မိတ်ဆွေဆိုလားပဲ
စာတွေ၊ ကဗျာတွေနဲ့ နေထိုင်ရတာ အလွန်မှပဲ စိတ်ကိုပျော်ရွှင် ကြည်နူးစေပါတယ်။ ဘာအရသာနဲ့မှ မတူတဲ့ အရသာနဲ့ ပြည့်စုံလှပါတယ်။ တစ်ခါတလေ စိတ်ထဲမှာ နေလောင်ခံရသလိုမျိုး မရွှင်လန်းရင်၊ ရည်းစားပူမိလို့ စိတ်ပျက် နွမ်းလျနေရင်၊ ကွန်ပျူတာ အကြည့်များလို့ ခေါင်းတစ်ခုလုံး ထုံထိုင်းနောက်ကျိ နေရင် ကျွန်တော်တော့ သက်သာရာ သက်သာကြောင်း အဖြစ်နဲ့ ကုစားဖို့ရာ နည်းလမ်းတွေ အများကြီးထဲက စာတွေဖတ်တယ်၊ ကဗျာတွေ ဖတ်တယ်။ သူများတွေရဲ့ ကဗျာကို ဖတ်ပြီး ခံစားသလို ကိုယ်ကိုယ်တိုင်လည်း မတတ်တခေါက်နဲ့ ဖန်တီးထားတာလေးကို ပြန်ဖတ်ဖြစ်ပါတယ်။ ဒီနေ့လည်း ကိုးနတ်ရှင် ကောင်းမှုနဲ့ စာတွေ ကဗျာတွေကိုပဲ ဖတ်နေမိပါတယ်။ စာတွေဆိုတာက သတင်းစာ၊ အားကစားဂျာနယ်ကနေ ဗဟုသုတရစေမယ့် စာအုပ် စာစောင် အစုံစုံကို ဖတ်ပါတယ်။ ကလောင် မရွေးဘူး၊ စာပါအကြောင်းအရာ မရွေးဘူး ဖတ်တယ်။ စာရေးသူတွေရဲ့ စေတနာကို အပြည့်အ၀ ထောက်ခံတယ်။ ဒါကြောင့် အားလုံး ဖတ်ဖြစ်တယ်။ ဘလောဂ့်မှာ ကြပြန်တော့ အချိန်ကန့်သတ်ချက် ရှိတယ်။ အခြေအနေ အချိန်အခါ ကြည့်ရတယ်။ ဘယ်အချိန် မီးပျက်မလဲ၊ ကိုးနတ်ရှင် ဘယ်အချိန် ကျမလဲနဲ့ပေါ့။
ဒီကနေ့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို သွားလည်တော့ သူခင်မျာ တစ်ယောက်ထည်း အဖော်မယ့်နေတဲ့ အပြင်၊ သူယုံကြည်ခဲ့တဲ့ မိတ်ဆွေကလည်း ယုံကြည်မှုကို အလွဲသုံးစား လုပ်သွားလို့ ဆိုတာ သိရပါတယ်။ ဒါနဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ သက်ဆိုင်ပြီး ဒီပို့စ်လေး ရေးလိုက်မိပါတယ်။ မိတ်ကောင်း ဆွေကောင်း မိတ်ဆွေစစ်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်ပါသလဲပေါ့လေ။
မိတ်ဆွေ သူငယ်ချင်း ဆိုတာ မိမိကို အင်မတန် ပေးနိုင်ခက်တဲ့ အရာကို ပေးတတ်တယ်။ အင်မတန် ပြုနိုင်ခက်တဲ့ အမှုမျိုး၊ အကူအညီမျိုးကို လုပ်ဆောင် ပေးတတ်တယ်။ မိမိက သတိလက်လွတ် ဖြစ်လို့ပဲ ဖြစ်စေ၊ တခြားအခြေအနေ တစ်ရပ်ရပ် ကြောင့်ပဲဖြစ်စေ မကောင်းသဖြင့် ပြောဆိုမိတဲ့စကား၊ ပြုမူမိတဲ့ အပြုအမူမျိုး ဖြစ်ခဲ့ရင်လည်း သည်းခံတတ် ရတယ်။ မိမိက လျှို့ဝှက်ထားစေချင်တဲ့၊ မပေါက်ကြား စေလိုတဲ့ စကားကိုပြောတဲ့ အခါမှာလည်း အဲဒီစကား မပေါက်ကြားအောင် လုံခြုံအောင် လျှို့ဝှက်ပေးတတ်ရတယ်။ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာရင်လည်း မိမိကို ကျောခိုင်း စွန့်ခွာမသွားဘူး။ ချန်မပစ်ခဲ့ဘူး။ အကြောင်းမသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့ အခါမျိုး၊ အဆင့်အတန်းလျှောဆင်း နိမ့်ကျသွားတဲ့အခါ မျိုးမှာလည်း မိမိကို မထေမဲ့မြင် မပြုဘူး။ အထင်သေးတဲ့ အပြောမျိုး၊ အထင်သေးတဲ့ အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး .. တဲ့။
မိတ်ဆွေစစ်ဆိုတာ ကိုယ်က ချမ်းသာရင် အောင်မြင်ရင် ကျော်ကြားသွားရင်လည်း မနာလို မရှုစိမ့် မဖြစ်ဘူး။ မိမိနဲ့ ထပ်တူစွာပဲ (ဥပက္ခောစိတ်နဲ့) ၀မ်းသာနေ တတ်ပါတယ်။ မိမိရဲ့ အောင်မြင်မှု ကျော်ကြားမှုကို ၀မ်းမြောက် ဂုဏ်ယူစွာနဲ့ တစ်ခြားသူတွေကိုတောင် တစ်ဆင့် ပြန်ပြောပြနေတတ်ပါသေးတယ်။ မိတ်ကောင်း ဆွေကောင်း ဆိုတာ သဒ္ဒါတရားနဲ့ ပြည့်စုံတယ်။ စင်ကြယ်တဲ့ သီလရှိတယ်။ အကြားအမြင် ဗဟုသုတ များတယ်။ ၀န်တိုခြင်း မရှိဘူး။ ပညာနဲ့လည်း ပြည့်စုံတဲ့ ပညာတတ်ဖြစ်တယ်။ ဒီလိုစိတ်ထားမျိုးရှိတဲ့ မိတ်ဆွေတွေနဲ့ ဘ၀ခရီးမှာ ကြုံတွေ့ရရင် သိပ်ကို အေးချမ်း ပြေလွင်တဲ့ ဘဝခရီး ဖြစ်မှာပါ။ လူဖြစ်ရကျိုးနပ်တယ် လို့တောင် ပြောနိုင်ပါတယ်။
စိတ်ကောင်း၊ နှလုံးကောင်းရှိတဲ့ မိတ်ကောင်းဆွေကောင်း ဆိုတာမျိုးဟာ စိန်ကောင်း ကျောက်ကောင်းလို ရှားပါတယ်။ သူတစ်ပါးကို အထင်သေး အမြင်သေး ကဲ့ရဲ့ အပြစ်မြင်ချင်သူ မီးဖုတ်ကျောက်လို အတုအယောင် မိတ်ဆွေတွေက အများသားပါ။
အခက်အခဲတွေ၊ အန္တရာယ်ရန်စွယ်တွေ၊ မိုးသားတွေ ကင်းစင်ပြီး အရာခပ်သိမ်း အေးချမ်းနေတဲ့ အချိန်မျိုးမှာ၊ ဒါမှမဟုတ် သူ့ရဲ့လိုအပ်ချက်မှန်သမျှ ကူညီနေတဲ့ အချိန်မျိုးမှာ အပေါင်းအသင်း မိတ်ဆွေတွေက လက်နဲ့ သပ်ချလို့ မကုန်နိုင်အောင် များပြားလွန်းလှ ပါတယ်။ ကိုယ်ရီမောနေတဲ့ အချိန်မှာ ကိုယ်နဲ့ လိုက်ပြီး ရီမောမယ့်သူတွေ များလှပေမယ့် ငိုခန်းနဲ့ ကြုံလာတဲ့အခါ ကိုယ်တစ်ယောက်ထဲပဲ ရှိနေလိမ့်မယ်ဆိုတာ နားလည်ပါ သူငယ်ချင်း။
သာမန်အချိန်မှာ မိတ်ဆွေ သူငယ်ချင်းတွေ အဖြစ်နဲ့ ပြေလည်နေမယ် ထင်ရပေမယ့် မက်မောလောက်တဲ့ အခွင့်အရေး တစ်ခုခု၊ ရစရာ တစ်ခုခု ရှိလာပြီဆိုရင် မိတ်ဆွေအဖြစ်ကနေ ရန်သူပြိုင်ဘက် တွေအဖြစ်နဲ့ ရောက်ရှိသွားတတ်တာ တွေ့ဖူးပါတယ်။ အဲဒီမှာ ရစရာရှိတဲ့ အခွင့်အရေးတွေ၊ အခြေအနေကောင်း တွေကို ကွယ်လွှင့်ပျက်စီး ဆုံးပါးသွားစေလိုတဲ့ ဝန်တိုမစ္ဆရိယစိတ် များ တဖွားဖွား ပေါ်လာတတ်ပါတယ်။ ငါသာယူမယ်၊ ငါသာရစေမယ်ဆိုတဲ့ အတ္တစိတ်နဲ့ တစ်ဖက်လူကို မကြည်ဖြူနိုင်တော့ဘဲ ပျက်စီးသွားအောင် မှုတ်ထုတ် ဖျက်ဆီးတတ်ရုံသာမက မိတ်ဆွေစာရင်းကနေ မသိမသာ ဖယ်ရှားလို့ ရန်သူစာရင်းကို သွတ်သွင်းတတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများ ရှိခဲ့သည် ဆိုပါလျှင် .. .. ..
သူငယ်ချင်း ရေ ...
အခက်အခဲနဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့တဲ့ အချိန်မျိုးမှာ ကိုယ့်ကို ဘာမှ မကူညီ မရိုင်းပင်းတဲ့ မိတ်ဆွေ သူငယ်ချင်းမျိုး၊ ကိုယ်လွတ်ရုန်း သွားတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းမျိုးနဲ့ နောက်နောင် ဘယ်သောအခါမှ ခရီး အတူတူ မသွားပါနဲ့လို့ပဲ အမှာစကား ပြောလိုက်ချင်ပါတယ်။
ငါ .. နုပျိုဆဲပါ
ရန်ကုန်ဆောင်းကို တော့ဖြင့် ကျွန်တော်နှစ်သက်တယ်။ ဘာလို့လည်း ဆိုတော့ ရှမ်းပြည်မှာလို လွန်လွန်မင်းမင်း အေးတာ မဟုတ်လို့ပါ။ သာမန် အအေးဓာတ်နဲ့မို့လို့ သင့်တင့်တဲ့ အနွေးထည်လေး ၀တ်ပြီး အားကစား လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်လေလည်း အနွေးထည်ထက် အားကစားဆုစ် နဲ့ပဲ အားကစား လုပ်ဖြစ်ပါတယ်။ မရမ်းကုန်း ရှစ်မိုင်ကနေ ကမ္ဘာအေးစေတီလမ်း အတိုင်းပြေးပြီး ကုက္ကိုင်းလမ်းဆုံက ဘုံကျောင်းမှာ ဘက်စကက်ဘော ဝင်ကစားတယ်။ အဲလို မကစားဖြစ်ရင်လည်း ကန်တော်ကြီး ကန်ဘောင်ပေါ်တက်ပြီး ကိုယ်လက် လေ့ကျင့်ခန်းလေး လုပ်ဖြစ်ပါတယ်။ ကန်ဘောင်ပေါ်မှာ အသက် ၅၀ ကျော်လူကြီးပိုင်းနဲ့ ၆၀ ကျော် ပင်စင်စားတွေ အများဆုံးတွေ့ရ ပါတယ်။ ဒုတ်ကောက် ကိုယ်စီနဲ့ ကိုယ်လက်လှုပ်ရှားရင်းကနေ သန့်စင်လတ်ဆတ်တဲ့ လေကို တဝရှူသွင်းပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဆွေးနွေးနေကြတာကို ကြားနေရပါတယ်။ ကျွန်တော်လည်း မလှမ်းမကမ်းကနေ နားထောင်နေမိပါတယ်။
အသက်ကြီးသူ အချင်းချင်း ဖေးမပြီး စိတ်ဓာတ်မြှင့်တင် ပေးကြတဲ့ စကားဝိုင်းလေးပါ။ ငါတို့ "မအိုကြသေးပါဘူး" လို့ ဆိုချင်နေသလိုပါပဲ။ ဟုတ်ပါတယ်။ အသက်ကြီးသူတိုင်း မအိုကြသေးပါဘူး။ လူအိုတွေဟာ "ချည့်နဲ့အားနည်း" လာတာတော့ အမှန်ဖြစ်ပါတယ်။ လူငယ်တွေလိုတော့ မသန်စွမ်းတော့ဘူးပေါ့။ လူငယ်တွေက စိတ်သွားတိုင်း ကိုယ်ပါတယ်။ စိတ်ဆောင်သလို လုပ်နိုင်တယ်။ လူငယ်တွေရဲ့ ခွန်အားနဲ့ ခံနိုင်မှုစွမ်းရည် (သက်လုံကောင်းမှု)ကိုတော့ မမီတော့ပါဘူး။ လူငယ်တွေက တာတို၊ တာလတ်၊ တာဝေး ပြေးပွဲတွေကို ဆင်နွှဲနိုင်ပေမယ့် လူကြီးပိုင်းကတော့ " အောက်ဆီဂျင် " များများလိုအပ်မယ့် သွတ်လက်လှုပ်ရှားတဲ့ အားစကားနည်းတွေ ကိုတော့ဖြင့် မသင့်တော် တော့ပါဘူး။ လုပ်ဆောင်နိုင်စွမ်းလည်း နည်းသွားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသက်ကြီးသူတွေ အတွက် အားသာချက်တွေလည်း ရှိပါသေးတယ်။ အသက်ကြီးသူတွေဟာ ဘဝအတွေ့အကြုံတွေ များခဲ့ပြီ ဖြစ်တယ်။ အတွေးအခေါ်နဲ့ ဝေဖန်ပိုင်းခြားမှု စွမ်းရည်တွေ အားကောင်းလာတယ်။ အမှားအယွင်း နည်းနည်းနဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလာတယ်။ ဘယ်လို ကိစ္စမျိုးမဆို ပိုမိုတိကျ၊ ပိုမိုအသေးစိတ် ကျတဲ့ အကဲဖြတ်မှုတွေကို ပေးစွမ်းနိုင်တယ်။ ဒါကြောင့် တစ်ချို့ဆိုရင် သက်ပြည့် ပင်စင်ယူပြီး ပေမယ့် အဲဒီဌာနမှာပဲ အကြံပေးအရာရှိ အဖြစ်နဲ့ ဖြစ်စေ၊ နည်းစနစ်မှူး နဲ့ဖြစ်စေ ပြန်လည် တာဝန်ထမ်းဆောင် နေတာကို တွေ့မြင်ရ ပါတယ်။ ပြောရရင်တော့ ခြေစုံမြဲအောင် ရပ်နိုင်ပြီ၊ ဒွိဟ သံသယတွေ ကုန်ပြီ၊ ပြင်ပလောကရဲ့ ဖြစ်ပျက် ပြောင်းလဲမှု တွေကို မတုန်လှုပ်တော့ဘူးလို့ ဆိုလိုတဲ့ အဓိပ္ပာယ်မျိုးပဲ ဖြစ်မယ်ထင်ပါတယ်။ ဒါတွေဟာ အသက်ကြီးသူများရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။
အသက်ကြီးလာတာနဲ့ လူအိုစာရင်းထဲ သွင်းလိုက်တာမျိုးကိုလည်း သူတို့ ကျေနပ်ဟန် မရှိတာကို တွေ့ရပါတယ်။ သက်ကြီးရွယ်အိုနဲ့ ဒွန်တွဲနေတဲ့ စကားလုံး ရှိပါတယ်။ အဲဒါကတော့ "အသက်ကြီးတော့ ရောဂါများလာတယ်" ဆိုတာပါ။ ဒီလို "အသက်ကြီး" တာနဲ့ "ရောဂါများတာ" ကို အတင်းအဓမ္မ ရောထွေးပြီး မပြောဆိုစေချင်၊ မပြောဆိုသင့်ပါဘူး။ အသက်အရွယ်ရလာလို့ ခန္ဓာကိုယ်တွင်း ခုခံအားနည်းသွားတာမို့ ရောဂါနည်းနည်း ပိုလာတာနဲ့ပဲ အဲဒီစကားလုံးတွေကို တွင်တွင်ကြီး မသုံးစွဲသင့်ဘူးလို့ ထင်မိလို့ပါ။ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုတွေ အားနည်းလာတာကြောင့် ရောဂါပိုရလွယ်တာ တော့ မငြင်းနိုင်ပေမယ့် ဒီ "ရောဂါ" နဲ့ "ညီမျှခြင်း" ဆွဲဖို့ မသင့်ပါဘူးလို့ မြင်မိပါတယ်။
လူတွေမှာ "မွေး၊ အို၊ နာ၊ သေ" ဆိုတဲ့ သဘာဝနိယာမ တရားရှိပါတယ်။ ဒါပေမယ့် "အိုခြင်း" ကို အချိန်ရွှေ့ဆိုင်းလို့ ရနိုင်ပါတယ်။ "နာခြင်း" ကိုလည်း လျော့နည်းသွားအောင် ဆောင်ကျဉ်းနိုင်ပါတယ်။ ဒါမှမဟုတ် ရှောင်ကွင်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိရဲ့ နေထိုင် စားသောက်မှုတွေကို အမြဲမပြတ် သတိပြု ဂရုစိုက်ယူမှု ပဲဖြစ်ပါတယ်။ ဒီအချက်လေးက လူငယ်တွေထက် ပိုအရေးကြီးပါတယ်။ ဒီလိုဆိုရင် အသက်ကြီးရုံနဲ့ ရောဂါရမယ် ဆိုတဲ့ အတွေးမျိုး ခံစားစရာ မလိုတော့ဘူးလို့ ဆိုချင်ပါတယ်။
နောက်ဆုံးအနေနဲ့ "ငါ ကျန်းကျန်းမာမာနဲ့ အသက်ရှည်နေနိုင်သားပဲ" ဆိုတာလေးနဲ့ တင်းတိမ် မနေဘဲ " ငါတို့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ကြတယ် " လို့ ဆိုနိုင်အောင် အချင်းချင်း "နိုးဆော် အားပေး" သင့်ပါတယ်။ သက်ကြီးရွယ်အို တွေအချင်းချင်း တူညီတဲ့ အကြောင်းအရာကို ပြောဆို ဆွေးနွေးမယ်၊ ညှိနှိုင်းတိုင်ပင်မယ်၊ ပျော်ရွှင်စရာ တွေကိုမျှဝေကြမယ်၊ ၀မ်းနည်းစရာ ရှိရင်လည်း မျှဝေခံစားကြမယ်၊ အချင်းချင်း စာနာထောက်ထားကြမယ်၊ အပြန်အလှန် ရိုင်းပင်းကူညီကြမယ်၊ အဓိပ္ပာယ်ရှိတဲ့ လူမှုဝန်ထမ်းအလုပ်ကို ကူညီကြမယ်၊ အရည်အသွေးမြင့်တဲ့ ဘ၀နေထိုင်မှုမျိုးနဲ့ ရှင်သန်မယ်၊ သိပ္ပံနည်းကျတဲ့ နေထိုင်မှုပုံစံကို ထူထောင်ပြီး ဘဝဆည်းဆာကို ဆွဲဆန့်နိုင်ကြဖို့နဲ့ အချင်းချင်း အားပေးစကားတွေကြား ချို့တဲ့သွားတဲ့ ခန္ဓာစွမ်းအားတွေကို ပြန်လည် ဖြည့်တင်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.