Wednesday, November 19, 2008

[Nine Nine SaNay] 1 New Entry: အမေရိကား၏ ရှင်သန်ခြင်းပညာ

အမေရိကား၏ ရှင်သန်ခြင်းပညာ


၁)

ကလေးတွေကို ကိုယ့်ကိုယ်အားကိုးတတ်အောင် မွေးမြူပေးရာမှာ အပြောလွယ်သလောက် လက်တွေ့မှာ ခက်ခဲတာကို
မိဘတိုင်း နားလည်ထားကြတယ်။ တကယ်တော့ ကလေးတွေ ကိုယ့်ကိုယ် အားကိုးတတ်အောင် ပထမဆုံး သူတို့ရဲ့ တွေးခေါ်မှုကို အရင် ပျိုးထောင်သင့်တယ်။ ဒါကြောင့် အမေရိကန်လူမျိုးတွေက ကလေးတွေ စဉ်းစား တွေးခေါ်တတ်အောင် ဥာဏ်စမ်း၊ ပညာပေး .. စတဲ့ တီဗွီအစီအစဉ်တွေ ထုတ်လွှင့်ခဲ့ကြတယ်။

လူမည်း ဟာသပညာရှင် Bill Cosby တင်ဆက်တဲ့ "Kids Say the Darndest Things" ကဏ္ဍာက လူကြီးတွေကို ရယ်မောစေခဲ့သလို နက်နဲတဲ့ အတွေးတွေပါ ပေးခဲ့တယ်။

တစ်ခါက ဘီလ်ဟာ အသက် ၇နှစ် ၈နှစ်အရွယ် ကလေးမတစ်ယောက်ကို " သမီးကြီးလာရင် ဘာလုပ်ချင်သလဲ"လို့ မေးခဲ့တယ်။ ကလေးမက ယုံကြည်မှုအပြည့်နဲ့ "သမ္မတ" လို့ ဖြေလိုက်တယ်။ ပရိသတ်အားလုံး ဝါးခနဲ့ ရယ်မောကြသလို ဘီလ်လဲ အံ့သြတဲ့ အမှုအရာလုပ်ပြီး ကလေးမကို ပြန်မေးလိုက်တယ်။

"ဒီနေ့အထိ အမေရိကားမှာ ဘာဖြစ်လို့ အမျိုးသမီးသမ္မတ မရှိတာလဲ ဆိုတာကိုရော သမီးသိလား"

"အမျိုးသားတွေက သူ့ကို မဲမပေးကြလို့ပါ" ကလေးမက စဉ်းတောင် မစဉ်းစားဘဲ ချက်ချင်းဖြေလိုက်တယ်။

ပရိသတ်ဆီက ဝါးခနဲ့ ရယ်မောသံတွေ ထွက်လာပြန်တယ်။

"အမျိုးသားတွေက သူ့ကို မဲမပေးကြလို့ဆိုတာ သေချာလား သမီး"

"သေချာပါတယ်"

ဘီလ်က ရယ်သံကို ဆွဲရှည်ပြီး ပရိသတ်ဖက်ကို " ကဲ... ဒီကောင်မလေးကို မဲပေးကြမယ့် အမျိုးသားများ လက်ထောင်ပါ" လို့ အော်လိုက်တယ်။

ပွဲကြည့်ပရိသတ်ဆီက ရယ်မောသံနဲ့အတူ အမျိုးသားတစ်ချို့ လက်ထောင်ကြတယ်။

"ကြည့်စမ်း.. သမီးကို မဲပေးတဲ့လူတွေ မနည်းဘူး"

"ဒါပေမယ့် ၃ပုံ ၁ပုံတောင် မရှိပါဘူး" ကလေးမက ခပ်အေးအေး ပြန်ပြောတယ်။

ဘီလ်က မကျေနပ်၊ မယုံကြည်တဲ့ပုံစံနဲ့ "အမျိုးသားတွေအားလုံး လက်ထောင်ပါ" လို့ ပြန်အော်လိုက်တယ်။ လက်မထောင်ရင် ယောက်ျားမဟုတ်တော့ဘူးပေါ့။ ဘယ်ယောက်ျားကများ လက်မထောင်ဘဲ နေရဲမလဲ? ရယ်မောသံတွေကြားမှာ ယောက်ျားတွေအားလုံး လက်ထောင်ခဲ့ကြတယ်။

ဘီလ်က ဆက်ပြီး " ကဲ... သူ့ကို မဲပေးမယ့်လူတွေ လက်ဆက်ထောင်ထားပြီး မပေးတဲ့လူတွေ လက်ချပါ" လို့ ထပ်ကြေညာလိုက်တယ်။

ဘီလ်ရဲ့ လုပ်နည်းက ပညာသားပါလှတယ်။ ဘယ်ယောက်ျားကများ ယောက်ျားပီပီ ထောင်ထားပြီးတဲ့လက်ကို ပြန်ချတော့မလဲ? လက်ပြန်ချတဲ့လူ တစ်ချို့ရှိခဲ့ပေမယ့် သူ့ကို မဲပေးတဲ့လူက ယခင်ကထက် ပိုများခဲ့ပါတယ်။

ဘီလ်က ကျေနပ်တဲ့ပုံစံနဲ့ "ဘယ်လိုလဲ သမ္မတ? ဒီတစ်ခါတော့ ၃ပုံ ၁ပုံထက်ပိုခဲ့ပြီနော်"

ဘီလ်ရဲ့စကားအဆုံးမှာ ပရိသတ်အားလုံး ရုတ်တရက် ငြိမ်ကျသွားခဲ့တယ်။ ကလေးမ ဘာပြန်ပြောမလဲဆိုတာကို လူတွေ သိချင်နေကြတယ်။ ကလေးမလေးက ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းတဲ့ အပြုံးမျိုးမဟုတ်တဲ့ အပြုံးတစ်ခုကို မပွင့်တပွင့်ပြုံးပြီး " သူတို့ မရိုးသားကြဘူး။ သူတို့စိတ်ထဲမှာ ကျွန်မကို မဲမပေးချင်ကြဘူး" လို့ ပြန်ဖြေခဲ့တယ်။

ကလေးမအဖြေကို ကြားပြီး လူတစ်ချို့ ကြောင်အမ်းအမ်းဖြစ်ကုန်ကြတယ်။ အဲဒီနောက် ခန်းမတစ်ခုလုံး လက်ခုပ်သံ၊ အာမေဍိတ်သံတွေ ဟိန်းခနဲ့ ထွက်ပေါ်လာခဲ့တယ်။

ဒါဟာ အမေရိကားနည်းလို့ ပြောလို့ရတဲ့ ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှုတစ်ခုပဲဖြစ်တယ်။ ကိုယ်ပိုင်တွေးခေါ်မှု မရှိတဲ့ကလေးဟာ ကိုယ်အားကိုယ်ကိုးဖို့လည်း ရှိမှာ မဟုတ်ပါဘူး။ ကလေးတွေကို ကိုယ်ပိုင်အတွေးရှိဖို့ သူတို့ကိုယ်တိုင် တွေးခေါ်နိုင်တဲ့ အခွင့်အရေးတွေ ပေးရမယ်။ ဘယ်အရာက မှားသလဲ? မှန်သလဲ? လုပ်သင့်၊ မလုပ်သင့်ဆိုတာကို သူတို့ကိုယ်တိုင် ခံစားပါစေ...

၂)

တစ်နှစ်က မိတ်ဆွေ Rickရဲ့ ကလေးနှစ်ယောက် ကျွန်တော်နဲ့အတူ တရုတ်ပြည်ကို လိုက်ခဲ့ကြတယ်။ အဲဒီနေ့မနက်မှာ Rick က သူ့ပေါင်မုန့်ကားလေးနဲ့ ကျွန်တော်တို့ကို Cincinnati အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လိုက်ပို့ခဲ့တယ်။ ကျွန်တော့်ဇနီးက စကပ်တို၊ ဘောင်းဘီတို ဝတ်ထားတဲ့ ကလေးနှစ်ယောက်ကို တွေ့တာနဲ့ "အခုစီးမယ့်လေယာဉ်က ပစ္စဖိတ်သမုဒ္ဒရာကို ဖြတ်ရမယ်။ ပျံသန်းချိန် ၁၃ နာရီကြာလိမ့်မယ်။ လေယာဉ်ပေါ်မှာ အရမ်းအေးတယ်။ အတိုလေးတွေ ဝတ်ထားလို့ ဖြစ်မလား" လို့ မေးတော့ Rick က ပုခုံးကို တွန့်ပြပြီး လေယာဉ်ကွင်း မလာခင်ကတည်းက သူတို့အမေ ပြောခဲ့လည်း နားမထောင်ကြောင်း ပြောတယ်။

နောက်တော့ စောင့်ဆိုင်းခန်းမှာ ကျွန်တော့်ဇနီးက ကလေးနှစ်ယောက်ကို လေယာဉ်ပေါ်မတက်ခင် ဘောင်းဘီရှည်တွေ ဝတ်ကြဖို့ ပြောတယ်။ ကလေးတွေ မငြင်းဆန်ခဲ့ပေမယ့် ဘောင်းဘီက သေတ္တာအောက် ရောက်နေတဲ့အတွက် ထုတ်လို့ မရကြောင်း ပြောတယ်။

လေယာဉ်စပျံသန်းချိန်မှာ ကလေးနှစ်ယောက်ကို ချမ်းသလားလို့ မေးတော့ တစ်ယောက်က ခေါင်းညိတ်ပြပြီး ကျန်တစ်ယောက်က ဘာမှပြန်မဖြေခဲ့ဘူး။ ကျွန်တော့်ဇနီးက လေယာဉ်မယ်ဆီမှာ တစ်ယောက်ကို စောင်နှစ်ထည် တောင်းပေးလိုက်ရတယ်။ တရုတ်ပြည်ကနေ အမေရိကားကို ပြန်လာချိန်မှာ ကလေးနှစ်ယောက်လုံး ဘောင်းဘီရှည် ဝတ်ထားတာကို ကျွန်တော် သတိထားလိုက်မိတယ်။

"ဘယ်လိုလဲ? ဒီတစ်ခေါက် အတိုမဝတ်တော့ဘူးလား" လို့ ကျွန်တော်မေးတော့ အကြီးမက မျက်လုံးကို ပုတ်ခပ်ပုတ်ခပ်လုပ်ရင်း ရယ်နေတယ်။ အငယ်ကောင်က "စောင်နှစ်ထည်ခြုံမယ့်အစား ဘောင်းဘီရှည်ပဲ ဝတ်တော့မယ်" လို့ ပြန်ပြောခဲ့တယ်။

လူတစ်ယောက်အတွက် အပူအနွေးကို သူကိုယ်တိုင်ပဲ ခံစားသင့်တယ်။ တကယ်လို့ ကလေးတစ်ယောက်ရဲ့ အပူအအေးကိုတောင် မိဘတွေကပဲ "အဆုံးအဖြတ်" ပေးရင် ဒီကလေးရဲ့ ရှင်သန်အားဟာ ပျော့သွားလိမ့်မယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိခင်မြေခွေးရဲ့ ရှင်သန်ခြင်းပညာကို ကျွန်တော် သွားသတိရမိတယ်။

ဂျပန်ကားတစ်ကားက သားရိုင်းမြေခွေးတွေရဲ့ဘဝကို ပြသခဲ့တယ်။ အဲဒီကားထဲက အခန်းတစ်ခန်းကို ဒီနေ့ထိ ကျွန်တော် မမေ့နိုင်ခဲ့ဘူး။ မြေခွေးကလေးတွေ ကြီးပြင်းလာပြီးနောက် မြေခွေးမက ကလေးတွေကို "အဓမ္မ" အိမ်က မောင်းထုတ်ခဲ့တယ်။ သားသမီးတွေကို အရမ်းကာကွယ်ပေးတတ်တဲ့ မြေခွေးမဟာ ရူးသွားသလား ထင်ရလောက်အောင် အိမ်ထဲဝင်လာတဲ့ မြေခွေးလေးတွေကို လိုက်လံကိုက်ဖြတ် မောင်းထုတ်ခဲ့တယ်။ အမြီးကုတ်ပြီး ဦးတည်ရာ ပြေးထွက်သွားကြတဲ့ မြေခွေးငယ်တွေကို ကြည့်ပြီး ကျွန်တော်ရင်တွေ နာကျင်လာမိတယ်။

ဘယ်လောက်တောင် ရက်စက်တဲ့ ရှင်သန်မှု ပြိုင်ပွဲလဲ? ဘယ်လောက် ကြေကွဲစရာကောင်းသလဲ? ဒါပေမယ့် ဒါဟာ ရှင်သန်ဖို့အတွက် အသိဥာဏ်ရှိတဲ့ သင်ကြားမှုတစ်ခုဖြစ်တယ်။ ကျွန်တော်လည်း "မိခင်မြေခွေး" တစ်ခါ ဖြစ်ခဲ့ဖူးတယ်။

ပထမဆုံးအကြိမ် သားနဲ့အတူ Cincinnati အဝေးပြေးလမ်းမပေါ် ကားပတ်မောင်းတုန်းက မိုးအကြီးအကျယ် ရွာတာနဲ့ ကြုံခဲ့ရတယ်။ မိုးတွေက ခြိမ်း၊ လျှပ်စီးကလက်နဲ့ စက္ကန့်တိုင်းဟာ အန္တရာယ်နဲ့ ပြည့်နေခဲ့တယ်။ သားရဲ့ ဘေးကင်းလုံခြုံမှုအာရုံက တစ်စက္ကန့်၊ တစ်စက္ကန့်ချင်း စုနေတယ်ဆိုတာကို ကျွန်တော်သိတယ်။ နောက်ဆုံး အဝေးပြေးလမ်းပေါ်က ဆင်းပြီး ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ သားကို ကားရပ်ခိုင်းလိုက်တယ်။ ကားပေါ်မှာ ကျွန်တော်တို့ ခဏလဲအိပ်လိုက်ကြတယ်။ အန္တရာယ်ရှိမှန်း သိရက်နဲ့ သားကို ကားမောင်းခိုင်းတာ တန်ခဲ့ပါတယ်။ မိဘတွေက အလိုလိုက်ကာကွယ်လေ သားသမီးတွေရဲ့ ကိုယ့်အားကိုယ်ကိုးချင်စိတ်က လျှော့နည်းလေ ရှင်သန်အားက ပျော့လေပါပဲ။ ဒါကို မိခင်မြေခွေးမက ကြိုသိခဲ့တယ်။ လူတွေရဲ့ အသိဥာဏ်က မြေခွေးတစ်ကောင်လောက်တောင် မရှိခဲ့ဘူးလား?

၃)

"ငွေကြေး" ပညာပေး သင်ကြားမှုနဲ့ ပတ်သက်ပြီး ကလေးတွေရဲ့ ရမှတ်နဲ့ မိဘတွေ ဆုချီးမြှင့်ပုံက မတူညီကြပြန်ဘူး။ အမေရိကန် မိသားစုမှာ အိမ်အလုပ်ကူတဲ့ ကလေးကို မိဘတွေက လုပ်အားခ ချီးမြှင့်တတ်ကြတယ်။ အိမ်အလုပ်ကို ကလေး ငယ်ရွယ်စဉ်ကတည်းက ခွဲဝေပေးထားပြီး အပေးအယူ လုပ်ခဲ့ကြတယ်။ ဘယ်လောက်လုပ်ရင် ဘယ်လောက်ပေးမယ်လို့ လုပ်အားခကို သတ်မှတ်ထား တတ်ကြသလို အိမ်အလုပ် မလုပ်သူကို လုပ်အားခ နုတ်ယူတတ်ကြတယ်။

ဥပမာပြရရင် မိတ်ဆွေ ဒေါက်တာတစ်ဦးရဲ့သား Cody ဟာ မနှစ်ကမှ အသက်၆နှစ် ပြည့်တယ်။ သူ့ရဲ့ အလုပ်က အိမ်မှာရှိသမျှ အမှိုက်တွေကို စုပြီး အိမ်နောက်ဖေး အမှိုက်ပုံးမှာ သွားပစ်ဖို့ဖြစ်တယ်။ တစ်ပတ်ရဲ့"လုပ်အားခ" က ၁ဒေါ်လာဖြစ်တယ်။ သူတို့အိမ်မှာ အခန်းကြီးကြီးငယ်ငယ် ၁ဝခန်းလောက်ရှိတယ်။ အမှိုက်ခြင်း ၁ဝခုရှိတယ်။ အခန်းတိုင်းကို ဝင်ပြီး အမှိုက်သွန်ရတယ်။ ၁ဒေါ်လာရဖို့အတွက် သိပ်မလွယ်ကူခဲ့ဘူး။

တစ်ခါက Cody ကို ကျွန်တော်က "ပိုက်ဆံ ဘယ်လောက်စုမိပြီလဲ?" လို့ တိုးတိုးတိတ်တိတ် မေးတော့ ဂုဏ်ယူဝင့်ကြွားဟန်နဲ့ "၄၃ ဒေါ်လာရှိပြီ" လို့ ကျွန်တော်ကို လေသံနဲ့ ပြန်ဖြေခဲ့တယ်။ ဝှက်ထားတဲ့ နေရာကိုလည်း ကျွန်တော့်ကို ပြောပြခဲ့တယ်။

Cody ရဲ့ဖခင် ဒေါက်တာကို " ဘာဖြစ်လို့ ဘဏ်မှာ စုမထားပေးသလဲ" လို့ ကျွန်တော်မေးတော့ "သူ့နာမည်နဲ့ ဘဏ်အကောင့် ဖွင့်ထားတယ်။ ဒါပေမယ့် များတဲ့ငွေကိုပဲ သူ့ရှေ့ရေး၊ ပညာရေးအတွက် စုပေးခဲ့တယ်။ ဒီ ငွေနည်းနည်းလေးကိုတော့ သူ့ဘာသာသူ သိမ်းထားပါစေ။ ဘဏ်ထဲထည့်ထားပေးရင် ကလေးက ကိန်းဂဏန်းအမြင်တွေ မရှိတော့ဘူး။ ကိုယ်တိုင် သိမ်းထားပြီး တစ်ကျပ်၊ တစ်ကျပ်ချင်း ပေါင်းသွားပါစေ။ သူတို့လဲ မြင်နိုင်တယ်၊ ကိုင်နိုင်တယ်၊ အားရင်အားသလို ရေတွက်ကြည့်နိုင်တယ်လေ။ ဒါမှ တိုးလာတဲ့တန်ဖိုးကို ကြည့်ပြီး အလုပ်လုပ်ရာမှာ သူတို့ အားပိုရှိမှာ...."

ဒေါက်တာမှာ သားလေးယောက်ရှိတယ်။ ကလေးတိုင်း မွေးလာတာနဲ့ ကလေးတွေအတွက် ဒေါ်လာ ၁ဝဝဝကျစီ ဘဏ်မှာအကောင့်ဖွင့်ထားပေးတယ်။ ကလေးတွေ မသိနားမလည်သေးတဲ့ အရွယ်မှာ "သူတို့ကိုယ်ပိုင်" ငွေကြေးတွေကို ကူညီထိန်းသိမ်းပေးတယ်။ မိတ်ဆွေ၊ ဆွေမျိုးတွေဆီက ရတဲ့ ငွေကြေး၊ လုပ်အားခ၊ ဂုဏ်ပြုချီးမြှင့်ခ၊ မိဘတွေက လစဉ်ပေးသုံးငွေ စတဲ့ ငွေကြေးတွေဖြစ်တယ်။

စုထားတဲ့ ငွေကြေးတွေ စတော့ရှယ်ယာ ဝယ်ယူနိုင်လောက်အောင် စုမိပြီဆို မိဘတွေက ကလေးအတွက် စတော့ရှယ်ယာတွေ ဝယ်စုထားပေးတယ်။ ကလေးလေးယောက်လုံး မွေးဖွားလာစကနေ ဒီနေ့အထိ စတော့ကုမ္ပဏီမှာ ကိုယ်ပိုင်အကောင့်ကိုယ်စီ ပိုင်ဆိုင်နေခဲ့ကြပြီ။ ကိုယ်ပိုင် ပညာရေးရံပုံငွေစတော့တွေ ဝယ်ယူထားကြသေးတယ်။ ဒီလိုစတော့တွေက အခွန်ငွေ ပေးဆောင်စရာမလိုတဲ့ ဝန်ဆောင်မှုတွေ ရှိတယ်။

ဒီလိုနဲ့ နေ့လစုဆောင်းပြီး ကလေး ၁၈နှစ်ပြည့်တာနဲ့ သူတို့ရဲ့ ကြီးမြင့်တဲ့ ကျောင်းလခကို ပေးဆောင်နိုင်မှာဖြစ်တယ်။ ဒေါက်တာရဲ့ အကြီးဆုံးသားနှစ်ယောက်က ၁၃နှစ်နဲ့ ၁၁ နှစ်ဖြစ်တယ်။ သူတို့ရဲ့ ကိုယ်ပိုင် ငွေစုစရင်း၊ စတော့စရင်းတွေကို ကောင်းကောင်း နားလည်တတ်ကျွမ်းနေပါပြီ။

စိတ်ပါတဲ့နေ့ဆိုရင် ကုမ္ပဏီက လစဉ်ပို့လာပေးတဲ့ စတော့စာရင်းဇယားတွေကို အစအဆုံးကြည့်ပြီး ဆွေးနွေးနေတတ်ကြတယ်။ စတော့ဈေးကွက် အတက်အကျကိုလည်း စိတ်ဝင်စားနေတတ်ကြတယ်။

သားအကြီးတစ်ယောက် နွေရာသီကျောင်းပိတ်တုန်းက ဘောလုံးဒိုင်လူကြီး လုပ်ခဲ့တဲ့အတွက် "ဝင်ငွေတစ်ချို့" ရခဲ့တယ်။ ရတဲ့ငွေကြေးတစ်ဝက်ကို မိဘတွေက "အတင်း" ဘဏ်မှာစုခိုင်းစေပြီး ကျန်တစ်ဝက်ကို ကိုယ်တိုင် ထိန်းသိမ်းထားစေခဲ့တယ်။ ရတဲ့ငွေနဲ့ ပစ္စည်းတွေ သူလျှောက်ဝယ်ခဲ့တယ်။ သူငယ်ချင်းတစ်ချို့ကိုလည်း အိမ်ခေါ်လာ ဆော့ကစားခဲ့လို့ ဆိုဖာထိုင်ခုံတစ်ခု မတော်တဆ ပျက်ဆီးသွားခဲ့ရတယ်။ ပျက်ဆီးသွားတဲ့ ဆိုဖာကို ကိုယ်ပိုင်ပိုက်ဆံနဲ့ ပြင်ပေးခဲ့ရတယ်။ ငွေကြေးသာ မရှိခဲ့ရင် နောင်နောက်တစ်ခုခု ပျက်ဆီးသွားရင် ဘယ်လိုလုပ်မလဲ? ပြင်ဆင်ခတွေ အတော်အတန် ကုန်ကျပြီးနောက် ငွေပိုစုသင့်ကြောင့် သူနားလည်ခဲ့တယ်။ ငွေကြေးတွေကို စီမံအုပ်ချုပ်တဲ့ ပညာကလည်း ရှင်သန်ခြင်းပညာရဲ့ တစ်ပိုင်းတစ်စဖြစ်တယ်။ ဒါကြောင့် အမေရိကား ကျောင်းတွေက "ငွေကြေး" ပညာပေးသင်ကြားမှုကို အလေးထားခဲ့ကြတယ်။ ကလေးတွေကို စာတွေ့ဘဝကနေ လက်တွေ့ဘဝကို ခေါ်ဆောင်ခဲ့ကြတယ်။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။


မူရင်းရေးသားသူ 黄全愈 (Haung Chan Yi)
မူရင်း http://news.xinhuanet.com

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.