Thursday, October 23, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: ၀သုန်ကြယ်ပွင့်ရဲ့ကောက်ကြောင်းအကျဉ်း (အပိုင်း-၁)

ဝသုန်ကြယ်ပွင့်ရဲ့ကောက်ကြောင်းအကျဉ်း (အပိုင်း-၁)

အောက်တိုဘာလ ၂၁ရက်နေ့၊ ၂၀၀၈ ခုနှစ်။
ဆရာဝသုန်ကွယ်လွန်သွားပြီဆိုတဲ့ သတင်းက မနက်ကိုးနာရီကျော်ကျော်လောက်မှာ ဖုန်းဝင်လာတယ်။
မနက်၇နာရီ ၁၅မိနစ်မှာ ဆုံးသွားတယ်။ အိမ်မှာပဲတဲ့။ SSC ကနေ အောင်ရတနာ။
အောင်ရတနာကနေ အိမ်ကိုပြန်သယ်ပြီး အိမ်ရောက်မှ ဆုံးတယ်လို့ဆိုတယ်။ အဆုတ်တီဘီ။
ဆေးကို ဆေးပတ်လည်အောက်မသောက်ဘူးလို့ ပြောကြတယ်။ အသက်က ၆၁။
ဘယ်လိုပဲ ဖြစ်ဖြစ် ကံကုန်လို့သေရတယ်လို့ ဆိုရမယ်။

သတင်းပေါ်သတင်းဆင့်တယ်လို့ဆိုရမည်လား။ ကြည်ဖြူသျှင်ရိုက်တဲ့ A Sketch Of Wathon
ဇာတ်လမ်းတိုက National Geographic ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရခဲ့တယ်။
ကြည်ဖြူသျှင်ပြန်ရောက်လို့ ဘာမှမကြာသေးဘူး ဆရာဝသုန်ဆုံးတယ်။
ကျန်းမာရေးမကောင်းတာတော့ကြာပါပြီ။ ဒီလောက်တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားမယ်လို့တော့
မထင်ခဲ့မိဘူး။ ကြည်ဖြူသျှင်ပြန်ရောက်တော့ ဆရာနဲ့ စကားနည်းနည်းပြောဖြစ်တယ်တဲ့။
အရိုးဆုံးက အဆန်းဆုံးဖြစ်ပြီး ဆုရခဲ့တာနေမှာပေါ့လို့ သူကတောင် မှတ်ချက်ပေးခဲ့သေး။
ကြည်ဖြူသျှင်က ဆရာနေကောင်းရင် ဆရာ့အတွက် ဂုဏ်ပြုပွဲလုပ်ပေးမယ်တဲ့။
ဆရာမရှိတော့တဲ့အတွက် မလုပ်တော့ဘူးလို့လည်းသိရတယ်။

မနက်ဖြန် ညနေသုံးနာရီမှာ သဂြိုလ်မယ်။ ထုံးစံအတိုင်းရေဝေးမှာပေါ့။
အောက်တိုဘာ ၂၃။ ဆရာဝသုန် ကိစ္စပြီးမယ်။ အမှတ်တရ တော့ဖြစ်ကြရလိမ့်ဦးမယ်။
အောက်တိုဘာ၂၃ဟာ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ်သုံးဆယ်ပြည့်နှစ်ပတ်လည်။

ဆရာဝသုန် ကွယ်လွန်တော့ သူနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ချို့ရှာကြည့်တယ်။
အင်တာနက်ပေါ်မှာ သိပ်မတွေ့ရတာတော့ စိတ်မကောင်းစရာပဲ။ မှတ်မိသလောက်ပြန်စဉ်းစားကြည့်တယ်။
လွဲတာတွေလည်းရှိမယ်။ မှားရင်ပြင်ပေးကြပါ။ ကျွန်တော့်အတွက် ဆရာဝသုန်ရဲ့ကောက်ကြောင်းအစကို
ပြန်ရှာရတာ အနည်းငယ် စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။

ဆရာဝသုန်ကို ၁၉၄၇ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့မှာ မွေးတယ်။ ရန်ကုန်မှာပဲ မွေးခဲ့တယ်။
မိဘနှစ်ပါးကတော့ ဦးလှမောင်နဲ့ ဒေါ်သန်း။ ငယ်ကတည်းက စာတော်တယ်။
နောက်တော့ ရန်ကုန်ပန်းချီပန်းပုကျောင်းတက်ခဲ့တယ်။ ၁၉၆၃ ကနေ ၁၉၆၅ ခုနှစ်အထိ။
ဒီပလိုမာရခဲ့တယ်။ စာတော်တဲ့ ကျောင်းသားတစ်ယောက် ပန်းချီလိုင်းရွေးခဲ့တာ ၀သုန်ကောက်ကြောင်းအစ။

ငယ်ကတည်း ပန်းချီကိုစိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် စပြီးထိတွေ့ခဲ့တာက ကာတွန်း။
ကာတွန်းမောင်ခင်လှဆိုတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။ ဒါဟာအရေးကြီးတဲ့ အချက်အလက်တစ်ခု။
ကာတွန်းကိုသင်ပေးခဲ့တာက ဦးမောင်လွင်(ကာတွန်း) ။ နောက်တော့ ကိုယ့်ကိုယ်ကို
ဟာသဓာတ်ခံနည်းတယ်လို့ ယူဆပြီး ကာတွန်းဆွဲတာကိုရပ်ပစ်ခဲ့တယ်။
နောက်ထပ်ဆရာ တစ်ယောက်ဖြစ်သူ ဦးညိုလှရဲ့ မောင်းနှင်မှုနဲ့ လျို့ဝှက်သည်းဖိုမဂ္ဂဇင်းအတွက်
သရုပ်ဖော်ပုံတစ်ပုံ စဆွဲဖြစ်တယ်။ ဒီတစ်ပုံဟာ သူ့အတွက်တော့ အဆုံးအဖြတ်။
ဆရာ ဦးညိုလှကပြောခဲ့တယ်တဲ့။ ဒီတစ်ပုံဖြစ်ရင် မင်းအောင်မြင်ပြီ။ မဖြစ်ရင်တော့ အားလုံးပြီးဆုံးပြီ။
နောက်ထပ် မကြိုးစားနဲ့တော့။ မင်းအတွက် အခွင့်အရေး ဒီတစ်ခုပဲ ရှိတယ်တဲ့။
အင်တာဗျူးတစ်ခုမှာ ဆရာဝသုန်ကိုယ်တိုင် ဖြေဆိုထားခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်တယ်။

တစ်ကယ်တမ်းပန်းချီနဲ့ အသက်မွေးမယ်လို့ဆုံးဖြတ်ပြီး ပန်းချီလောကထဲရောက်ခဲ့တဲ့နှစ်က ၁၉၆၅။
ခဲ၊ မင်၊ ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်နဲ့ ပါတိတ်။ မီဒီယံမျိုးစုံ သုံးခဲ့တယ်။
အဲဒီအချိန်ကတည်းက သရုပ်ဖော်ပန်းချီဆရာဆိုတာ ဖြစ်နေခဲ့ပြီ။ မဂ္ဂဇင်းတွေမှာ ၀သုန်ဆိုတဲ့
လက်မှတ်ကလေးတွေ မြင်တွေ့နေခဲ့ရပြီ။ ၁၉၆၅ ကနေ ၁၉၇၀ ပြည့်နှစ်များအထိ ဆိုပါတော့။

ပန်းချီဝသုန်ရယ်လို့ သတိထားလာခဲ့မိတဲ့ နှစ်တွေကတော့ ၁၉၇၀ မိုးဝေကဗျာခေတ်ဦးမှာ။
မိုးဝေကဗျာတွေမှာ တစ်ကြောင်းခြစ် သရုပ်ဖော်ပုံတွေကို ၀သုန်က အံ့မခန်းရေးဆွဲ ပြနိုင်ခဲ့တယ်။
အမျိုးအစားအရဆို Semi Surrealism အမျိုးအစားလို့ သတ်မှတ်နိုင်တယ်။
တစ်ချို့လက်ရာတွေဆို ကဗျာနဲ့မလိုက်ဖက်အောင်ကောင်းလွန်းနေတာကို တွေ့ရတယ်။
အမြင်ဆန်းသစ်တယ်။ အတွေးကောင်းတယ်။ ကဗျာတွေကို အကောင်းဆုံးပံ့ပိုးနိုင်တယ်။
စမ်းစမ်းနွဲ့(သာယာဝတီ)ရဲ့ အသည်းနှလုံးကိုထုခွဲခြင်း ကဗျာမှာ သရုပ်ဖော်ပေးခဲ့တဲ့
ဆရာဝသုန်ရဲ့ အီလက်စရေးရှင်း လက်ရာဟာ ကဗျာကိုပံ့ပိုးနိုင်ခဲ့တဲ့
အပြင်ခေတ်ကိုပါတောက်ပစေတယ် လို့ ဒီခေတ်ကို ဖြတ်သန်းခဲ့တဲ့ လူတွေက ပြောပြလိမ့်မယ်။

အဲဒီအချိန်၊ အဲဒီအခါက ရှု့မ၀မှာ ဗဂျီအောင်းစိုးရဲ့ ကဗျာသရုပ်ဖော်ပုံတွေကလည်း
အရမ်းကို ကောင်းလွန်းပြီး ကျော်ကြားနေတဲ့အချိန်။ ရှု့မ၀မှာ ဗဂျီအောင်စိုးလက်ရာမပါရင်မဖြစ်သလို
မိုးဝေကဗျာတွေမှာ ၀သုန်ရဲ့လက်ရာ မပါရင် မပြည့်စုံဘူးလို့တောင် ဆိုကြတယ်။
(ကန့်ကွက်ချင်တဲ့လူတွေ၊ လက်မခံချင်တဲ့ လူတွေ ရှိမယ်။ ရှိတဲ့အတိုင်းပဲ ထားပါတော့။)
၁၉၇၀ ပြည့်လွန်နှစ်တွေကနေ ၁၉၇၄၊ ၁၉၇၅ နှစ်များအထိပဲ ဆိုကြပါစို့။

၁၉၇၇ ခုနှစ်မှာ ချစ်ဦးညိုရဲ့ လကာင်္ဒီပချစ်သူ ၀တ္ထုထွက်လာခဲ့တယ်။ အောင်မြင်ခဲ့တယ်။
မင်းသားဇာတ်သွင်းတဲ့ ဘီလူးဇာတ်လမ်း။ ဇာတ်ကွက်ကိုလှအောင်ဆင်ထားတယ်။
ဗညားသီဟရဲ့ စာပေစစ်တမ်းက လကာင်္ဒီပချစ်သူကို ပယ်ပယ်နယ်နယ်သမပစ်တယ်။
၁၉၇၉ ကိုရောက်လာတဲ့အခါမှာတော့ ရှု့မ၀မှာ ပန်းချီဝသုန်ရဲ့ လကာင်္ဒီပချစ်သူ ရုပ်ပြဇာတ်လမ်း၊
မြင်တွေ့ခဲ့ရတယ်။ ကောင်းလွန်းတယ်လို့ဆိုကြတယ်။ ရှု့မ၀မှာ လကာင်္ဒီပချစ်သူရုပ်ပြကို
၃၆ လကြာ လဆက်ဖော်ပြခဲ့တယ်။ ၀သုန်ဆိုတာကို လူတိုင်းပါးစပ်ဖျားမှာ စွဲထင်ရစ်စေခဲ့တယ်။
လူတိုင်းပါစပ်ဖျားမှာစွဲနေစေခဲ့တဲ့ ၀သုန်ရဲ့လကာင်္ဒီပချစ်သူဇာတ်လမ်းဟာ ၁၉၈၄ ခုနှစ်ရောက်လာတဲ့
အခါမှာတော့ လုံးချင်းရုပ်ပြအနေနဲ့ ထွက်ရှိလာခဲ့တယ်။ ပိုလို့အောင်မြင်ခဲ့တယ်။
ဆယ်နှစ်အကြာ ၁၉၉၄ မှာတစ်ကြိမ်၊ နောက်ထပ်ဆယ်နှစ်အကြာ ၂၀၀၄ ခုနှစ်မှာ တစ်ကြိမ်။
သုံးကြိမ်တိုင် ရိုက်နှိပ်ထုတ်ဝေနိုင်ခဲ့တယ်။

လကာင်္ဒီပချစ်သူရုပ်ပြဟာ ဆရာဝသုန်ရဲ့ လက်ရာတွေထဲမှာ အထွဋ်အထိတ်ရောက်ခဲ့တဲ့လက်ရာတစ်ခု။
နောက်ထပ်ရုပ်ပြတွေ၊ ဇာတ်လမ်းတွေ ဆက်ထွက်လာခဲ့ပေမယ့် လင်္ကာဒီပချစ်သူကို ကျော်နိုင်စွမ်း
မရှိခဲ့ပါဘူး။ အီလက်စရေးရှင်းတွေ ဆက်ဆွဲတယ်။ အောင်မြင်တယ်။ မဂ္ဂဇင်းစာမျက်နှာတွေ
ပေါ်မှာ ၀သုန်ရဲ့လက်ရာတွေ ပျောက်မသွားခဲ့ဘူး။ ဒီနေ့အထိပဲ။

ဆက်လက်ဖော်ပြပါမယ်။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.