Wednesday, November 19, 2008

[We She Me] 1 New Entry: နိုင်ငံခြားကို အထင်မကြီးသူများ

နိုင်ငံခြားကို အထင်မကြီးသူများ

ကျွန်တော် အမေရိကားက ပြန်လာတော့ ရပ်ကွက်ထဲမှာ အသိ အဒေါ်ကြီး တစ်ယောက်က "ဟဲ့..နင် အခုမှ နိုင်ငံခြားက ပြန်လာတယ်ဆို။ AIDS စစ်ပြီးသွားပြီးလား။ ဟိုဘက်လမ်းက သီဟတစ်ယောက်တော့ မလေးရှားက ပြန်လာတာ ဆေးစွဲပြီး AIDS ကူးလာလို့" တဲ့။ ကျွန်တော် ဘာပြန်ပြောလို ပြောရမှန်း မသိအောင် ဖြစ်သွားတယ်။ သူတို့ အသိုင်းအ၀ိုင်းမှာက ဒီလို လူတွေများတော့ ကျွန်တော်ကို ဒီလို လာမေးတာ သူ့အတွက်တော့ မဆန်းပါဘူး။ ကျွန်တော်ကလည်း ဒီလို ရပ်ကွက်ထဲမှာ နေတာကိုး။ တကယ်တော့ လူတွေက နိုင်ငံခြားကို အထင်မကြီးကြတတ်ပါဘူး။ ဒီလို အထင်မကြီးရခြင်း အကြောင်းအရင်းကလည်း သေသေချာချာ ဂဃနဏ မသိသေးလို့လည်း ဖြစ်နိုင်သလို အသိုင်းအ၀ိုင်း အတွေ့အကြုံကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စပြောရမယ် ဆိုရင်တော့ အမေရိကား၊ အင်္ဂလန်၊ ကနေဒါနဲ့ သြော်ဇီတို့လို နိုင်ငံတွေမှာ ရောက်နေတဲ့ ဗမာများကတော့ စင်္ကာပူကို အထင် မကြီးချင်ကြပါဘူး။ ဒီလို အထင် မကြီးကြသူတွေ ထဲမှာတော့ စင်္ကာပူကို Step stone လုပ်ပြီးမှ စင်္ကာပူကနေ တဆင့် သွားကြတဲ့ သူများတွေ မပါတတ်ပါဘူး။ ဒါကလည်း ၂ မျိုး ဖြစ်နိုင်ပါတယ်။ စင်္ကာပူ အကြောင်း ကောင်းကောင်းသိလို အထင်မသေးတာလည်း ဖြစ်နိုင်သလို စင်္ကာပူက ထွက်သွားတဲ့သူက ထွက်သွားတာမှ မကြာသေးဘူး စင်္ကာပူအကြောင်း အဆိုးပြောလို့ မကောင်းတာလည်း ဖြစ်နိုင်တယ်။

နိုင်ငံကြီးတွေ ရောက်ပြီးမှ စင်္ကာပူ လာဖို့ဆိုတာ သူတို့အတွက် အိပ်မက်ထဲတောင် ထည့်မက်တာမျိုး မဟုတ်ပါဘူး။ ဥပမာ ဒီလို နိုင်ငံတွေမှာ ကျောင်းတက်ပြီးမှ စင်္ကာပူမှာ အလုပ်လာလုပ်ဖို့ဆိုတာကို Option တစ်ခု အဖြစ် မစဉ်းစားတတ်ကြပါဘူး။ ဒါကလည်း နိုင်ငံကြီးတွေမှာ အဲဒီနိုင်ငံက စရိတ် ကြီးကြီးနဲ့ ကျောင်းတက်လာတာ ဆိုတော့ စင်္ကာပူ လစာနဲ့ဆို အရင်း ကြေမှာ မဟုတ်လို့ပါ။ အင်ဒိုနီးရှားက သူတွေကတော့ သြော်ဇီမှာ ကျောင်းတက် စင်္ကာပူမှာ ၁နှစ် ၂နှစ်လုပ်ပြီးမှ သြော်ဇီမှာ အလုပ်ပြန်လာ လုပ်ကြတယ်။ Fresh Grad တွေအတွက် အလုပ် ရှာခက်တဲ့ သြော်ဇီမှာတော့ ဒီလို လုပ်တာ အဆင်ပြေပါတယ်။ သြော်ဇီ၊ အင်္ဂလန်၊ ကနေဒါကျောင်းဆင်း ဆိုရင်လည်း စင်္ကာပူမှာ အလုပ်ရလွယ်တယ်။ (စင်္ကာပူက ထိပ်တန်း ကျောင်းတွေ ဖြစ်တဲ့ NUS SMU ဆင်းတွေလောက်တော့ အဆင့်မြင့် ရာထူးတွေ မဟုတ်ဘူးပေါ့) ပြီးတော့ သြော်ဇီကလည်း စင်္ကာပူ အတွေ့အကြုံရှိဆို အတော်အတန် အဆင်ပြေတယ်။ သြော်ဇီမှာပဲ မဟုတ်ပါဘူး။ အမေရိကားမှာလည်း စင်္ကာပူ အတွေ့အကြုံရှိဆို အတိုင်းအတာ တစ်ခုအထိ လက်ခံတယ်။ သူတို့ကတော့ စင်္ကာပူကိုဆိုရင် Utopia လေးလို့ သဘောထားတတ်ကြတယ်။

နိုင်ငံကြီးတွေကနေ ပြောင်းလာပြီး အလုပ် လာလုပ်ဖို့လောက် ထိတော့ စင်္ကာပူကို အထင်ကြီးစရာ မလိုပါဘူး။ ဒါပေမယ့် နိုင်ငံကြီးတွေမှာ နေပြီး စင်္ကာပူကို အထင်သေးနေရတာကတော့ စင်္ကာပူအကြောင်း မသိလိုလည်း ဖြစ်နိုင်သလို စင်္ကာပူက အဆင်မပြေတဲ့ မြန်မာတချို့အကြောင်းပဲ သိလို့လည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ စင်္ကာပူကလူတွေရဲ့ ပုံမှန် ၀င်ငွေက နိုင်ငံကြီးတွေရဲ့ ၀င်ငွေကို မမီလို့ပါ။ အဲဒီအချက်နဲ့တင် အထင်ကြီးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါက အမြင်သာဆုံး တိုင်းတာနည်းကိုး။ ဒါပေမယ့် စင်္ကာပူမှာနေတဲ့ မြန်မာတွေ ပျော်ပျော်ကြီး နေကြတာကိုတော့ မနေဖူးရင် မသိနိုင်ပါဘူး။ စင်္ကာပူမှာ နေရတာ ဘာနဲ့ တူသလဲ ဆိုတော့ တိုးတက်တဲ့ (နောင် အနှစ် ၃၀မှာ ဖြစ်လာနိုင်ကောင်းတဲ့) ရန်ကုန်မှာ နေရသလိုပါပဲ။ ဗမာသူငယ်ချင်းတွေ အမျိုးတွေနဲ့ အလွယ်တကူ တွေ့ဆုံနိုင်တယ်။ စားစရာ သွားစရာတွေက ရန်ကုန်မှာ လိုလိုပဲ။ နိုင်ငံခြားမှာနေရတယ် ဆိုတဲ့ Stress က စင်္ကာပူမှာ သိပ်မရှိပါဘူး။ အထီးကျန် ဆန်တယ်ဆိုတာတော့ လုံးဝ မရှိပါဘူး။

နောက်ပြီး စင်္ကာပူမှာနေတဲ့ သူတွေရဲ့ အားသာချက်ကတော့ မိသားစုဝင်တွေ (ညီအစ်ကို မောင်နှမတွေ)ကို အခြေချဖို့ ခေါ်နိုင်တာပါပဲ။ နိုင်ငံကြီးတွေက မခေါ်နိုင်ဘူးရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စင်္ကာပူလောက်တော့ မလွယ်တာ အမှန်ပဲ။ အထူးသဖြင့် ကိုယ်မိသားစုဝင်တွေက လျှမ်းလျှမ်းတောက် တော်နေတဲ့ သူတွေမဟုတ်ရင် ဒီလို နိုင်ငံကြီးတွေကို ခေါ်ဖို့ ပိုမလွယ်ဘူး။ Survive မဖြစ်နိုင်ဘူး။ တစ်ယောက် ရောက်ပြီး အချိန်တို အတွင်း မိသားစု တစ်စုလုံး စင်္ကာပူမှာပဲ အခြေချလိုက်နိုင်တဲ့ သူတွေကလည်း အများကြီးပါ။ သူတို့ အတွက်ကတော့ စင်္ကာပူက ကိုယ့်အိုး ကိုယ့်အိမ်လို ဖြစ်နေပါပြီ။ ကျွန်တော်တို့ စင်္ကာပူမှာ နေတုန်းက အမြဲတမ်း အမေးခံရတယ်။ ဘာဖြစ်လို့ စင်္ကာပူမှာ နေနေသေးလဲ။ တခြားကို မသွားဘူးလားတဲ့။ ကိုယ်ကလည်း ကိုယ့်အကြံနဲ့ကိုယ်။ ညီတွေ ညီမတွေကို ခေါ်ရဦးမှာမို့ ဒီမှာ နေဦးမယ်လို့ ပြန်ပြောရတယ်။

ဒီလို နိုင်ငံကြီးတွေက လူတွေမှ စင်္ကာပူကို အထင်မကြီးတာ မဟုတ်ပါဘူး။ စင်္ကာပူက လူတွေ ကိုယ်တိုင် စင်္ကာပူကို အထင်မကြီးတတ်ကြပြန်ဘူး။ ဥပမာ စင်္ကာပူက တင်းကျပ်တယ်တို့ ဘာတို့ ဖြစ်လာကြတယ်။ (ဆောတီး ကိုပေါ တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ ဟီးဟီး ) ကျွန်တော် စင်္ကာပူမှာ တွေ့ဖူးတဲသူတချို့ကလည်း စင်္ကာပူ မကောင်းကြောင်းကို လှိုင်လှိုင်ပြောနေတော့တာပဲ။ စင်္ကာပူမှာနေပြီး စင်္ကာပူကို စိတ်နာတဲ့ သူတွေကတော့ အလုပ်အကိုင် အဆင်မပြေလို့ကတော့ ခပ်များများပါ။ နိုင်ငံရေးကြောင့်လည်း မကြိုက်တဲ့သူနည်းနည်းနဲ့လည်း ကြုံဖူး စကားပြောဖူးပါတယ်။ သူတို့ကျတော့လည်း ကိုယ့်လို စင်္ကာပူကို အပေါ်ယံပဲ သိတာမဟုတ်ဘဲ အတွင်းကျကျ သိလို့လည်း ဖြစ်နိုင်တယ်လောက်ပဲ တွေးနိုင်တယ်။ ဒီထက်ပိုပြီးတော့လည်း နားမလည်နိုင်ဘူး။ အထင်ကြီးတယ် မကြီးဘူးဆိုတာ ဘာမှ မသိလို့လည်း ဖြစ်နိုင်သလို၊ နည်းနည်းပဲ သိလို့လည်း ဖြစ်နိုင်သလို အူမချေးခါးအထိ သိလို့လည်း ဖြစ်နိုင်တာပဲ။

ဒါကြောင့် စင်္ကာပူမှာ အနေကြာပြီး စင်္ကာပူကို အထင်မကြီးတာကို နားလည်ပေးနိုင်တာပဲ။ မြန်မာပြည်ကနေ စင်္ကာပူကို အလုပ်လာရှာတဲ့သူတွေက စင်္ကာပူကို အထင်မကြီးတာတော့ နားလည်ရခက်တယ်။ စင်္ကာပူတောင် မရောက်သေးဖူး (ဒါမှမဟုတ် စင်္ကာပူရောက်တာ လပိုင်းပဲ ရှိသေးတယ်) ငါက စင်္ကာပူမှာ လုပ်ချင်တာ မဟုတ်ဘူး။ အမေရိကား၊ အင်္ဂလန်မှာပဲ လုပ်ချင်တာဆိုပြီး။ ဆရာဝန်တွေလိုမျိုးဆိုရင်တော့ ထားပါ။ (တကယ်တော့ သူတို့လည်း နိုင်ငံကြီးတွေမှာ လုပ်ဖို့ လွယ်လှတာ မဟုတ်ဘူး။ ပထမ ၃နှစ်လောက် ရင်းနိုင်မှ အဆင်ပြေတာမျိုး)။ ဒီလိုလူတွေကို အကြံပေးချင်တာကတော့ လာပြီး အဆင်ပြေအောင် အရင် လုပ်ပါ။ စင်္ကာပူမှာ ပျော်ပျော်လေး ၂နှစ် ၃နှစ်လောက်နေပြီး တခြားနိုင်ငံကို ကူးပေါ့။ စင်္ကာပူကနေဆိုရင် ကမ္ဘာအနှံ့ အချိတ်အဆက် လုပ်ဖို့ ရန်ကုန်ကထက်တော့ အများကြီး သာပါတယ်။ ပြီးတော့ နေရတဲ့ ၂နှစ် ၃နှစ်ကိုလည်း မချစ်သော်လည်း အောင့်ကာနမ်းသလိုမျိုး မဟုတ်ဘဲ ပျော်ပျော်ကြီးနေမည်ဆို နေလို့ ကောင်းတာမျိုးပါ။

စင်္ကာပူ ဇာတ်လမ်းကို ဒီမှာ ရပ်ပြီး မလေးရှားဘက် လှည့်ဦးမယ်။ စင်္ကာပူက အများကြီး တော်ပါသေးတယ်။ မလေးရှားမှာလို့ ပြောလိုက်ရင် လုံးဝကို အထင်မကြီးကြတာ။ ဒါကလည်း မလေးရှားမှာ ရောက်နေတဲ့ ဗမာတွေမှာ အလုပ်ကြမ်း လုပ်နေရတဲ့သူတွေအချိုးနဲ့ အဆင်ပြေပြေနေရတဲ့ သူတွေ အချိုးက အတော် ကွာဟနေလို့ပါပဲ။ မလေးရှားက စက်ရုံတစ်ခုမှာ လုပ်ဖူးတဲ့ ကျွန်တော်ညီအစ်ကို တ၀မ်းကွဲတွေ အကြောင်းတို့ အသိတချို့ အကြောင်းတို့ ကြားဖူးသလို မလေးရှားမှာ မိသားစုနဲ့ အခြေကျနေတဲ့ သူတွေ အကြောင်းလည်း ကြားဖူးထားတော့ မလေးရှားကိုလည်း အထင်ကြီးတယ် အထင်သေးတယ် မရှိပါဘူး။ ယျေဘုယျအားဖြင့်တော့ တော်တော်များများက မလေးရှားကိုဆို အထင်မကြီးချင်ကြဘူး။

တဖန် စင်္ကာပူကလူတွေကလည်း (စင်္ကာပူ နိုင်ငံသားတွေကနေ ခေတ္တလာနေသူအချို့ အထိ) အမေရိကားတို့ အထူးသဖြင့် သြော်ဇီတို့ကို အထင်မကြီးပြန်ဘူး။ စင်္ကာပူ နိုင်ငံသား တစ်ယောက်က သူ နယူးယောက်ကို သွားတာ အမှိုက်တွေ၊ ကြွက်တွေနဲ့ ညစ်ပတ်နေတာပဲတဲ့။ စင်္ကာပူမှာလိုလည်း သွားရေး လာရေး အဆင်မပြေဘူးတဲ့။ စင်္ကာပူက MRT ရထားတွေ ဆိုဘယ်လောက် ကောင်းပြီး ဘယ်လောက် သန့်ရှင်းလိုက်သလဲတဲ့။ စင်္ကာပူကလူတွေ အထူးသဖြင့် ပြောကြတာကတော့ လုံခြုံမှု မရှိဘူးတဲ့။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလောက် အဆိုးကြီး မဟုတ်ပါဘူး။ တကယ်တော့ ဘိုတွေက တရုတ်တွေထက် ပိုပြီးတောင် အသန့်ကြိုက်ပြီး သန့်အောင် နေတတ်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်ပေါ့။ Public နေရာတွေကတော့ မသန့်ပါဘူး။

ကျွန်တော် သြော်ဇီ မလာခင်ကလည်း စိတ်ထဲမှာ သြော်ဇီရောက်ရင် အလုပ်ရှာရ လွယ့်ပါ့မလားလို့ပဲ ထင်နေတယ်။ သြော်ဇီမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ စင်္ကာပူ နိုင်ငံသားတွေ၊ မလေးတွေ၊ မြန်မာတွေက သြော်ဇီမှာ အလုပ်ရှာရ အင်မတန် ခက်ကြောင်းပဲ ပြောနေတာ ကြားနေရတာကိုး။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူနိုင်ငံသား မိသားစု တစ်စုက သြော်ဇီကို ပြောင်းရွှေ့နေထိုင်တာ ဒီမှာ အဆင်မပြေလို့ ကလေး ၂ယောက်ကို အိပ်ဆေးတွေ တိုက်ပြီးသတ်ပြီးတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့ လုပ်ကြတာ။ ကလေးတွေကို ဆေးတိုက်ပြီးတော့မှ စိတ်ပြောင်းသွားလို့ ကလေးတွေကို ဆေးရုံကို သယ်သွားကြတာ။ ဒါတွေကြားပြီး သြော်ဇီက ဟန်မှ ဟန်ပါ့မလား တွေးပူမိသေးတယ်။

တကယ်တော့ သူတို့နဲ့ ကိုယ်တို့မှ မတူတာ။ စင်္ကာပူ နိုင်ငံသားတွေဆိုတာ မွေးကတည်းက သူ့နိုင်ငံမှာ သူ အဆင်ပြေပြေ နေလာတာ။ သူတို့က တခြားနိုင်ငံမှာ မိကွဲ ဖကွဲ ရုန်းကန်ဖို့လောက်ကြတော့ ကိုယ်တို့လောက်မှ ကြံကြံမခံနိုင်တာ။ သူတို့ ပြောတာတွေ ကြားပြီး သြော်ဇီက Survive ဖြစ်ဖို့ မလွယ်ဘူးတို့၊ အမေရိကားက ညစ်ပတ်ပြီး Crime များတယ်တို့ကို နားယောင် တတ်ကြတယ်။ အထူးသဖြင့် စင်္ကာပူမှာ လစာလေး နည်းနည်းကောင်းနေရင် ဒီလို နိုင်ငံတွေကို သွားဖို့ ခါးခါးသီးသီး ငြင်းချင်ကြတယ်။ တချို့ကတော့လည်း အထင်ကြီးတယ် မကြီးဘူး မဟုတ်ပါဘူး။ ကိုယ်အဆင်ပြေနေရင် ပြီးတာပဲ ဘယ်မှ ပြောင်းရွှေ့နေစရာ မလိုဘူးလေ။ သူတို့ကို ဆိုလိုတာ မဟုတ်ပါဘူး။

သြော်ဇီမှာတော့ စင်္ကာပူက MRT လိုမျိုး Public Transport ကောင်းကောင်းတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဆိုးဆိုးရွားရွားကြီးလည်း မဟုတ်သလို ကိုယ့်ကားနဲ့ ကိုယ်သွားလာတာတွေလည်း ရှိတာပါပဲ။ စားတာသောက်တာ နေတာထိုင်တာလည်း စင်္ကာပူထက် နည်းနည်း အဆင့်တန်း မြင့်မြင့် နေနိုင်တယ်။ ဒါက ကိုယ့် ကိုယ်တွေ့ကို ပြောတာပါ။ မိသားစု ဘ၀ ရှေ့ရေးပိုကောင်းတယ် ထင်တယ်။ ပြီးတော့ Discrimination ရှိတယ်ဆိုပြီး စင်္ကာပူက လူတွေက ကြောက်တတ်တယ်။တကယ်တော့ ဒီမှာကမှ နိုင်ငံသားနဲ့ PR နဲ့ဆို မခွဲခြားသလောက်ပဲ။ စင်္ကာပူမှာကတော့ PR ဆိုတာ သက်တမ်းမြင့် Visa လိုလို ဖြစ်နေတာကိုး။ သူတို့ ပြောတဲ့ Discrimination က တကယ်တော့ အဖြူတွေက အာရှသားတွေကို ခွဲခြားဆက်ဆံတာကို ပြောချင်တာပါ။ ဒီလိုမျိုးတော့ ဆိုးဆိုးရွားရွားကြီး မကြုံဖူးပါဘူး။ မြန်မာပြည်မှာတောင် တရုတ်တွေ၊ ကုလားတွေကို နည်းနည်းDiscriminate လုပ်တာတွေ ရှိသေးတာပဲ။ 

အမေရိကားတို့ အင်္ဂလန်တို့က လူတွေကလည်း သြော်ဇီဆို အထင်မကြီး ပါဘူး။ ဒါကလည်း သူတို့နဲ့ ယှဉ်ရင် သြော်ဇီက နောက်မှာကိုး။ တကယ်တော့ ဒါက နိုင်ငံ အနေနဲ့ ယှဉ်ရင်ပါ။ မိသားစု အနေနဲ့ ယှဉ်ရင်တော့ Lifestyle က ကွာလှတယ် မဟုတ်ပါဘူး။ သာမန် မိသားစုတွေ အတွက် ပညာရေး၊ ကျန်းမာရေးကလည်း ရင်ဘောင်တန်းနိုင်တာပါပဲ။ အမေရိကားတို့၊ အင်္ဂလန်တို့မှာလိုတော့ Oxford တို့ MIT တို့တော့ သြော်ဇီမှာ မရှိဘူးပေါ့။ ဒါပေမယ့် အမေရိကားမှာ အင်္ဂလန်မှာနေလည်း ဒါတွေ တက်နိုင်ဖို့ လွယ်တာမှ မဟုတ်ပဲ။ တကယ်တော့လည်း သြစတြေးလျက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ နာမည်ကြီးတဲ့သူ အရှိန်အ၀ါကြီးတဲ့သူ မဟုတ်ပြန်ဘူး။ ပြောရမယ်ဆိုရင်တော့ ထိပ်တန်းတော့ မဟုတ်ဘူးပေါ့။ ဒါကြောင့် ထိပ်တန်း နိုင်ငံက သူတွေက အထင်မကြီးတာ မဆန်းပါဘူး။

သြော်ဇီက လူတွေကလည်း အမေရိကားတို့ဘာတို့ ကို အထင်မကြီးပြန်ဘူး။ အမေရိကားမှာက နယူးယောက်လိုမျိုးမှာ နေတော့လည်း ကျဉ်းကျဉ်းကျပ်ကျပ် နေရတယ်။ ကျယ်ကျယ်ပြန့်ပြန့် နေရတော့လည်း City နဲ့ အတော်အတန် ဝေးတဲ့ နေရာတွေမှာ နေရတယ်။ မြို့ကြီးတွေမှာ ဖြစ်နိုင်သလို မြို့သေးသေးတွေမှာလည်း နေရတာ ဖြစ်နိုင်တယ် ဆိုပြီး။ ဒါကလည်း အမေရိကားမှာက မြို့ကြီးတွေက ၂၀-၃၀ ကျော် ရှိပြီး မြို့ခပ်လတ်လတ်တွေက ရာနဲ့ ချီ ရှိတာကိုး။ သြော်ဇီမှာကတော့ မြို့ကြီးတွေက ရေတွက်မယ်ဆို လက်တစ်ဖက်နဲ့ ရေလို့ရတယ်လေ။

နောက်ပြီး သြော်ဇီ PR ကို အမေရိကားက H1 လောက်ကိုဆိုရင် မလဲနိုင်ဘူး ဆိုတာမျိုး။ H1 က အခန့်မသင့်ရင် ပြည်တော်ပြန်ရနိုင်တယ်လေ။ PR သမားကတော့ ပိုက်ဆံ ပေါလို့ အလုပ်မလုပ်ဖူးဆိုရင်လည်း ရတယ်။ ဒါကလည်း တကယ်တော့ စာအုပ်ပေါ်မှာပါ။ အမေရိကားမှာ အဆင်မပြေလို့ ပြန်လာရတဲ့ H1 ဗီဇာသမားဆိုတာ မရှိသလောက် ရှားတာပါပဲ။ Green Card ရသွားတဲ့ အထိ အဆင်ပြေအောင် နေနိုင်သွားကြတာပါပဲ။ စင်္ကာပူမှာ နေပြီး Agent တွေနဲ့ H1 လျှောက်ဖို့ လမ်းကြောင်းတွေကတော့ အတော်ရှိပါတယ်။ ကျွန်တော်တို့လည်း DV လိုမျိုး ပေးရင်တော့ အမေရိကားမှာ နေချင်ပါတယ်။

တကယ်တော့ အထင်ကြီးတယ် မကြီးဘူးက အဓိက မဟုတ်ပါဘူး။ ကိုယ်နေတဲ့ နေရာမှာ ပျော်ဖို့ပါပဲ။ ကိုယ်ထင်ရင်တော့ ကုတင် ရွှေနန်းပေါ့။ ဒါပေမယ့် အကြောင်းမသိလို့ အထင် သေးတာမျိုးကလည်း သဘာဝပါပဲ။ ကိုယ်မသိသေးတဲ့ နေရာတွေကို Explore လုပ်ကြည့်နိုင်ရင် လေ့လာ ကြည့်နိုင်ရင်တော့လည်း ကောင်းတာပဲ။ အထူးသဖြင့် အသက်ငယ်ရွယ်တဲ့ သူတွေ၊ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့သူတွေ၊ Risk ယူနိုင်တဲ့ သူတွေအတွက်တော့ ဘယ်နိုင်ငံမှာ နေနေ တစ်နိုင်ငံတည်းနဲ့ ပြီးသွားတာမျိုး မဟုတ်ဘဲ တခြား နိုင်ငံတွေကို သွားလာသင့်တယ်။  ဥပမာ အနေနဲ့ ပေးရမယ်ဆို သြစတြေးလျ ဒါမှမဟုတ် အင်္ဂလန်မှာ ကျောင်းတက်။ စင်္ကာပူမှာ ၂ နှစ် ၃နှစ်လောက်လုပ်။ ပြီး ရင် အမေရိကားကူး။ ဘယ်လောက်ကောင်းလိုက်လဲ။ အင်ဒိုတွေနည်း။ ဒါမှမဟုတ် စင်္ကာပူမှာ ကျောင်းတက်၊ ၂ နှစ်လောက် အလုပ်လုပ် ပြီးတော့ သြစတြေးလျမှာ အလုပ်လုပ် ပြီး ၃-၄ နှစ်ကြာရင် အင်္ဂလန်ကို ကူး။ ဒါက ကုလားတွေ နည်း။

နောက်ပြီး သူ့ ဆိုင်ရာ ဆိုင်ရာက နိုင်ငံသားတွေက တခြားနိုင်ငံကို အထင်မကြီး တတ်ကြတာ မှန်ပေမယ့် မြန်မာတွေ အနေနဲ့ကတော့ ရောယောင်ပြီး လိုက်မဖောဖို့ပါပဲ။ ဒီနိုင်ငံ တစ်နိုင်ငံဟာ ကိုယ်နဲ့ ကိုက်မလား မကိုက်လား ကျွန်တော် ဘယ်လို ဆုံးဖြတ်သလဲ ဆိုတော့ ကိုယ်နဲ့ အခြေအနေတူတဲ့ မြန်မာ မိသားစု တစ်စု ဘယ်လို နေထိုင်သလဲ ဆိုတာကိုပဲ ကြည့်ပါတယ်။ ဘာမှ မဆိုင်တဲ့ နိုင်ငံခြားသားတွေကို ကြည့်ဖို့ နေနေသာသာ အခြေအနေမတူတဲ့ မြန်မာ မိသားစုကိုတောင် ကြည့်ြ့ပီး အသားလွတ် အထင်ကြီးခြင်း အထင်သေးခြင်း ဖြစ်ရင် ကောက်ချက်ချ လွဲသွားနိုင်ပါတယ်။ 


(စကားမစပ် အမေရိကားက လူတွေကလည်း ဘလော့လေး ဘာလေး ရေးမယ်ဆိုရင် သူတို့ ဘ၀ အခြေအနေကို တခြားနိုင်ငံက သူတွေ နည်းနည်းပါးပါး လေ့လာလို့ ရတာပေါ့။)

You received this email because you are subscribed to the real_time feed for http://wesheme.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.