Wednesday, November 19, 2008

[Road to Freedom] 1 New Entry: ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူများ

ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူများ

ပင်ပန်းနွမ်းနယ်မူတွေဖြေဖြောက်ဖို့
အညောင်းမိနေတဲ့စိတ်ကို အနားပေးဖို့
တနင်္ဂနွေနေ့တစ်နေ့လောက်
စိတ်အေးလက်အေးအနားယူမလား
ကမ္ဘာ့အခမ်းနားဆုံးပြတိုက်တစ်ခုခုကို
သွားလည်ရရင်ကောင်းမလား..

တိုတောင်းတဲ့ လူ့ဘ၀မှာ
လုပ်စရာတွေက သိပ်ကိုများ
ရတဲ့အချိန်နဲ့မလုံလောက်တော့ဘူး

သက်တမ်းပြည့်တာဝန်ယူပြီးသွားတဲ့
နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့
လောကအမြင်ကိုမေးစမ်းကြည့်ချင်တယ်

"ပိုက်ကွန်ထဲကရုန်းထွက်လွတ်မြောက်သွားတဲ့
ငါးတွေအကြောင်း" ဆိုတဲ့ခေါင်းစဉ်နဲ့
တံငါသည် စီမီနာတစ်ခုလောက်လုပ်ကြည့်ချင်တယ်

အိပ်မက်နဲ့လက်တွေ့ဘ၀ဟာအလှမ်းကွာဝေးနေဆဲ
အောက်ဆီဂျင်မရှိတဲ့နေ့တွေမှာလည်း
ကျနော်ဟာဆက်လျှောက်နေရဆဲ

လူကြိုက်မများတဲ့ကဗျာဆရာတစ်ယောက်
ကဗျာတွေဆက်ရေးသင့်ရဲ့လားဆိုတဲ့ကိစ္စ
မိတ်ဆွေတစ်ယောက်နဲ့ဆွေးနွေးကြည့်ဖူးတယ်

မကြေနပ်ဘူး
စိတ်တိုင်းမကျဘူး
နွေဦးကဘယ်တော့ရောက်မှာလဲ
ပီပီပြင်ပြင်မဖြစ်သေးတဲ့ဆောင်းမှာတောင်
ကျနော်ကအအေးကြိုမိနေတယ်

ယဉ်ကျေးမူများကူးလူးဆက်နွယ်သည်ပဲဆိုပါစို့
ဒေသခံတစ်ယောက်နဲ့ ဒိတ်လုပ်ကြည့်တယ်
သူ့မှာအရသာခံတတ်တဲ့ လျှာပါလာတာမသေချာဘူး
ကျနော်က အရောင်လွင့်ဂျင်းဘောင်းဘီတစ်ထည်

သူမပြောတဲ့စကားလုံးတွေကိုအရသာခံဖို့
ကျနော့်မှာ အပိုနားရွက်တစ်စုံပါမသွားခဲ့တာဆိုးတယ်
သူမသွားခဲ့တဲ့ကျောင်းရဲ့ ခမ်းနားထည်ဝါမူဟာ
ကျနော့်ကိုဖျားလောက်တယ်
ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူကတော့
သူမအတွက် အသစ်အဆန်းတစ်ခုခုဖြစ်နေမယ်ထင်ရဲ့

လကမ္ဘာပေါ်ကကျောက်တုံးနမူနာတစ်ကို
ကျနော့်လက်နဲ့ကိုင်တွယ်စမ်းသပ်ကြည့်မိတယ်
ဒိုင်နိုဆောသတ္တ၀ါတွေထက်အိန္ဒိယကရောက်လာတဲ့
စိန်တုံးကြီးကို လူတွေပိုပြီးစိတ်ဝင်စားနေတာသေချာတယ်
၁၉၆၉မှာ အပိုလို (၁၁) ထဲပါသွားတဲ့
အာကာသယာဉ်မူးနာမည် အမ်းစထရောင်းဆိုတာ ကျနော်မေ့နေခဲ့မိတယ်
နိုင်ငံတကာရှားပါးပစ္စည်းတွေက
အမေရိကားမှာဘယ်လိုဖြစ်ပြီးစုပြုံရောက်ရှိနေရတာလဲ

ကွန်ဖြူးရှပ်ကနေအဲလ်ဘတ်ကမူးအထိ
မက်ခီယာဘီလီကနေမက်ကနာယားမားအထိ
စပင်နိုဇာနဲ့ဟေရာကလိုက်တပ်
ကားလ်မက့်နဲ့ဒေးဗစ်ဟယွမ်း
ကျနော်လည်းခေသူမဟုတ်ဆိုတာသက်သေပြဖို့
ကျနော်အလွတ်ရွတ်ပြဖြစ်တဲ့ စကားလုံးများ
သူမက ကျနော့်ထက်ပိုပြီးလက်တွေ့ကျတယ်
အိုဘားမားကို ပိုပြီးစိတ်ဝင်စားပုံပြတယ်

အီရတ်ကိစ္စမှာ သူမနဲ့ကျနော် အနည်းငယ်သဘောထားကွဲကြပေမဲ့
ဗီယက်နမ်စစ်မှာ ကျနော်တို့သဘောထားချင်းတိုက်ဆိုင်ခဲ့ကြတယ်
သူမအသက်ရှူသံပြင်းပြင်းတွေမှာကျနော်ကျဆုံးသွားခဲ့ပါသလား
ကျနော့်လက်ဖ၀ါးထဲကိုင်ဆုပ်ထားတဲ့ သူမလက်ဖြူဖြူတစ်စုံကပူနွေးနေခဲ့ပြီး
သူမကိုဆုပ်ကိုင်ထားတဲ့ကျနော့်လက်တစ်စုံကအေးစက်နေကြတယ်

ယောဂလေ့ကျင့်ခန်းတွေအကြောင်း
ခန္ဒာကိုယ်ကိုစနစ်တကျထိန်းသိမ်းဖို့လိုအပ်ကြောင်း
ကျနော်တို့ဆွေးနွေးဖြစ်သေးတယ်
ကလေးတွေကိုချစ်တဲ့သူမက
အိမ်ထောင်တစ်ခုတည်ဆောက်ပြီး
ကလေးငယ်လေးတွေကိုပြုစုပျိုးထောင်ချင်တဲ့အကြောင်းပြောတဲ့အခါ
သူမရဲ့သူမတူအောင်ပွင့်လင်းမူက
ကျနော့်ကိုအရှက်ရစေတယ်
ကျနော့်ရဲ့သွေးအေးနိုင်မူက
သူမကိုစိတ်ပျက်စေမယ်ထင်တယ်

ကျနော်တို့နှစ်ယောက်ရဲ့ တနင်္ဂနွေဟာ
ဝါရှင်တန်ပြတိုက်(၂)ခုမှာ အဆုံးသတ်သွားတယ်
ကျနော်တို့နှစ်ယောက်ရဲ့ အာသာဖြေဖျောက်မူဟာ
အပြန်ရထားပေါ်မှာ တစ်ယောက်ခန္ဒာကိုယ်ထဲတစ်ယောက်
အတွင်းကျကျပူးကပ်တိုးခွေ့ရင်း မိုးချုပ်သွားတယ်

အဆုံးသတ်မှာတော့ သေချာခဲ့ပြီ
ကျနော့်ရဲ့နာတာရှည်ဝေဒနာဟာ
ဆေးမြီးတိုကုထုံးတွေနဲ့မသက်သာနိုင်တော့ဘူးဆိုတာပါပဲ

ကဲ..ရှိစေတော့
ပိတ်နေတဲ့တံခါးတွေဖွင့်ဖို့
လှောင်အိမ်ထဲကငှက်တွေလွှတ်ဖို့
လောင်မြိုက်နေတဲ့မီးတွေငြိမ်းသတ်ဖို့
ရေတစ်ပေါက်ဖြစ်စေ
နှင်းတစ်ပွင့်ဖြစ်စေ
ဟောဒီမှာ ကျနော်ရောက်လို့လာခဲ့ပါပြီ

ပရိသတ်အားပေးသည်ဖြစ်စေ
ပရိသတ်အားမပေးသည်ဖြစ်စေ
သဘာဝတရားကြီးကို တာဝန်ယူဖို့
ကျနော့်ကိုကျနော်ဆက်ချစ်နေဖို့
မဖြစ်ညစ်ကျယ်ကဗျာတွေ
ကျနော်ဆက်ပြီးရေးခြစ်နေမိဦးမယ်….။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.