Wednesday, November 19, 2008

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: အရှေ့သို့လားသော် (၂)

အရှေ့သို့လားသော် (၂)

အပိုင်း (၁) မဖတ်ရသေးသူများ အတွက် ဒီမှာ ကလစ်နှိပ်ပြီး ဖတ်ပါ။

လေယာဉ်လက်မှတ်အတွက် စီစဉ်ပြီးပြီ ဆိုတော့ လုပ်စရာ နှစ်ခု ကျန်နေတာက VISA နဲ့ D-Form လျှောက်ဖို့ပါ။ D-Form က အခု အွန်လိုင်း D-Form ဆိုတော့ အရင်ထပ် အများကြီး လွယ်ကူသွားပါပြီ။ တစ်ခါတစ်လေ D-Form က အချိန်ကြာတတ်တော့ ကျနော်တို့အနေနဲ့ VISA ကို အရင်မလုပ်ဘဲ D-Form ကို လျှောက်လိုက်ပါတယ်။ D-Form ထဲမှာ VISA No ဆိုတာ ထည့်ဖို့နေရာ ပါပေမယ့် မထည့်ဘဲလည်း ရပါတယ်။ အဲတော့ ကျနော်တို့ VISA မရသေးဘဲ D-Form အရင် လျှောက်လိုက်တော့တယ်။ D-Form Program က တခါတခါ ကြောင်နေတော့ Blank Sheet ချည်းပဲ အီးမေးလ်ပို့လာတယ်။ ဒါကြောင့် ဖောင်ပြန်ဖြည့်ပြီး သုံးခါလောက် ကြိုးစားလိုက်မှ D-Form Email ကို ရတော့တယ်။ စောင့်ရတာလည်း မကြာလိုက်ပါဘူး။ တစ်ညနေတည်းပါ။ VISA အတွက် တရုတ်သံရုံးကို သွားတော့ ကျနော်လို လျှောက်ချင်တဲ့လူက အယောက် (၄၀) လောက် ရှိတယ်။ တစ်နေ့ခင်းလောက် တန်းစီလိုက်ရတယ်။ သတိထားမိသလောက် အားလုံးလိုလို Canton Fair ကို သွားဖို့ပဲ။ အဲဒီလို မြင်ရတာ ဝမ်းသာစရာပါ။ ကျနော်တို့ မြန်မာကုန်သည်တွေ Source ကို တကယ်သိပြီလို့ တွေ့လိုက်လို့ပါ။ အရင်ကဆို ကုန်သည် သုံးလေးယောက်က ပွဲစားလုပ်ပေးပြီး အားလုံး ကိုယ်စား တရုတ်ပစ္စည်းတွေ သွင်းပေးနေရာကနေ အခုဆို ကုန်သည်အတော်များများ ကွမ်ကျိုးကို ကိုယ်တိုင် သွားဝယ်နိုင်တယ်ဆိုတဲ့ အမြင်ကြောင့် ကုန်ပစ္စည်းတွေ ဈေးနှုန်း အများကြီး သက်သာလာပါတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ ပြောပြချက်အရ အခုဆိုရင် တရုတ်ဗီဇာ လျှောက်ဖို့ အသွားအပြန် လေယာဉ်လက်မှတ်၊ ကုမ္ပဏီ ဖိတ်ခေါ်စာနဲ့ ဟိုတယ် ဘွတ်ကင်လုပ်ထားတဲ့ ဘောက်ချာ လိုတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော် သွားလျှောက်လိုက်တော့ ဘာစာရွတ်စာတမ်းမှ မလိုပါဘူး။ သူတို့စီမှာ ထားပေးထားတဲ့ ဖောင်ကို ဖြည့်ပြီး ဓါတ်ပုံတစ်ပုံကပ်လိုက်ရုံပါ။ ဗီဇာကြေးက ပုံမှန် တစ်ခါဝင်ထွက် ဆိုရင် (၂၅) ဒေါ်လာ ကျပါတယ်။ တကယ်လို့ အမြန်ကြေး ဆိုရင်တော့ ဒေါ်လာ (၄၀) ကျမယ်။ ညနေ (သို့) နောက်နေ့မနက် ဗီဇာ တန်းရပါတယ်။ ပုံမှန်ကတော့ 3 Working Days ကြာပါတယ်။ အရင်က ၇ ကြိမ်၊ ၈ ကြိမ်လောက် ရောက်ဖူးထားတာမို့ ဘာစာရွတ်စာတမ်းမှ မလိုတာလည်း ဖြစ်နိုင်ပါတယ်။ လူအတော်များများကတော့ စာရွတ်တွေ တစ်ပုံကြီးနဲ့ တင်နေတာ တွေ့ရတယ်။ ဟောင်ကောင်ကနေ ပတ်သွားမယ် ဆိုရင်တော့လည်း ဟောင်ကောင်ဗီဇာပါ တစ်ခါတည်း လျှောက်ရမယ်။ နောက်ပြီး ဟောင်ကောင်ကို Multi-entries VISA လျှောက်ရမယ်။ သဘောက လေယာဉ်နဲ့ ရောက်ရောက်ချင်း တစ်ခါဝင်မယ်။ နောက်ပြီး ကားနဲ့ (သို့မဟုတ် ရထားနဲ့) တရုတ်ပြည်ထဲ ဝင်မယ်ဆိုရင် ဟောင်ကောင်ကို အထွက်ပြရတယ်။ နောက်မှ တရုတ် ပြန်ဝင်ပေါ့။ လည်ပတ်ပြီးလို့ မြန်မာပြည် ပြန်တော့မယ် ဆိုရင်တော့လည်း တရုတ်ပြည်ကထွက်ပြီး ဟောင်ကောင်ကို နောက်တစ်ကြိမ် ပြန်ဝင်ရမယ်။ ဒါမှ လေယာဉ်စီးလို့ ရမှာကိုး။ ပြီး လေယာဉ်ကွင်းရောက်မှ မြန်မာပြည်ပြန်တဲ့ လေယာဉ်စီးဖို့ ဟောင်ကောင် အထွက် ပြန်ပြရတယ်။ ဒါကြောင့် ဟောင်ကောင်ဘက်က ပတ်သွားမယ် ဆိုရင်တော့ Immigration ခဏခဏ ဝင်ရတယ်။

လေယာဉ်စီးဖို့ လေယာဉ်ကွင်းကို ရောက်တယ် ဆိုရင်ပဲ အင်မတန်မှ သဘာဝကျပြီး အဓိပ္ပာယ်ရှိလှတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့ရတော့တယ်။ "ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့" တဲ့။ စိတ်ထဲမှာလည်း ကြိတ်ပြီးပြောလိုက်ပါတယ်။ "အင်းပါ အင်းပါ အခု အဲဒီလို သွားမလို့ပဲ" လို့။ ဆိုင်းဘုတ်တင်တဲ့ သူက သိပုံရတယ်။ မြန်မာနိုင်ငံကနေ ထွက်လိုက်တာနဲ့ ဘယ်နိုင်ငံရောက်ရောက် ခေတ်မီဖွံ့ဖြိုးတာ ချည်းပဲလေ။ ဒါကြောင့် အထွက်ဝမှာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကြီးဆီသို့ လို့ တပ်ထားတာ ဖြစ်မယ်။

ကျနော်တို့ တရုတ်ပြည်ကို ပထမဆုံး စရောက်တဲ့မြို့က ကူမင်းမြို့ပါ။ Kunming လို့ အင်္ဂလိပ်လိုရေးပြီး တရုတ်လို ခွင်းမင်း လို့ အသံထွက်တယ်။ ကူမင်းဟာဆိုရင် သူတို့ တရုတ်တွေ အခေါ်အရဆို ပန်းမြို့တော်ပါ။ နောက်ပြီး Spring City လို့လည်း ခေါ်တယ်။ တစ်နှစ်လုံးရဲ့ ပျမ်းမျှ အပူချိန်ဟာ 22ံ C မှာပဲ ရှိတာကြောင့် အတော်လေး နေလို့ ကောင်းတယ်။ အဲဒီ အပူချိန်နဲ့ တောင်ပေါ်မြို့လေး ဖြစ်တာကြောင့် ပန်းပေါင်းစုံ ဖူးပွင့်ရာ နေရာဖြစ်နေတာပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ် (၁၉၉၈) မတိုင်ခင်ကဆို ကူမင်းမြို့ဟာ နယ်စပ်ပြည်နယ် မြို့တော်တွေထဲမှာ အတော်လေးကို စည်ကားတဲ့ မြို့တစ်မြို့ပါ။ အံ့သြဖို့ ကောင်းတာကလည်း ကူမင်းမြို့ရဲ့ အဓိက စီးပွားဖက်နိုင်ငံကလည်း မြန်မာနိုင်ငံပါပဲ။ အခုအချိန် ကူမင်းမြို့ စီးပွားရေး အဆင်မပြေ ဖြစ်နေတာလည်း အဲဒီ အကြောင်းအရင်းပဲ ဖြစ်မယ်ထင်တယ်။ ၁၉၉၄ လောက်ကနေ ၁၉၉၇ လောက်အထိ မြန်မာနိုင်ငံရဲ့ စီးပွားရေးကလည်း အတက်ချည်းပြနေတော့ ကူမင်းမြို့ကလည်း စီးပွားရေး အတော်လေး ကောင်းနေခဲ့တယ်။ ၁၉၉၇ အာရှစီးပွားရေး ဂယက်နဲ့ အတူပဲ သူလည်း မြုပ်သွားတော့တယ်။ ဒါပေမယ့် ကူမင်းမြို့ဟာလည်း တရုတ်ပြည်ရဲ့ Mega City ထဲက တစ်မြို့ပါပဲ။ လူဦးရေ ခြောက်သန်းကျော် ရှိတယ် ဆိုပဲ။ တရုတ်ပြည်ရဲ့ ၁၆ မြို့မြောက် လူဦးရေ အများဆုံး မြို့တစ်မြို့ပါ။

ယူနန်ပြည်နယ်ဟာ ရှမ်းကုန်းပြင်မြင့်နဲ့ တိဘက်ကုန်းပြင်မြင့်ကို ဆက်ပေးတဲ့ ကုန်းပြင်မြင့်တစ်ခု ဖြစ်တာကြောင့် ပြည်နယ်ရဲ့ ၉၈ ရာခိုင်နှုန်းက တောင်ကုန်းတွေပါ။ ၂ ရာခိုင်နှုန်းပဲ မြေပြန့်ရှိတယ်။ ကူမင်းမြို့ကို ဖြတ်သွားတဲ့ ဟိုင်းဝေးလမ်းမကြီးကို သူတို့က လေးရောင်ခြယ်လမ်းလို့လည်း ခေါ်သတဲ့။ မြန်မာပြည် နယ်စပ်နဲ့ အဓိက ကုန်သွယ်ရာ လမ်းမကြီးပေါ့။ ဘာလို့ လေးရောင်ခြယ်လမ်းလို့ ခေါ်သလဲဆိုတော့ အဲဒီ လမ်းမပေါ်မှာ အရောင်တစ်မျိုးစီနဲ့ ကုန်ပစ္စည်းလေးမျိုး ကူးသန်းနေလို့တဲ့။ အဲဒီ အရောင်လေးမျိုးက အစိမ်း၊ အဝါ၊ အဖြူ နဲ့ အမဲ။ ကဲ စဉ်းစားကြည့်ကြပါဦး။ ဘာ ကုန်ပစ္စည်းတွေ ဖြစ်မလဲလို့။ နှစ်မျိုးက တရားဝင် ကူးသန်းပြီး နောက်နှစ်မျိုးကတော့ တရားမဝင် ကူးသန်းတယ်တဲ့။ နှစ်မျိုးက မြန်မာပြည်က ဝင်ပြီး တစ်မျိုးက တရုတ်ပြည်က ထွက်တယ်။ နောက်တစ်မျိုးကတော့ အဝင်လည်း ရှိသလို အထွက်လည်း ရှိတယ်တဲ့။ စဉ်းစားလို့ ရပြီလား လုပ်ပါဦး။ ကဲ အဖြူကနေ စပြောရအောင်။ ကျနော်တို့ မြန်မာနိုင်ငံက ထွက်တယ်။ နောက်ပြီး တရားမဝင်ဘူး။ အဲလောက်ဆို သိပြီထင်တယ်။ ကမ္ဘာကျော် အဖြူရောင် ကုန်ပစ္စည်းပဲလေ။ ဟုတ်တာပေါ့။ ဘိန်းဖြူ။ အဝါရောင်ကကော။ မြန်မာနိုင်ငံကပဲ သွားတယ်။ ဒါပေမယ့် တရားဝင်။ ရွှေပါ။ ဒါဆို အစိမ်းရောင်လည်း မှန်းစရတာ လွယ်သွားလောက်ပြီ။ ဟုတ်ပါတယ် ကျောက်စိမ်းပါ။ သူက မြန်မာနိုင်ငံကနေ ကျောက်ကြမ်းအနေနဲ့ ထွက်သွားပြီး Finished Good အနေနဲ့ ထွင်းထုပြီး မြန်မာပြည် တချို့တစ်ဝက် ပြန်ဝင်ပါတယ်။ ကဲ လုပ်ပါဦး။ အမဲရောင်ကတော့ ဘယ်လိုနည်းနဲ့မှ စဉ်းစားလို့ မရနိုင်ဘူး ထင်တယ်။ ဖြေနိုင်ရင် မုန့်ဝယ်ကျွေးမယ်ဗျာ။ ဘယ်လိုလဲ။ ဟင်း (Hint) နည်းနည်းတော့ ပေးမယ်။ သူက တရုတ်ပြည်က ထွက်တယ်။ ဒါပေမယ့် တရားမဝင် မြန်မာပြည်ကို ဝင်တယ်။ ဘာဖြစ်မလဲ။ အဲဒီ လေးရောင်လုံးက တန်ဖိုးကြီး ပစ္စည်းတွေချည်းပါ။ တန်ဖိုးကြီးတယ်ဆိုတာ ခပ်သေးသေးနဲ့ ဈေးများများ ပေးရလို့လေ။

အပိုင်း (၃) မှပဲ အဖြေပြောတော့မယ်။ ;P

(ဆက်ရန်)

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.