Thursday, October 23, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ

တကယ်တော့ ဒီအကြောင်းကို နှစ်တချို့တုန်းက ကျွန်မခေါင်းထဲက နှင်ထုတ်ထားခဲ့ဖူးပါတယ် ။ ခုတော့ အမတန်ခူးကရေးပါလို့ tag လာတော့ ၊ ခေါင်းစဉ်ကို ကြည့်ပြီး ပထမဆုံးစဉ်းစားမိတာက ထွန်းအိဒြာဗိုလ်ရဲ့ အချစ်ဆိုသည်မှာ ဆိုတဲ့သီချင်း ။ သူ့သီချင်းထဲက စာသားတွေကို နားထောင်ပြီးတော့ နှစ်သက်ခဲ့ဖူးတယ် ။ ဒါပေမယ့် စာသားတွေကို စိတ်ကူးယဉ်နှစ်သက်တာကလွဲလို့ လက်တွေ့ဟာ ကွာခြားတယ်လို့လည်း စိတ်ထဲမှာ ခံစားမိခဲ့တယ် ။ အချစ်အကြောင်းကို ရေးဖွဲ့ သီကုံးထားကြတာ အများအပြားပါပဲ ။ အဲလို ရေးဖွဲ့ကြရာမှာ စကားလုံးတွေဟာ နု ရွ ပြီး လှပနေတတ်သလို ၊ အလွမ်း အဆွေး အတိဖုံးလို့ ကြေကွဲဖွယ်ရာတွေ ဖြစ်နေတတ်တယ် ။

အနုအရွများနဲ့ ရေးဖွဲ့ထားတဲ့ စကားလုံးတွေကြား ဆယ်ကျော်သက်အရွယ်တည်းက ပျော်မွေ့တတ်ခဲ့ပြီး ၊ အဲဒီ စကားလုံးတွေကြားက အချစ်ဆိုတာကို ရှာဖွေတတ်ခဲ့တဲ့ ကျွန်မဟာ အသက် ၃၀ ဆိုတဲ့အရွယ်ကို ရောက်တဲ့အခါမှာတော့ အချစ်ဆိုတာကို စကားလုံးတွေနဲ့ ဖော်ကျူးဖို့ လက်တွန့်သွားမိပါတော့တယ် ။ အချစ်ဆိုတာ စကားလုံးတွေနဲ့ ပုံဖော်လို့ရတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ၊ ကျွန်မအတွက်ကတော့ ရင်ထဲမှာ ရိုက်ခတ်သွားတဲ့ ၊ ဘယ်သူမှလည်း သိနိုင်ချင်မှ သိနိုင်မယ့် ၊ တခါတရံ ရှင်းပြလို့ မရနိုင်တဲ့ ၊ သိပ်ပြီး ရိုးရှင်းလှတဲ့ ၊ အဖြူရောင် ပကတိလွှမ်းနေတဲ့ ၊ ကျွန်မ နှလုံးသားရဲ့ တီးတိုးပဲ့တင်သံတခုပဲလို့ ခုချိန်မှာ မှတ်ယူလိုက်မိပါတယ် ။

အချစ်အကြောင်းပြောရင် ကျွန်မ အကိုဝမ်းကွဲလင်မယားကို သွားသတိရမိတယ် ။ အကိုဝမ်းကွဲက အကြောင်းတခုကြောင့် ဂျီတီအိုင်ကနေ ကျောင်းထုတ်ခံခဲ့ရပြီး ၊ နောက်ပိုင်း ဘ၀အမျိုးမျိုးကျင်လည်ပြီး ကျောင်းဆက်မတက်ဖြစ်ခဲ့သူ ၊ သူ့ဇနီးကတော့ မြန်မာပြည်မှာ PhD နဲ့ တက္ကသိုလ်တခုမှာ ကထိကလုပ်နေသူ ။ အိမ်ထောင်သက် ခြောက်နှစ်လောက်ကြာပြီးတဲ့အထိ သူတို့ကြားမှာ အချစ်ဆိုတာရဲ့ အငွေ့အသက်တွေကို မြင်နေရတယ် ။ မျက်နှာတည်တည်နဲ့ နောက်တတ်တဲ့ အကို့စကားတွေကြား ပြုံးနေတတ်တဲ့ အမရဲ့မျက်ဝန်းတွေမှာ အကို့ကို ချစ်တဲ့အချစ်တွေ ထင်းခနဲပေါ်နေသလိုပဲ ။ ဘွဲ့ထူး ဂုဏ်ထူးပိုင်းမှာ မထူးချွန်ပေမယ့် သူ့မိသားစုကို လူတန်းစေ့နေနိုင်အောင် အိမ်ထောင်ဦးစီးပီသစွာ ထားနိုင်တဲ့ အကို့အပေါ် အမရဲ့ အလေးထားပုံတွေ ၊ သူတပြန် ကိုယ်တပြန် ဟင်းတစ်တုံးကို ပန်းကန်ထဲ ထည့်ပေးနေတတ်တာတွေမြင်တော့ ၊ ကျွန်မစိတ်ထဲ အချစ်ဆိုတာရဲ့ အစွမ်းသတ္တိကို ခံစားလိုက်ရတယ် ။ လူတိုင်း အမျိုးမျိုး ကောက်ချက်ပေး သဘောမတူတာတချို့ရှိနေတဲ့ ကြားကနေ သူတို့နှလုံးသားတွေက ခံစားချက်ကို သေချာခံစားပြီး လက်ထပ်ခဲ့ကြတယ် ။ အိမ်ထောင်သက် နှစ်ပေါင်းများစွာကြာတဲ့အထိ ၊ အကိုက ဗိုက်ကြီးပူ ၊ အမက ၀သထက် ၀လာတဲ့အထိ ၊ တဦးကိုယ်တဦး အရိပ်တကြည့်ကြည့်နဲ့ မြတ်နိုးနေတုန်းပဲလို့ ကျွန်မက ကောက်ချက်ချမိတယ် ။ အချစ်ဆိုတာ ကျွန်မ အကိုလင်မယားအတွက်တော့ လှပတဲ့ပျော်ရွှင်မှုတွေပဲ ။

ခံစားချက်ကို ဦးစားပေးတတ်တဲ့ ကျွန်မ နဲ့ သမားရိုးကျဆန်တဲ့ မေမေ့ကြား မတူညီခြင်းဆိုတာ အချစ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ ဆယ်ကျော်သက်အရွယ်မှာ စတင်ခဲ့ပါတယ် ။ ဆယ်စုနှစ်များစွာ ကွာခြားတဲ့ အမျိုးသမီး နှစ်ယောက်ဟာ အချစ်ဆိုတာနဲ့ ပတ်သက်ပြီး အဲလို အထင်အမြင်ကွဲပြားခဲ့ကြတာ generation gap ဆိုတဲ့ အချိန်တွေကြောင့်လည်း ဖြစ်နိုင်သလို ၊ ရှိရင်းစွဲ သူတို့ရဲ့ ကာရိုက်တာနဲ့လည်း သက်ဆိုင်နိုင်တယ် ။ သေချာတာကတော့ ဖေဖေ့လို ကျွန်မက စိတ်ကူးယဉ်တတ်ခြင်းတွေနဲ့ အချစ်ဆိုတာကို စတင်မြင်တတ်ခဲ့မိတယ် ။ စာအုပ်စင်က စာအုပ်တွေကြား ချောင်ထိုးထားခံနေရတဲ့ ဖေဖေ ရေးခဲ့ဖူးတဲ့ ၊ အ၀ါရောင်သမ်းပြီး ဟောင်းနွမ်းနေတဲ့ ကဗျာ ၀တ္ထုတွေက အချစ်ဆိုတာနဲ့ ပတ်သက်တဲ့ အရိပ်အယောင်တွေကိုဖတ်ပြီး ဘာလို့ရယ်မသိ စမ်းတ၀ါးဝါး နှလုံးသားလေးနဲ့ ခံစားတတ်ခဲ့တယ် ။ ဖေဖေရဲ့ ကဗျာတွေ ၀တ္ထုတွေထဲက စကားလုံးတွေ ခံစားချက်တွေထက် ၊ "သင့်တော်တယ်" ဆိုတဲ့ စကားလုံးသုံးလုံးကို ဦးနှောက်ထဲမှာ တွေးတောပြီး ဖေဖေ့ကို လက်ထပ်ခဲ့တဲ့ မေမေ့အတွက်တော့ အဲဒီ ကဗျာတွေ ၀တ္ထုတွေဟာ အဓိပ္ပါယ် သိပ်မရှိနေခဲ့တာတွက် နှမြောသလိုလို ဖြစ်ခဲ့တယ် ။

နောက်ဆုံးတော့ ဖေဖေ နဲ့ မေမေ ပေါင်းစပ်ရာက ဖြစ်လာတဲ့ ကျွန်မဟာ အချစ်ဆိုတာနဲ့ ပတ်သက်ရင်တောင် ၊ သူတို့ နှစ်ယောက်လုံးရဲ့ စရိုက်နှစ်မျိုးကြား ကူးချီ သန်းချီနဲ့ ... ကျွန်မရဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ ဖေဖေ့စရိုက်တွေ စိုးမိုးခဲ့ပြီး ၊ အသက် ၂၀ ကျော် အရွယ်မှာတော့ မေမေ့လို တွေးတတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ် ။ ခုချိန်မှာတော့ ကျွန်မဟာ ဘ၀မှာ အချစ်နဲ့ပတ်သက်ရင် ဘာကို လိုချင်တယ်ဆိုတာ သေချာသိလိုက်ရပါပြီ ။ ဂျစ်တူးဆိုတဲ့ ကိုယ်ပိုင်အမြင်နဲ့ အချစ်ကို ကိုယ့်အဓိပ္ပါယ်ကိုယ် ဖွင့်ဆိုလိုက်ပြီလို့ ဆိုရပါမယ် ။ အဲဒီ အဓိပ္ပါယ်ဟာ သူများတွေအတွက် မှန်ချင်မှလည်း မှန်မယ် ။ တူချင်လည်း တူနေမယ် ။ သေချာတာတခုကတော့ မိဘများ ၊ ဆွေမျိုးသားချင်းများ ၊ သူငယ်ချင်းများ ၊ ပတ်ဝန်းကျင် ၊ သူများတွေ ရေးဖွဲ့ထားတဲ့ အဓိပ္ပါယ်တွေ စတဲ့ ... ဘယ်သူ့ရဲ့ လောင်းရိပ်တခုမှ မပါဘဲ ကျွန်မရဲ့ ကိုယ်ပိုင်နှလုံးသားလေးနဲ့ပဲ အရိုးသားဆုံး အရှင်းလင်းဆုံး ဖွင့်ဆိုလိုက်တယ်ဆိုတာပါပဲ ။

အချစ်ဆိုတာနဲ့ ပတ်သက်ရင် ကျွန်မက အရူးအမူး မျှော်လင့် ရှာဖွေ ရင်ခုန်ချင်ခဲ့ဖူးတယ် ။ ကျွန်မဘ၀မှာ ကိုယ်မျှော်လင့်သလို အချစ်ဆိုတာနဲ့ ပတ်သက်တာတွေ ရှာမတွေ့နိုင်ခဲ့တုန်းကလည်း စိတ်အပျက်ကြီးပျက်လို့ နှလုံးသားကို ဘေးထုတ် ၊ ဦးနှောက်တခုတည်းနဲ့ စဉ်းစားပြီး ရက်စက်တတ်ခဲ့တယ် ။ အဲဒါတွေအားလုံးဟာ အချစ်ဆိုတာကို ပိုင်ဆိုင်ချင်လွန်းလို့ အပူတပြင်း စမ်းတ၀ါးဝါး ရှာဖွေဖို့ ကြိုးစားခဲ့တဲ့ ကျွန်မရဲ့ ရလဒ်တွေပါပဲ ။ ခုတော့ အချစ်ဆိုတာ သိပြီလားလို့ ကျွန်မရဲ့ ဘလောဂ့်ပေါ်က အမများက မေးလာရင် ... သိသလိုလိုပဲလို့ ဖြေတတ်ပါတယ် ။ ဘာလို့လဲဆိုတော့ ယေဘူယျ အားလုံးတွက် အဓိပ္ပါယ် ဖွင့်နိုင်မယ့် အချစ်ဆိုတာကို ကျွန်မ မသိပါ ။

ဒါပေမယ့် သေချာတာကတော့ တိုတောင်းလှတဲ့ ဒီဘ၀မှာ ကျွန်မ နှလုံးသားရဲ့ လှိုင်းခတ်သံဟာ ကျွန်မအတွက်တော့ အရိုးရှင်းဆုံး နဲ့ အတပ်မက်ဆုံး "အချစ်ဆိုသည်မှာ" ဆိုတာပဲ ဖြစ်ပါတော့တယ် ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.