ဟစ်တလာရဲ့ လျှို့ဝှက် အိန္ဒိယတပ်မတော် - အပိုင်း(၁)
ဆောင်းပါးရှင် - ဆရာဂါမဏိ
အိန္ဒိယနိုင်ငံမှ တော်လှန်ရေး ခေါင်းဆောင် ဆူဘတ်စ်ချန်ဒရာ ဘို့စ် ဟာ ဗိုလ်ချုပ်အောင်ဆန်းလိုဘဲ လွတ်လပ်ရေး ရရှိဖို့ အတွက် နိုင်ငံတကာ အကူအညီ ရရှိရေး ကြိုးပမ်းရာမှာ ဂျာမနီ အာဏာရှင် ဟစ်တလာ ထံသို့ သွားရောက် ခဲ့ပေမဲ့ အောင်မြင်မှု မရဘဲ တော်လှန်ရေး ပြိုကွဲခဲ့ရပုံ၊ အင်္ဂလိပ်တွေက အိန္ဒိယ လူမျိုးတွေဟာ တော်ဝင် ဘုရင်မကြီး အပေါ် သစ္စာရှိတဲ့ လူမျိုးလို့ သတ်မှတ်ကြပေမဲ့ တကယ်တမ်း ရန်သူ ဂျာမနီ အာဏာရှင်နဲ့ ပူးပေါင်း ကြတဲ့ ဇာတ်လမ်းကို သိရှိလာတဲ့ အခါမှာ တုန်လှုပ်ချောက်ချား သွားရပြီး အဲဒီ သတင်းကို အထူးထိပ်တန်း လျှို့ ဝှက် အဆင့် သတ်မှတ်ပုံတွေကို ဆောင်းပါးရှင် ဆရာဂါမဏိက စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာပါတယ်။ အခုလို ပေးပို့လာတဲ့ ဆရာဂါမဏိအား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိပါတယ်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီးအချိန်၊ မဟာမိတ်တပ်တွေနဲ့ ပြင်သစ်တော်လှန်ရေး ပျောက်ကျားတပ်တွေက စိတ်ဓာတ်ကျဆင်း ပြိုကွဲနေတဲ့ ဟစ်တလာတပ်တွေကို ပြင်သစ်ပြည်ကနေ တိုက်ထုတ်နေချိန်မှာ ဂျာမန်ထိပ်တန်း အရာရှိကြီး (၃)ယောက် မဟာမိတ်တပ်တွေဆီ ၁၉၄၅ ခုနှစ်မှာ ကူးပြောင်းလက်နက်ချလာပါတယ်။ သူတို့ပေးတဲ့ သတင်းဟာ အဲဒီကာလတုံးက အင်မတန့်ကို ခေါင်းကြီးစေလောက်တဲ့ အထူးအကဲဆတ်သတင်းဖြစ်နေလို့ ဗြိတိသျှထောက်လှမ်းရေးက အထူးထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ်ခဲ့ရပြီး ၂၀၂၁ ခုနှစ်ကျမှ အများပြည်သူ ကို ထုတ်ပြန်ဖို့ အစီအစဉ်ချခဲ့ပါတယ်။
အဲဒီသတ်မှတ်ကာလမရောက်မီ ၁၇ နှစ်အလို ဒီနှစ်မှာ ဘီဘီစီသတင်းဌာနက ဒီလျှို့ဝှက်စာတမ်းကို ဖတ်ခွင့်ရခဲ့ပါတယ်။ ဒီစာတမ်းမှာ ဖက်ဆစ်စနစ်ကိုတိုက်ဖို့ ဗြိတိသျှအစိုးရနဲ့လက်တွဲခဲ့တဲ့ ထောင်နဲ့ချီတဲ့ အိန္ဒိယ စစ်သားတွေဟာ ဗြိတိန်ဘုရင်အပေါ် သစ္စာခံထားရာကနေ ဟစ်တလာကို ဘက်ပြောင်း သစ္စာခံခဲ့ပုံကို ဖော်ပြနေ ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဗြိတိသျှတို့ဘက်က ကြည့်ရင် အံ့သြတုန်လှုပ်စရာနဲ့ စိတ်ပျက်စရာ မဟာသစ္စာဖောက်မှု ဇာတ်လမ်းကြီးဖြစ်လာပြီး ကိုလိုနီအိန္ဒိယနိုင်ငံက ဗြိတိသျှ အုပ်စိုးမှုကို လှုပ်ခါပြိုလဲစေဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဂျာမန်အရာရှိကြီးတွေကို စစ်ကြောရေးလုပ်တဲ့ ဗြိတိသျှထောက်လှမ်းရေးအရာရှိတွေအား ပြောပြတဲ့ ဇာတ်လမ်း ကတော့ ၁၉၄၁ ခု ဧပြီ (၃)ရက်နေ့မှာ အိန္ဒိယတော်လှန်ရေးခေါင်းဆောင် ဆူဘတ်စ်ချန်ဒရာ ဘို့စ်ဟာ ဂျာမဏီနိုင်ငံရဲ့မြို့တော် ဘာလင်မြို့တော်ကို ရောက်လာသည်မှ စပြီး ဇာတ်လမ်း "စ" ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဗြိတိသျှအစိုးရရဲ့ (၁၁)ကြိမ် ဖမ်းဆီးထိန်းသိမ်း (သို့မဟုတ်) ထောင်ချတာ ခံရဖူးတဲ့ ဘို့စ်ဟာ အိန္ဒိယနိုင်ငံက ထွက်ပြေးလာတဲ့အခါမှာ သူ့ခေါင်းထဲမှာ ရည်ရွယ်ချက်တခုဘဲရှိပါတယ်။ အဲဒါကတော့ ဗြိတိသျှ တွေကို အိန္ဒိယနိုင်ငံက မောင်း ထုတ်ရာမှာ ဟစ်တလာရဲ့အကူအညီ ရယူဖို့ဘဲဖြစ်ပါတယ်။
ခြောက်လအကြာမှာတော့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန အကူအညီနဲ့ ဘို့စ်ဟာ "အိန္ဒိယလွတ်လပ်ရေး ဗဟိုဌာန" ကို တည် ထောင်ပြီး လက်ကမ်းစာစောင်တွေဖြန့်၊ ဟောပြောပွဲတွေ ကမ်ပိန်းတွေလုပ်၊ အသံလွှင့် စည်းရုံးတာတွေလုပ် စသဖြင့် အိန္ဒိယ လွတ်လပ်ရေးအရေးတော်ပုံကိုဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်ကုန်ပိုင်း မှာ ဟစ်တလာအစိုးရက ဘို့စ်ရဲ့ အဝေးရောက် ယာယီ "လွတ်လပ်သောအိန္ဒိယအစိုးရ"ကို တရားဝင် အသိအမှတ်ပြုလိုက်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့အတွက် စစ်တပ်တခု ထူထောင်ရာမှာ အကူအညီပေးဖို့ ဟစ်တလာနဲ့ ချန်ဒရာဘို့စ် သဘောတူစာချုပ် ချုပ်ခဲ့ပါတယ်။ အဲဒီတပ်ကို "လွတ်လပ်သော အိန္ဒိယတပ် Free India Legion" လို့ နာမည်ပေးခဲ့ပါတယ်။ (နောက်ပိုင်းကျမှ အာရှတိုက်ဘက်မှာ "အိန္ဒိယအမျိုးသား တပ်မတော် India National Army" လို့ တည်ထောင်ခေါ်ဝေါ်ခဲ့တာဖြစ်တယ်။) ဘို့စ်ဟာ အင်အား ၁၀၀၀၀၀ ရှိတဲ့စစ်တပ်ကို ထူထောင်ဖို့ ရည်မှန်းခဲ့ပြီး ဂျာမန်တွေအကူအညီနဲ့ လက်နက်တပ်ဆင် လေ့ကျင့်ဖွဲ့စည်းပြီးတဲ့အခါ ဗြိတိသျှ လက်အောက်မှာရှိတဲ့ အိန္ဒိယပြည်ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ဖို့ ကြံခဲ့ပါတယ်။
ဆူဘတ်စ်ချန်ဒရာဘို့စ်ဟာ အဲဒီတပ်အတွက် စစ်သားစုဆောင်းဖို့ ဂျာမဏီနိုင်ငံမှာရှိတဲ့ စစ်သုံ့ပန်းစခန်းတွေကို သွားရောက်စည်း ရုံးခဲ့ပါတယ်။ အဲဒီသုံ့ပန်းစခန်းတွေမှာ မြောက်အာဖရိကစစ်ဆင်ရေးအတွင်း ဂျာမန်ဗိုလ်ချုပ်ကြီး ရွမ်းမဲလ်ရဲ့တပ်တွေကတိုက်လို့ လက်နက်ချအညံ့ခံခဲ့ရတဲ့ မဟာမိတ်စစ်သားတွေထဲက သောင်းနဲ့ချီတဲ့ ကုလားလူမျိုးစစ်သုံ့ပန်းတွေကို ထားပါတယ်။
၁၉၄၂ ခု သြဂုတ်လရောက်တဲ့အခါ ဘို့စ်ရဲ့ စစ်သားစုဆောင်းရေးဟာ အရှိန်အဟုန်အပြည့်အဝ အသက် ဝင်လာခဲ့ပါတယ်။ ရာနဲ့ ချီတဲ့ ကုလားလူမျိုးစစ်သုံ့ပန်းတွေက ဟစ်တလာနဲ့ ဘို့စ်အပေါ် အစုလိုက် အပြုံလိုက်သစ္စာခံပွဲတွေ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတွေ မှာဆိုတဲ့ သစ္စာအဓိဋ္ဌာန် အတိအကျကတော့ "ငါတို့သည် ဆူဘတ်စ်ချန်ဒရာဘို့စ် ခေါင်းဆောင်သော အိန္ဒိယလွတ်လပ်ရေး တိုက်ပွဲအတွင်း ဂျာမန်လူမျိုးနှင့် ဂျာမန်နိုင်ငံတော်၏ခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကို ဂျာမန်တပ်မတော်၏ စစ်သေနာပတိ အဖြစ် လိုက်နာပါမည်ဟု ဘုရားသခင်ကိုတိုင်တည်၍ သစ္စာဓိဋ္ဌာန်ပြုပါ၏" ဖြစ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.