိုပြန်၊ သူချစ်တဲ့ ဂီတအနုပညာကို စွန့်လွှတ်ပြီး ရရာ စာပို့သမားအလုပ်ကို လုပ်ရတဲ့အကြောင်းနဲ့၊ ဟိန်ချွန်းလို ချောင်ကျတဲ့ နေရာမျိုးမှာဆို မြို့ကြီးပြကြီးတွေမှာ သူများတွေလိုပဲ လောကဓံနဲ့ နပန်းလုံးပြီး လုပ်ကိုင်စားသောက်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ကျရှုံးခဲ့တဲ့ လူငယ်တွေပဲ ပြန်ပြီးစုဝေးနေတဲ့ အခြေအနေကိုလည်း မီးမောင်းထိုးပြတယ်။
(မိုးတိတ်သွားပြီ၊ ပြန်လာမှဆက်တော့မယ်)
28/07/2004 တုန်းက ရိုက်ထားတဲ့ဓာတ်ပုံပါ၊ အဲဒီတုန်းက ထိုင်ဝမ်ကျွန်းတစ်ပတ်ကို ၉ ရက်ခရီး စကူတာနဲ့ ပတ်စီးခဲ့တုန်းက ဟိန်ချွန်းနားကို ဖြတ်သွားခဲ့တယ်၊ ရေလည်လှတဲ့နေရာပါ၊ လမ်းတဖက်မှာ ပင်လယ်ကြီးပဲ ရှိတော့တယ်။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.